Knowledge

၇ ရက်သားသမီး အပတ်စဉ် ဗေဒင်ဟောစာတမ်း (၆.၂.၂၀၂၂ မှ ၁၂.၂.၂၀၂၂ အထိ)

၇ ရက်သားသမီး အပတ်စဉ် ဗေဒင်ဟောစာတမ်း (၆.၂.၂၀၂၂ မှ ၁၂.၂.၂၀၂၂ အထိ)

တနင်္ဂနွေနေ့ဖွား

အလုပ်အကိုင် – အချိန်အတော်ကြာ မျှော်လင့်ထားတဲ့အလုပ်ကိစ္စတွေ ဒီအပတ်မှာ အဆင်ပြေမယ်။ လမ်းသစ် ပွင့်လမယ်။ လုပ်သာကိုင်သာလည်း ရှိလာမယ်။ ရပ်ထားရတဲ့လုပ်ငန်းတွေ အရှိန်နဲ့ ပြန်လည်ပတ်နိုင်လိမ့်မယ်။ ငွေရရာရကြောင်းတွေလည်း ပေါ်ပေါက်လာမယ်။ သူများဆီက ရစရာရော၊ ပေးစရာတွေရော ပြေလည်မှုရမယ်။

ကျန်းမာရေး – ဘေးဥပါဒ် ကင်းမယ့်ကာလ ဖြစ်တယ်။ မကျန်းမမာ ဖြစ်နေရင်လည်း ပြန်သက်သာမယ်။

လူမှုအိမ်ထောင် – ချစ်သူစုံတွဲ၊ အိမ်ထောင်ရှင်တွေကြား မပြေမလည် ဖြစ်နေတဲ့ လိပ်ခဲတည်းလည်း ပြဿနာကို ပြေလည်အောင် ရှင်းလင်းနိုင်မယ်။ မရောက်တာ၊ မသွားတာကြာတဲ့နေရာတွေဆီ သွားလည်ပတ်ဖြစ်လိမ့်မယ်။ မဆုံတာကြာတဲ့မိတ်ဆွေအပေါင်းအသင်းတွေနဲ့လည်း ပြန်ဆုံရတတ်တယ်။ အကူအညီကောင်းတွေ ရလာမယ်။

ကံကောင်းစေတဲ့ အရောင် – အဝါရင့်၊ ရွှေအိုရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း – ၂ ၊ ၁ ၊ ၆

ကံကောင်းစေတဲ့ အရပ် – အရှေ့မြောက် ၊ အနောက်တောင်

ကံကောင်းစေတဲ့ နေ့ရက် – စနေ ၊ ဗုဒ္ဓဟူး

ယတြာ – ဒီအပတ်ထဲမှာ အကြီးအကဲတစ်ဦးကို နားကြပ်၊ စပီကာ မိမိ တတ်နိုင်တာတစ်ခုခု ပေးပါ။

တနင်္လာနေ့ဖွား

အလုပ်အကိုင် – တစ်ပတ်တာ ငွေကြေးစီးပွားကံကောင်းတတ်ပေမယ့် ကိုယ်တိုင်က အပျော်အပါးကိစ္စတွေဆီ အာရုံများနေတတ်လို့ အခွင့်ကောင်းနဲ့ လွဲရတတ်တယ်။ ကံကောင်းချင်ရက်နဲ့ ပေါ့ပေါ့ဆဆ နေမိလို့ အလုပ်ပါ ပျက်ရတတ်တယ်။ စိတ်တွေ များပြီး အဆိုးမြင်တတ်တာကို လျှော့ရမယ်။ ငွေဝင်ကိန်း ရှိမယ့်ကာလ ဖြစ်တယ်။

ကျန်းမာရေး – ရောဂါဝေဒနာ ကင်းစင်မယ့် သီတင်းပတ် ဖြစ်တယ်။ ဗိုက်ရစ်တတ်တာကိုတော့ သတိပြုပါ။

လူမှုအိမ်ထောင် – ချစ်သူလက်တွဲဖော်ကောင်း ရတတ်တဲ့ကာလ ဖြစ်တယ်။ ပျိုရွယ်သူတွေ စန်းပွင့်နေလိမ့်မယ်။ အိမ်ထောင်ရှင်တွေ၊ စုံတွဲတွေအဖို့ မေတ္တာရေးလိုအင်ဆုတောင်းတွေ ပြည့်ဝတတ်တယ်။ ချစ်သူချင်း နားလည်မှု နွေးထွေးမှုတွေ ရလာမယ်။ ဒါပေမယ့် ဘေးလူတော့ သတိထားပါ။ မိတ်ဆွေကဏ္ဍမှာလည်း စိတ်ချမ်းသာရမယ်။

ကံကောင်းစေတဲ့ အရောင် – အနီ ၊ ခရမ်းပြာ

ကံကောင်းစေတဲ့ အရပ် – တောင်၊ အရှေ့မြောက်.

ကံကောင်းစေတဲ့ နေ့ရက် – တနင်္ဂနွေ ၊ ဗုဒ္ဓဟူး

ယတြာ – ကိုယ့်နားဝန်းကျင်က ကိုယ်ဝန်ဆောင်သည် (သို့) မီးဖွားပြီးစကို စားစရာသောက်စရာ ကူညီပေးပါ။

အင်္ဂါနေ့ဖွား

အလုပ်အကိုင် – တစ်ပတ်လုံးမှာ အငြိမ်မနေရဘဲ အသွားအလာတွေ ၊ ခရီးတွေ များလာမယ်။ ခရီးတွေဘာတွေ စီစဉ်ထားရင် အောင်မြင်ပျော်ရွှင်တဲ့ခရီးမျိုး ဖြစ်မယ်။ ငွေကြေးစီးပွား၊ အလုပ်အကိုင်တွေမှာ ကံကောင်းလာမယ်။ အဆက်အသွယ်ကောင်း၊ အကူအညီကောင်းတွေ ရတတ်တယ်။ ရွေးရခက်တဲ့အခွင့်အရေးတွေပါ ပေါ်လာမယ်။

ကျန်းမာရေး – နေရထိုင်ရ မကြည်လင်တတ်တာက လွဲလို့ တစ်ပတ်လုံးမှာ ဘေးကင်းကျန်းမာလိမ့်မယ်။
.
လူမှုအိမ်ထောင် – ပျိုရွယ်သူတွေအဖို့ ချစ်သူရတတ်တယ်။မိတ်ဆွေအသိုင်းအဝိုင်းထဲကနေ ပေါ်ပေါက်လာမယ်။ စုံတွဲနဲ့ အိမ်ထောင်ရှင်တွေအတွက်လည်း ဒီအပတ်မှာ စိတ်ချမ်းသာမှုတွေ ရမယ်။ ပျော်စရာတွေ ဖန်တီးနိုင်မယ်။ လူမှုပေါင်းသင်းဆက်ဆံရေးမှာ လူမျိုးခြား၊ဘာသာခြားဆီက အကူအညီရမယ်။ ဆရာကောင်းတွေနဲ့ ဆုံရမယ်။

ကံကောင်းစေတဲ့ အရောင် – အစိမ်း၊ အဝါရင့်

ကံစမ်းနိုင်တဲ့ ဂဏန်း – ၁ ၊ ၄ ၊ ၈

ကံကောင်းစေတဲ့ အရပ် – အနောက်မြောက် ၊ တောင်

ကံကောင်းစေတဲ့ နေ့ရက် – အင်္ဂါ ၊ သောကြာ

ယတြာ – တစ်ပတ်အတွင်း အိမ်ကဘုရားမှာ သောက်တော်၊ သုံးတော်ရေ မကြာခဏ ကပ်လှူပေးပါ။

ဗုဒ္ဓဟူးနေ့ဖွား

အလုပ်အကိုင် – ဒီအပတ်မှာ ဘယ်အလုပ်မဆို သတိနဲ့ ချဉ်းကပ်လုပ်ကိုင်ရမယ်။ အကြံအစည်ရည်ရွယ်ချက်ကို ကိုယ်တိုင် အကောင်အထည် ဖော်ရမယ်။ အများနဲ့ ပတ်သက်မိ၊ တိုင်ပင်မိရင် လိုရင်းမရောက်ဘဲ ဖြစ်နေမယ်။ အစုအဖွဲ့အသင်းအပင်းကိစ္စတွေ ရှောင်သင့်တယ်။ ရပ်ဝေးမြေခြားကနေ အကျိုးစီးပွားတွေ ဝင်လာတတ်တယ်။

ကျန်းမာရေး – နေထိုင်မကောင်း ဖြစ်နေရင် ပြန်သက်သာမယ်။ ဆေးကောင်း၊ သမားကောင်း ကြုံလိမ့်မယ်။

လူမှုအိမ်ထောင် – ကိုယ်ကျင့်တရားကို အလေးထားရမယ့်ကာလ ဖြစ်တယ်။ ဖောက်လွှဲဖောက်ပြန်လုပ်နေသူဆို ပြဿနာတွေ တက်လိမ့်မယ်။ အချင်းချင်းကြားမှာ အရှုပ်အရှင်းကိစ္စတွေ ပေါ်ပေါက်လာနိုင်တယ်။ သစ္စာတည်မြဲ ရိုးသားတတ်ဖို့ လိုမယ်။ လူမှုဆက်ဆံရေးမှာလည်း ကိုယ့်အပေါ် မကောင်းမြင်၊ မကောင်းကြံသူတွေ ရှိနေမယ်။

ကံကောင်းစေတဲ့ အရောင် – အနီရင့် ၊ အဝါ

ကံစမ်းနိုင်တဲ့ ဂဏန်း – ၄ ၊ ၁

ကံကောင်းစေတဲ့ အရပ် – အရှေ့မြောက်

ကံကောင်းစေတဲ့ နေ့ရက် – ဗုဒ္ဓဟူး

ယတြာ – တစ်ပတ်အတွင်း အားလပ်ရက်မှာ စေတီတစ်ဆူသွားပြီး ဂြိုဟ်ခွင်ထောင့်တိုင်းကို မီးပူဇော်ပေးပါ။

ရာဟုဖွား

အလုပ်အကိုင် – ဒီအပတ်မှာ လုပ်ငန်းဆောင်တာအရပ်ရပ်က တိုးတက်မှု မရှိဘဲ အရှိန်အဟုန် တန့်သွားမယ်။ လုပ်လက်စတွေ တစ်ပိုင်းတစ်နဲ့ ဖြစ်သွားတတ်တယ်။ လုပ်ငန်းခွင်မှာလည်း အများနဲ့ နားလည်မှု မရ ဖြစ်မယ်။ ကိုယ့်ကို အထင်အမြင်မှားတာတွေ ကြုံရမယ်။ ငွေကုန်ကြေးကျ အလွန် များတတ်လို့ အသုံးအစွဲ ဆင်ခြင်ပါ။

ကျန်းမာရေး – နေထိုင်မကောင်း ဖျားနာတတ်တဲ့ကာလ ဖြစ်တယ်။ ကျန်းမာရေး ကျဆင်းမှု ရှိလာနိုင်တယ်။

လူမှုအိမ်ထောင် – ချစ်သူစုံတွဲ၊ အိမ်ထောင်ရှင်တွေကြားမှာ နားလည်မှု လွဲပြီး ကတောက်ကဆတ် အဖြစ်များမယ်။ စိတ်နှလုံး မချမ်းမြေ့စရာတွေချည်းပဲ ဆက်တိုက်ကြုံရတတ်တယ်။ ပြဿနာတွေက ယာယီသာ ဖြစ်လို့ သည်းခံ လျှော့ပေးသင့်တယ်။ မိတ်ဆွေအသိုင်းအဝိုင်းကိစ္စမှာလည်း ကိုယ်နဲ့ဆန့်ကျင်ဘက်လုပ်သူတွေ များနေလိမ့်မယ်။

ကံကောင်းစေတဲ့ အရောင် – စိမ်းပြာ

ကံစမ်းနိုင်တဲ့ ဂဏန်း – ၄ ၊ ၈

ကံကောင်းစေတဲ့ အရပ် – အနောက်မြောက်

ကံကောင်းစေတဲ့ နေ့ရက် – ဗုဒ္ဓဟူးနဲ့ စနေ မွန်းလွဲနောက်ပိုင်း

ယတြာ – တစ်ပတ်အတွင်း စာကလေး ငှက်လွှတ်တာ၊ ကဂဏန်းလွှတ်တာတွေ တတ်နိုင်သလို လုပ်ပေးပါ။

ကြာသပတေးနေ့ဖွား

အလုပ်အကိုင် – တစ်ပတ်တာအတွင်း လုပ်ငန်းကိစ္စ ဆောင်ရွက်ရာမှာ စိတ်အနှောင့်အယှက် ဖြစ်စရာများမယ်။ လုပ်ငန်းခွင်မှာလည်း မနာလိုတာ၊ တိုက်ခိုက်တာတွေ ရှိလာနိုင်တယ်။ လုပ်ရကိုင်ရတာ အနှောင့်အသွားတွေက မလွတ်ဘဲ ဖြစ်နေမယ်။ အကျိုးစီးပွားအတွက်ယှဉ်ပြိုင်နေရမယ်။ ကိုယ်ရောစိတ်ပါအပင်ပန်းခံမှ အလုပ်ဖြစ်မယ်။

ကျန်းမာရေး – မတော်တဆ သွေးထွက်သံယိုတွေ ဖြစ်တတ်တယ်။ စိတ်ဆင်းရဲစရာက ပိုများတတ်တယ်။

လူမှုအိမ်ထောင် – ဒီအပတ် အချစ်ရေး၊ အိမ်ထောင်ရေးမှာ ဘေးက အနှောင့်အယှက်တွေ ပေါ်ပေါက်လာမယ်။ နှစ်ဦးကြားမှာ တတိယလူ ပေါ်လာတတ်လို့ သတိနဲ့ စောင့်ကြည့်ရမယ်။ ချစ်သူတွေကြား ပဋိပက္ခတွေ ဖြစ်မယ်။ လူမှုဆက်ဆံရေးလမ်းကြောင်းမှာလည်း ဘယ်သူ့ကိုမှ ယုံလို့မရဘဲ အတွင်းကြိတ် ဒုက္ခပေးသူတွေ ပေါ်လာမယ်။

ကံကောင်းစေတဲ့ အရောင် – အဝါတောက်တောက် ၊ ခရမ်းဖျော့ရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း – ၆

ကံကောင်းစေတဲ့ အရပ် – အနောက်တောင်

ကံကောင်းစေတဲ့ နေ့ရက် – စနေ

ယတြာ – တစ်ပတ်အတွင်း စိတ်မနှံ့သူ၊ စိတ်ကျန်းမာရေးမကောင်းသူတစ်ဦးကို စားစရာ ပေးကမ်းလှူဒါန်းပါ။

သောကြာနေ့ဖွား

အလုပ်အကိုင် – ဘယ်အလုပ်မျိုးမဆို ရုန်းကန်မှု မကင်းဘဲ ဖြစ်လာမယ်။ သက်တောင့်သက်သာ လုပ်ကိုင်လို့ကို မရတော့ဘဲ အင်အားသုံးရပင်ပန်းရတာတွေ ကြုံမယ်။ ဒါပေမယ့် ကြိုးစားသလောက်လည်း အရာထင်လာမယ်။ လုပ်ငန်းခွင်မှာ နေရာရ လမ်းကြောင်း ပွင့်မယ်။ ငွေကြေးအရလည်း ကျေနပ်မှု ရမယ်။ စိတ်တော့ ညစ်လိမ့်မယ်။

ကျန်းမာရေး – သွားမကောင်းသူတွေ သွားနာသွားကိုက် ဖြစ်မယ်။ ခံတွင်းကျန်းမာရေး ဂရုစိုက်ရမယ်။

လူမှုအိမ်ထောင် – တစ်ပတ်တာ မေတ္တာရေးမှာ အနှောင့်အယှက်တွေ၊ ပြဿနာတွေကို ကျော်ဖြတ်ပြီး အေးချမ်း သာယာမှုတွေ ပြန်ရလာမယ်။ အချင်းချင်း နားလည်မှု ပြန်ရပြီး တွဲလက်တွေ ခိုင်မြဲမယ်။ လူငယ်တွေဆို စန်းပွင့် မျက်နှာပွင့်တာတွေ ဖြစ်လာတတ်တယ်။ လူမှုရေးမှာတော့ ကိုယ့်အပေါ် ဖိအားပေးတာတွေကို ခံရတတ်တယ်။

ကံကောင်းစေတဲ့ အရောင် – ကောင်းကင်ပြာ၊ အစိမ်း

ကံစမ်းနိုင်တဲ့ ဂဏန်း – ၇ ၊ ၀ ၊ ၄

ကံကောင်းစေတဲ့ အရပ် – အနောက်မြောက်၊ အနောက်တောင်

ကံကောင်းစေတဲ့ နေ့ရက် – တနင်္ဂနွေ

ယတြာ – တစ်ပတ်အတွင်း စေတီ (သို့) ဘုန်းကြီးကျောင်းတွေမှာ တံမျက်လှည်း သန့်ရှင်းရေး လုပ်ပေးရမယ်။

စနေနေ့ဖွား

အလုပ်အကိုင် – လုပ်ငန်းစီးပွားကံ အပြောင်းအလဲ ဖြစ်လာမယ်။ ကိုယ့်ဘက်က အတင်းကြီး အပြောင်းအလဲကို လက်သင့်မခံရင် အဆင်မပြေ ဖြစ်လိမ့်မယ်။ အခြေအနေနဲ့အချိန်အခါပေါ် မူတည်ပြီး လိုက်ပါပြောင်းလဲနိုင်ဖို့ကို ကြိုးစားရမယ်။ နေရာဌာနလည်း ရွှေ့ရတတ်တယ်။ လုပ်နေကျ မဟုတ်တာတွေကနေ ဝင်ငွေလမ်းပွင့်လာမယ်။

ကျန်းမာရေး – ဒီအပတ်မှာ ကျန်းမာရေး အားနည်းတတ်တယ်။ မထင်မှတ်ဘဲ ညံ့သွားတတ်တယ်။

လူမှုအိမ်ထောင် – ဒီအပတ် အချစ်ရေး၊ အိမ်ထောင်ရေးမှာ ကံဇာတာ အားအနည်းဆုံး ဖြစ်တယ်။ လူငယ်တွေမှာ မေတ္တာရေးပြဿနာတွေ အနည်းနဲ့အများ ကြုံလာရတတ်တယ်။ အိမ်ထောင်ရှင်၊ စုံတွဲတွေလည်း အငြင်းပွားတာ ဖြေရှင်းရတာတွေ ဖြစ်လာနိုင်တယ်။ လူမှုရေးကဏ္ဍမှာတော့ ဆက်ဆံနေကျဝန်းကျင် ပြောင်းလဲသွားလိမ့်မယ်။

ကံကောင်းစေတဲ့ အရောင် – အနက် ၊ မီးခိုးရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း – ၇ ၊ ၄ ၊ ၁

ကံကောင်းစေတဲ့ အရပ် – အနောက်တောင် ၊ အရှေ့မြောက်

ကံကောင်းစေတဲ့ နေ့ရက် – အင်္ဂါ ၊ စနေ

ယတြာ – ဒီအပတ်မှာ နာရေးအိမ်သွားတာ၊ အသုဘပို့တာတွေကို ရှောင်ပါ။ ဆေးဝါး အလှူလေး လုပ်ပေးပါ။

Credit. မှုရင်းဆရာကိုလေးစားစွာဖြင့်🙏🙏🙏