Uncategorized

“သောတာပန်ဖြစ်မှန်း ကိုယ့်ဘာသာကိုယ်သိနိုင်သလား”

“သောတာပန်ဖြစ်မှန်း ကိုယ့်ဘာသာကိုယ်သိနိုင်သလား”

သောတာပန်ဖြစ်မှန်း တန်ခိုးအဘိညာဉ်ရှိသောပုဂ္ဂိုလ်များ သိနိုင်ပါသည်။ အဘိညာဉ်တန်ခိုးမရှိလျှင် မသိနိုင်ပါ။ ဗဟုသုတရှိဖူးသူများမှာ ထင်ရုံသာ ထင်နိုင်သည်။ ထင်သည့်အတိုင်းဟုတ်မဟုတ်ကို စမ်းသပ်ကြည့်ရပါသေး၏။ ဥပမာမှာ သိကြားမင်းသည် မြတ်စွာဘုရားထံ တရားနာရင်းသောတာပန်ဖြစ်၊ သောတာပန်ဖြစ်ပြီးတစ်ထိုင်တည်းနှင့်ပင် ဆက်လက်တရားနာရင်းစုတိစိတ်ကျပြီးပြီးချင်း မူလအတိုင်းပင် သိကြားမင်းပြန်၍ဖြစ်၊ သိကြားမင်းပြန်၍ဖြစ်သော်လည်း တရားနာ၍ပင် ဖြစ်ရှိ၍နေ၏။ ဤအကြောင်းကို သိကြားမင်းသည် သူ့ဘာသာသူသိ၍ မြတ်စွာဘုရားအားပြန်၍လျှောက်ထား၏။

အဘိညာဉ်တန်ခိုးမရှိသောသူများကားမသိနိုင်ကြ။ မသိနိုင်၍လည်းမြတ်စွာဘုရားလက်ထက်တော်အခါက အချို့သောသောတာပန်ရဟန်းတော်များသည် မိမိကိုယ်ကိုမိမိသောတာပန်ဖြစ်ကြောင်း အဘယ်သို့သောနည်းဖြင့်သိရပါမည်နည်းဘုရားဟု လျှောက်ထားသောအခါ မြတ်စွာဘုရားက သောတာပန်တို့မည်သည် ဘုရား၌ကောင်းစွာသက်၀င်ကြည်ညိုယုံကြည်ခြင်း၊ တရား၌ကောင်းစွာသက်၀င်ကြည်ညိုယုံကြည်ခြင်း၊ သံဃာ၌ကောင်းစွာသက်၀င်ကြည်ညိုယုံကြည်ခြင်း၊ သမာဓိကိုဖြစ်စွမ်းစေနိုင်သော အရိယာကန္တသီလနှင့်ပြည့်စုံခြင်းတို့ဖြင့်ပြည့်စုံလျှင် သောတာပန်ဖြစ်ကြောင်းသိရမည်ဟု မိန့်မြွက်တော်မူ၏။ သုတ္တန်ဒေသနာတော်တွင်ဤသို့လျှောက်ထားသော ၀တ္ထု ၄၊၅၊၆ ခုပါရှိ၏။

မှတ်ချက်။ ။ ဘုရား၌ကောင်းစွာသက်၀င်ကြည်ညိုယုံကြည်ခြင်းဆိုရာ၌ ၀က္ကလိမထေရ်လိုအနားကမခွာနိုင်အောင် ကြည်ညို၍နေတာမျိုးကိုဆိုလိုတာမဟုတ်၊ ဘုရား၏ဂုဏ်ကျေးဇူးတော်တွေကို ကြည်ညိုယုံကြည်ခြင်းကိုသာဆိုလိုသည်။

၄င်းအပြင်မသိဘူးဆိုရာ၌ သောတာပန်အမည်ကို မပြောတတ်ခြင်းကိုသာဆိုလိုသည်။ သောတာပန်မဖြစ်မှီတွေ့တဲ့ဝိပဿနာနှင့် ဖြစ်ပြီးမှရုပ်နာမ်ချုပ်သွားပုံကိုတော့ ကိုယ်တွေ့မို့လို့သိပါ၏။ သိရပေမဲ့ ဝိပဿနာဉာဏ်၊ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ ပစ္စဝေက္ခဏာဉာဏ် သောတာပန် စသည်တို့ကို မပြောပြတတ်ပါ။

ဥပမာ တောက ကလေးတစ်ယောက်ကို ချောကလတ်ကျွေးသောအခါ အရသာကိုကောင်းမှန်းသိပေမဲ့ ချောကလက်ဆိုတဲ့အမည်ကို မပြောတတ်သလိုပါပဲ။ လယ်တီဆရာတော်ဘုရားကြီးကလည်း ကိလေသာ အနုသယကလွန်စွာ နှုးညံ့လှသောကြောင့် သောတာပန်ဖြစ်သောအခါ ဖြစ်မှန်းကိုလူတိုင်းမသိနိုင်ဟု မိန့်ဆိုထားချက်ရှိပါသည်။

၀ိပဿနာပါရဂူကျမ်းတော်ကြီး လေးစောင်တွဲ

Unicode






