Knowledge

ကလေးတွေ တစ်ဘဝလုံး စိတ်ဒဏ်ရာ ရသွားစေနိုင်တဲ့ မိဘများရဲ့ လုပ်ရပ်များ

ကလေးဆိုတဲ့အရွယ်က နုနယ်လွန်းတဲ့ အဖြူရောင်အဝတ်စလိုပါပဲ။ ကလေးအရွယ်တွေကို သေချာပြုစုပျိုးထောင် ရတယ်ဆိုတာကလည်း ဒီအချက်ကြောင့်ပဲ ဖြစ်ပါတယ်။ အစွန်းအထင်းလွယ်တဲ့ ကလေးဘဝမှာစိတ်ဒဏ်ရာရဖို့လည်း ပိုပြီးလွယ်ကူနေပါတယ်။ ကလေးဘဝမှာ ဘယ်လို အခြေအနေတွေက စိတ်ဒဏ်ရာရဖို့ ဖြစ်နိုင်ဆုံးလဲဆိုရင်တော့ အနီးကပ်ရှိနေတဲ့ မိဘတွေဆီကလုပ်ရပ်တွေက ပိုပြီးဖြစ်နိုင်နေပါတယ်။

(၁) ရန်ဖြစ်ခြင်း

မိဘတွေရဲ့ရန်ဖြစ်ခြင်းကို အမြဲလိုလိုမြင်တွေ့ရတဲ့ ကလေးတွေမှာ စိတ်ဒဏ်ရာတွေ ရသွားတတ်ကြပါတယ်။ သူတို့ကို လျစ်လျူရှုမှုနဲ့ အမေနဲ့အဖေက မချစ်ဘူးဆိုတဲ့အသိတွေ ပေါင်းစုံသွားတဲ့အပြင် ဒီလိုမျိုးအော်ဟစ်နေတာ အဆင်မပြေဖြစ်နေတာက သူတို့ရဲ့အိမ်က ပျော်စရာမရှိဘူးဆိုတာကို သဘောပေါက်သွားစေပြီး ကြီးတဲ့အထိ အိမ်ကိုမခင်တွယ်တော့တာတွေပါ ဖြစ်စေနိုင်ပါတယ်။ ရန်ဖြစ်တာကိုပဲ ကြည့်နေခဲ့ရတဲ့ကလေးမှာ ပြဿနာကိုဖြေရှင်းနိုင်စွမ်း မရှိဘဲ ရန်ဖြစ်ဖို့ဦးတည်တတ်တာမျိုးတွေလည်း ဖြစ်နေတတ်ပါတယ်။

(၂) အိမ်တွင်းအကြမ်းဖက်မှု

အိမ်တွင်းအကြမ်းဖက်မှုတွေ ရှိနေတဲ့အိမ်က ကလေးတွေ အတွက် စိတ်ဒဏ်ရာ ကြီးကြီးမားမားရစေတဲ့ အခြေအနေ ပါပဲ။ အဖေကအမေ့ကို လက်ပါသည်ဖြစ်စေ၊ အမေကအဖေ့ကိုလက်ပါသည်ဖြစ်စေ ကလေးကမြင်ရဖန်များ လာတဲ့အခါမှာ အကြောက်စိတ် ကြီးလာတတ်ပါတယ်။ ကိုယ့်ကိုပါမိဘက ရိုက်နှက်တတ်လာရင် တုန့်ပြန်မှုလွန်ကဲတာတွေ ဖြစ်နေတတ်ပါတယ်။

မိဘကိုမချစ်တော့ဘဲ ဆန့်ကျင်တာနဲ့ ကြောက်လွန်းလို့ အရိုက်မခံရအောင်နေရင်း နာကျင်မှုကိုမသိတော့တာမျိုး အကြမ်းဖက်မှုကို မသိတော့တာမျိုးတွေ ဖြစ်သွားတတ်ပါတယ်။

(၃) ခွဲခြားဆက်ဆံမှု

မိဘတွေက သားနဲ့သမီးခွဲခြားတာ၊ အကြီးအငယ် ခွဲခြားဆက်ဆံတာနဲ့ တော်တဲ့သူညံ့တဲ့သူဆိုပြီး ခွဲခြားတာမျိုးလုပ်တာတွေက ကလေးတွေအတွက် ဘဝတစ်လျှောက်လုံး နာကျင်စေတဲ့အရာ ဖြစ်စေနိုင်ပါတယ်။ ခွဲခြားခံရမှုကြောင့် ကိုယ့်ကိုယ်ကိုမကျေနပ်စိတ်များတာ၊ မောင်နှမချင်းချစ်စိတ်တွေ လျော့လာတာတွေ ဖြစ်လာတတ်သလို မိဘအပေါ်ရန်လိုမှုတွေပါ ဖြစ်တတ်ပါသေးတယ်။ ဒီအချက်ကြောင့်ပဲ ပြင်ပမှာခွဲခြားမှုတွေတွေ့ရင် လွန်လွန်ကျူကျူး မကျေနပ်ကြောင်း တုန့်ပြန်တာတွေ ပြုလုပ်တတ်ပါတယ်။

(၄) အကြောက်တရားဖြင့် အုပ်ချုပ်မှု

သားသမီးဆိုတာ မိဘရဲ့စကားအခွန်းတိုင်းကို နာခံနေရမယ် လိုက်နာနေရမယ်ဆိုပြီး အုပ်ချုပ်တာမျိုးကလည်း သားသမီးတွေကို စိတ်ဒဏ်ရာရစေနိုင်ပါတယ်။ နောက်ဆက်တွဲအနေနဲ့အမှားအမှန်နဲ့ တရားတာ မတရားတာကို မခွဲခြားတတ်နိုင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ မိဘရဲ့အသိအမှတ်ပြုဖို့ ကြိုးစားရာကနေ တစ်ခြားဖိနှိပ်သူတွေကိုလည်း အပြစ်မမြင်ပဲ ကျိုးနွံတာမျိုးတွေလည်း

ရှိလာသလို မိဘကိုစွန့်ပစ်ပြီး ထွက်ပြေးချင်စိတ်တွေဖြစ်ရင်း ကိုယ့်ကိုယ်မကောင်းတဲ့သူအဖြစ် မြင်မိတာတွေ၊ စိတ်ကျရောဂါတွေပါ ဖြစ်သွားစေနိုင်ပါသေးတယ်။

(၅) မိဘကို ဆံုးရံႈးရမႈ

ကလေးတွေအတွက် မိဘဆိုတာ အတွယ်တာရဆုံးသူ ဖြစ်ပါတယ်။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ မိဘကိုခင်တွယ်တတ်တဲ့ အရွယ်ဖြစ်ပါတယ်။ ဒီအရွယ်မှာ မိဘဖြစ်သူက မျက်စိရှေ့မှာ ဆုံးပါးသွားတာကို မြင်ရတာမျိုးကတစ်သက်လုံးနာကျင်ရစေနိုင်ပါတယ်။ အရွယ်ရောက်သွားတဲ့အခါမှာ မိဘအပေါ် တာဝန်မကျေနိုင်သလို ခံစားရနိုင်သလို၊ အပြစ်ရှိသလို ခံစားရတာမျိုးတွေအပြင် တစ်ခြားသောပတ်ဝန်းကျင်ရဲ့ မိဘတွေအပေါ် ပြစ်တင်ခြင်းတွေကို

နားထောင်ရမှုကြောင့် နာကျင်မှုပိုဆိုးတတ်ပါ တယ်။ မိဘတွေအနေနဲ့ စိတ်ခံစားချက်တွေကို သေချာထိန်းညှိနိုင်ဖို့လိုအပ်ပြီး ကလေးတွေအပေါ် ထိခိုက်မှုဖြစ်မှာတွေကို ဆင်ခြင်သင့်ပါတယ်နော်။ ခရက်ဒစ်