Knowledge

၂၀၂၁ မှာ အချစ်ရေး၊ အိမ်ထောင်ရေး ထူးခြားမယ့် ရာသီခွင်များ

၂၀၂၁ မှာ အချစ်ရေး၊ အိမ်ထောင်ရေး ထူးခြားမယ့် ရာသီခွင်များ

တူရာသီဖွား (စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ အတွင်း မွေးဖွားသူများ)

ပျော်ပွဲရွှင်ပွဲနဲ့ လူမှုရေးကိစ္စတွေ ပိုများလာနိုင်တဲ့နှစ် ဖြစ်လို့ ပေါင်းသင်းဆက်ဆံရေးနယ်ပယ်သစ်တွေ တိုးလာပြီး ဖူးစာဖက်၊ လက်တွဲဖော်နဲ့ ကြုံဆုံလာတတ်ပါတယ်။ တကယ်လို့များ ကြုံလာခဲ့မယ်ဆိုရင် ဓာတ်သဘာဝချင်းတွေ ကိုက်ညီတဲ့ မေထုန်၊ ကုမ်ရာသီဖွားတွေ၊ ဓာတ်မိတ် ဖြစ်တဲ့ မိဿ၊ သိဟ်၊ ဓနုရာသီဖွားတွေနဲ့ လက်တွဲဖြစ်နိုင်ရင် အကောင်းဆုံးပါပဲ။ လက်ရှိမှာ ချစ်သူ၊ အိမ်ထောင်ဖက် ရှိနေသူတွေဆိုရင်လည်း အဟောင်းကို စွန့်ပြီး အသစ်ကို ရှာတွေ့တတ်ချိန် ဖြစ်လို့ ဘဝမှာ ထင်ရှားတဲ့ နှလုံးသားရေးကံဇာတာ အပြောင်းအလဲတွေ ဖြစ်ပွားတတ်ပါတယ်။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ မှ သြဂုတ် ၂၂ အတွင်း မွေးဖွားသူများ)

လူပျိုလူလွတ်တွေ အချစ်နဲ့ ထိတွေ့ခွင့်ရမယ့်နှစ် ဖြစ်ပါတယ်။ ဘယ်လောက်ပဲ တစ်ကိုယ်တော် နေထိုင်သွားမယ် လို့ ဆုံးဖြတ်ထားပါစေ၊ ဒီနှစ်မှာ ရင်ခုန်ဖက်နဲ့ ဖူးစာဆုံရတတ်ပါတယ်။ ဟိုအရင်နှစ်တွေနဲ့ မတူတဲ့ စိတ်လှုပ်ရှားမှု ရင်ခုန်ခံစားမှုတွေ ဖြစ်တည်လာနိုင်ပါတယ်။ သိပ်ပြီး မူမနေဘဲ အချစ်နွံထဲ ခုန်ဆင်းဖို့သာ ပြင်ထားလိုက်ပါလေ။ သိဟ်ရာသီဖွားတွေအဖို့ မိဿ၊ မေထုန်၊ တူ၊ ဓနုတွေက အလိုက်ဖက်ဆုံး လက်တွဲဖော်တွေ ဖြစ်လာနိုင်ပါတယ်။ လက်ထပ်ဖို့နဲ့ မင်္ဂလာကိစ္စတွေကလည်း ဒီနှစ်ထဲမှာ စိတ်ပါရင် ပါသလို ဖြစ်မြောက် အောင်မြင်သွားနိုင်ပါတယ်။

ကရကဋ်ရာသီဖွား (ဇွန် ၂၁ မှ ဇူလိုင် ၂၂ အတွင်း မွေးဖွားသူများ)

မေတ္တာရေးရာနဲ့ ပတ်သက်လို့ ဒီနှစ်မှာ ထူးခြားနိုင်သူတွေက ကရကဋ်တွေပါပဲ။ ဒီနှစ်မှာ လက်တွဲဖော်၊ ချစ်သူနဲ့ ဆုံဆည်းရတတ်သလို နှစ်ဦးကြားမှာ စိတ်ချင်း တည့်လို့ ပြေလည်လိုက်၊ ညှိမရလို့ စိတ်ညစ်လိုက်နဲ့ ခံစားချက် အတက်အကျမျိုးစုံ ဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် အများအားဖြင့်တော့ နှစ်ဦးသားကြား စိတ်ချမ်းသာစရာကို မျှဝေခံစားနိုင်ပါလိမ့်မယ်။ ဗြိစ္ဆာနဲ့ မိန်ရာသီဖွားတွေက ကရကဋ်တွေနဲ့ အလိုက်ဖက်ဆုံးလို့ သတ်မှတ်ပါတယ်။

ပြိဿရာသီဖွား (ဧပြီ ၂၀ မှ မေ ၂၀ အတွင်း မွေးဖွားသူများ)

ဒီနှစ်မှာ နှလုံးသားရေး လိုအင်ဆန္ဒတင်မကဘဲ ဘဝလက်တွဲဖော်ကိုပါ ရှာတွေ့နိုင်သူတွေကတော့ ပြိဿတွေပဲ ဖြစ်ပါတယ်။ အရင်နှစ်က အဆင်မပြေတာတွေ ရှိခဲ့ရင်တောင် ဒီနှစ်မှာ အချစ်သစ်နဲ့ ဘဝသစ်ကို တည်ဆောက် အစပျိုးခွင့် ရရှိလာပါလိမ့်မယ်။ တကယ့်ကို လေးနက်စစ်မှန်တဲ့ ၊ ရေရှည်ခိုင်မြဲမယ့် မေတ္တာရေးကံဇာတာမျိုးကို ဒီနှစ် စတင်လာနိုင်ပါတယ်။ ကန်၊ မကာရနဲ့ ဗြိစ္ဆာတွေက ပြိဿတွေအဖို့ အကောင်းဆုံး လက်တွဲဖော်တွေပါပဲ။

အထက်ပါ ရာသီဖွားတွေလိုပဲ (အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ အတွင်း) မွေးဖွားတဲ့ ဗြိစ္ဆာရာသီဖွားတွေနဲ့ (မေ ၂၁ မှ ဇွန် ၂၀ အတွင်း) မွေးဖွားတဲ့ မေထုန်ရာသီဖွားတွေကလည်း ၂၀၂၁ ခုနှစ်မှာ အချစ်မေတ္တာရေးရာနဲ့ အိမ်ထောင်ရေး ကံဇာတာတွေ ထူးခြားပြောင်းလဲလာနိုင်တယ်လို့ ဂြိုဟ်အမြင်အယှဉ်တွေက ညွှန်ပြနေပါတယ်။

၂၀၂၁ မှာ ရာသီခွင်အားလုံး မေတ္တာရေးရာ လိုအင်ဆန္ဒတွေ ပြည့်ဝနိုင်ကြပါစေ

ဧက (ဗေဒင်သုတ)