ကမ္ဘာတစ်ဝှမ်းမှာ ပုံမှန်မဟုတ်တဲ့ ထူးဆန်းတဲ့အရာတွေဖြစ်ပျက်နေပါတယ်။
ဒီတစ်ခါမှာတော့ ခြေချောင်း လက်ချောင်းပေါင်း ၃၁ ချောင်းနဲ့ ထူးဆန်းစွာ မွေးဖွားလာတဲ့ အမျိုးသမီးတစ်ယောက်ဟာ အိမ်နီးနားချင်းတွေရဲ့ “စုန်းမ” ဟု ရက်စက်စွာ နာမည်တပ်ခံရပြီးတဲ့နောက် ဘဝတစ်လျှောက်လုံး အိမ်ထဲမှာပဲပုန်းကွယ်နေခဲ့ရပါတယ်။
အိန္ဒိယ နိုင်ငံ အိုဒီရှာမြို့ ဂန်ဂျန်းပြည်နယ် မှ Kumari Nayak အမည်ရှိ ၆၃ နှစ်ရွယ် အမျိုးသမီးဟာ ပုံမှန်မဟုတ်ဘဲ ခြေချောင်းလက်ချောင်း အပိုများနဲ့ မွေးဖွားလာပါတယ်။ ခြေချောင်းပေါင်း ၁၉ ချောင်းနှင့် လက်ချောင်း ၁၂ ချောင်းနဲ့သူမဟာ ကမ္ဘာပေါ်မှာ ခြေချောင်းလက်ချောင်း အများဆုံးရှိတဲ့သူအဖြစ်လည်း ဂင်းနစ်စံချိန်တင်ခဲ့ပါတယ်။
ဒါပေမယ့် Kumari ဟာ မကြာခနဆိုသလို အိမ်အတွင်းမှာပဲနေထိုင်ဖို့ ဆိုးရွားစွာ ဖိအားပေးခြင်းခံရကြောင်း သူမရဲ့အခြေအနေကို ဖွင့်ဟလာပါတယ်။
သူမမှာ ဒီရောဂါအတွက် ဆေးကုသမှုပြုလုပ်ဖို့ ငွေအလုံအလောက်မရှိကြောင်းနဲ့ အိမ်နီးချင်းများဟာ သူမကို “စုန်းမ” လို့ခေါ်ဝေါ် ကြပြီး လူအများရဲ့ ရှောင်ရှားခြင်းကိုလည်း ခံရပါတယ်။ “ကျွန်မ ဒီလိုမျိုး အပြစ်အနာအဆာတွေနဲ့ မွေးလာပြီး ငွေကြေးမပြည့်စုံတဲ့ မိသားစုမှာ ကြီးပြင်းလာတာကြောင့် ဒါကို မကုသနိုင်ခဲ့ပါဘူး။
ဒီလိုအခြေအနေမျိုးနဲ့ နေခဲ့ရတာ အခုဆို ၆၃ နှစ်ရှိလာပါပြီ။ ကျွန်မ အနီးနားက နေထိုင်သူတွေကလည်း ကျွန်မကို စုန်းမ တစ်ယောက်အဖြစ် လွဲမှားစွာ ယုံကြည်ကြပြီး အနားက ခွာကြပါတယ်။
တစ်ခါတစ်လေတော့ သူတို့ ကျွန်မအခြေအနေကို လာကြည့်ကြပါတယ် ဒါပေမယ့် ဘယ်တော့မှ မကူညီကြပါဘူး။ အိမ်နီးချင်းတွေရဲ့ ရက်စက်စွာ ခွဲခြားဆက်ဆံတာကို ခံရတယ် အဲ့ဒါကြောင့် အိမ်အပြင် မထွက်ရဲလောက်အောင် ဖိအားတွေရှိနေပါတယ် ” လို့ Kumari ဟာ ဝမ်းနည်းစွာ ပြောလာပါတယ်
Kumari ရဲ့ အခြေအနေကို နားလည်သဘောပေါက်တဲ့ အိမ်နီးချင်းတစ်ယောက်က ” ဒီရွာမှာရှိတဲ့ တခြားလူအများစုက အခုလို မမှန်ကန်တဲ့ အရာတွေအပေါ် အရမ်းအယူသီးကြတယ်။ ကျွန်မအနေနဲ့ သူမမှာ ဆေးဝါးနဲ့ပတ်သက်ပြီး အခက်အခဲပြဿနာရှိတာသိပါတယ် ပြီးတော့ ဒီအပြစ်အနာအဆာတွေဟာ တခြားသူတွေ သူမကို စုန်းမ အဖြစ် တလွဲယုံကြည်နေတာတွေနဲ့မဆိုင်ပါဘူး။ သူမကိုသူမ ကုသဖို့အတွက်တောင် မတတ်နိုင်တာကို သိရတာ ကျွန်မအရမ်းစိတ်မကောင်းဖြစ်မိပါတယ် ” လို့ ပြောပြပါတယ်။
နိုင်ငံတကာ မှုခင်းမှတ်တမ်းတွေအရ ၂၀၁၆ ခုနှစ် အိန္ဒိယ နိုင်ငံတစ်ဝှမ်းရှိ အလားတူ အမျိုးသမီးအများစု ၁၃၄ ဦးဟာ “စုန်းအတတ်ပညာ” ရှိကြောင်း စွပ်စွဲခံရပြီး သတ်ဖြတ်ခံခဲ့ရပါတယ်။ ယနေ့အထိ တစ်ချို့နေရာများမှာလည်း စွပ်စွဲခံရတဲ့ အမျိုးသမီးတွေဟာ “မကောင်းတဲ့ စုန်းတွေကို သုတ်သင်ခြင်း” ဆိုတဲ့ အကြောင်းပြချက်အောက်မှာ ဥပဒေမဲ့စွာ သတ်ဖြတ်ခံနေခဲ့ရဆဲဖြစ်ပါတယ်။
DW သတင်းတွေအရ အခုလို သတ်ဖြတ်မှုတွေကို တားဆီးရန် ဥပဒေများပြဌာန်းခဲ့သော်လည်း လုံလောက်ပြည့်စုံမှုမရှိကြောင်း လှုပ်ရှားသူတွေက ပြောကြားခဲ့ပါတယ်။ Kumari ရဲ့ အကျပ်အတည်း ဒုက္ခတွေကို ကြားသိခဲ့ရတဲ့ အိန္ဒိယအစိုးရဟာ သူမကို နေအိမ်နဲ့ ထောက်ပံ့ကြေး ပေးကမ်းပြီး အိမ်နီးချင်းတွေကြားမှာလည်း နားလည်သဘောပေါက်မှုရှိစေဖို့ ကြိုးပမ်းပေးခဲ့ပါတယ်။
အုပ်ချုပ်ရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကလည်း ” ကျွန်ုပ်တို့ Kumari ရဲ့ ဘဝအခြေအနေကို နားလည်ပြီး တတ်နိုင်သမျှ အကူအညီအားလုံး ပေးကမ်းခဲ့ပါတယ်။
သူမရဲ့ အိမ်နီးချင်းတွေကိုလည်း သူမဟာ စုန်းမ တစ်ဦး မဟုတ်ကြောင်းနဲ့ ချစ်ခြင်းမေတ္တာနဲ့ဆက်ဆံတတ်အောင်လည်း နားလည်လာအောင် ရှင်းပြပေးနေပါတယ်” လို့ ပြောခဲ့ပါတယ်။
Crd