သူ့တစ်ပါး ချစ်ခြင်းကို ခွဲမယ်ဆိုရင် ရလာမယ့် ကံတရားနှင့်အကျိုးဆက်များ (ကြောက်စရာကောင်းလွန်းပါတယ်)
ကုန်းတိုက်တယ်ဆိုတာ ချစ်ခြင်းကိုခွဲတာပါ။ ကုန်းစကားဆိုတာ အချစ်ခွဲစကားပါ။ ချစ်သူ၊ ခင်သူ ၊မြတ်နိုးသူ အချင်းချင်းအချစ်အခင်ပျက် အမြတ်နိုးပျက်အောင်မလိုတမာ ကြားဝင်ပြီး အပိုရှာစကား ဆင်တာကို ကုန်းတိုက်တယ်ခေါ်ပါတယ်။သူများချစ်ခြင်းကိုခွဲရင် ကိုယ့်ချစ်ခြင်းကွဲမှာပါပဲ။ ဒါဟာသေချာတဲ့ကမ္မနိယာမပါ။ သူများချစ်ခြင်းခွဲခဲ့တဲ့သူတွေ၊ ခွဲနေတဲ့သူတွေဟာ အချစ်ကံခေ တတ်ပါတယ်။
“ချစ်ခြင်းကိုမခွဲပါနဲ့”ဆိုတဲ့ ဝစီသုစရိုက်သိက္ခာပုဒ်(ပိသုဏဝါစာဝိရတိသိက္ခာပုဒ်)ဟာ ချစ်သူရည်းစားချင်း၊ဇနီးခင်ပွန်းချင်ရဲ့ ချစ်ခြင်းကိုသာ မခွဲဖို့ပြောတာမဟုတ်ပါဘူး။မိဘနဲသားသမီး၊ ဆရာနဲ့တပည့်၊ ဆရာနဲ့တကာ၊ညီအစ်ကိုမောင်နှအချင်းချင်း၊ ဆွေမျိုးသွေးသား အချင်းချင်း၊မိတ်ဆွေသူငယ်ချင်းအချင်းချင်းရဲ့ဘယ်ချစ်ခြင်းကိုမဆို မခွဲဖို့ပြောတာပါ။
ဒီဘက်လူအကြောင်း ဟိုဘက်မှာ မကောင်းပြော၊ဟိုဘက်လူအကြောင်း ဒီဘက်မှာ မကောင်းပြောမှကုန်းတိုက်တာ မဟုတ်ဘူး။
တစ်နည်းနည်းနဲ့ဆက်ဆံရေးပျက်ပြားသွားအောင် လုပ်ရင်ချစ်ခြင်းကိုခွဲတာပဲ။ ပါးစပ်နဲ့ ကုန်းတိုက်စကားပြောဆိုမှ ချစ်ခြင်းကိုခွဲရာ ရောက်တာမဟုတ်ပါဘူး။
တစ်ယောက်အပေါ်တစ်ယောက် အထင်အမြင်လွဲသွားစေနိုင်တဲ့ အပြုအမူမျိုး၊ ဖြစ်ရပ်မျိုးကိုဖန်တီးပြုလုပ်ရင်လည်း ချစ်ခြင်းကိုခွဲရာရောက်တယ်။ပိသုဏဝါစာ ဒုစရိုက်အကုသိုလ်ဖြစ်တယ်။
တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်ပေါင်းသင်းနေရာကနေထသတ်အောင်လုပ်လိုက်မှ ကုန်းသတ်တာမဟုတ်ပါဘူး။
ကုန်းတိုက်တဲ့ကိစ္စမှာ ရန်ဖြစ်တာ မဖြစ်တာ၊ပြဿာနာတက်တာ မတက်တာ၊ အဓိကမဟုတ်ဘူး။ရန်ဖြစ်ဖြစ် မဖြစ်ဖြစ်ပြဿာနာတက်တက် မတက်တက်တစ်ယောက်နဲ့တစ်ယောက် မချစ်ခင်တော့ဘူးမပေါင်းသင်းတော့ဘူးဆိုရင် အဲဒီလိုဖြစ်အောင်လုပ်တဲ့သူဟာ ကုန်းတိုက်တဲ့လူပဲ။
တချို့မိဘတွေက ကိုယ့်သားသမီးတွေကိုယ်သဘောမတူတဲ့သူနဲ့ ချစ်သူရည်းစားဖြစ်နေကြပြီ၊လက်ထပ်ဖို့ ရည်ရွယ်ကြပြီဆိုရင် သားသမီးတွေရဲ့ချစ်ခြင်းကို မရ ရတဲ့နည်းနဲ့ ခွဲကြပါတယ်။တကယ့်ကို မသင့်တော်တဲ့သူ၊တကယ့်ကိုအကျိုးပျက်စီးစေမယ့် သူမို့ချစ်ခြင်းကိုခွဲတာဆိုရင်တော့ “မကောင်းမြစ်တာ”ဆိုတဲ့မိဘဝတ္တရားအရ အပြစ်မရှိပေမယ့်ကိုယ့်ရဲ့ အတ္တ၊မာနလွန်ကဲမူ၊ ဂုဏ်ရှိန်မောက်မာမူနဲ့ကိုယ့်ဘက်သူ့ဘက်ရန်ငြိုးဖွဲ့ ကလဲ့စားချေမူတွေကြောင့်သားသမီးတွေရဲ့ချစ်ခြင်းကို ခွဲပစ်တာဆိုရင်တော့မိဘတွေအနေနဲ့ ဂုဏ်တိုက်ခြင်းအမူကိုကျူးလွန်ရာရောက်သွားပါပြီ။
စကားတွေစာတွေနဲ့ ချစ်ခြင်းခွဲလိုက်တဲ့အတွက်သားသမီးတွေရဲ့ဘဝပျက်စီးသွားရပြီဆိုရင်တော့ ဝစီဒုစရိုက် အကုသိုလ်ထုပ်ကြီးကိုမိဘတွေရင်ဝယ်ပိုက်မိသွားပါပြီ။
“ကောင်းစေချင်လို့ပါ”လို့ စကားလှလှတွေနဲ့ကာကွယ်မနေပါနဲ့တော့။
အပိုပါပဲ။မြတ်စွာဘုရားလက်ထက်တုန်းကအရှင်ဓာနလို့ခေါ်တဲ့ ရဟန်းတစ်ပါးရှိခဲ့ဖူးတယ်။သူရဟန်းဖြစ်တဲ့နေကစပြီး သူ့နောက်ပါးမှာအမျိုးသမီးတစ်ယောက် ထပ်ကြပ်မကွာလိုက်ပါနေခဲ့ပါတယ်။
သွားလည်းသူ့နားမှာ၊ရပ်လည်းသူ့အနားမှာ၊ထိုင်လည်းသူ့အနားမှာ၊အိပ်လည်းသူ့အနားမှာ အဲဒီအမျိုးသမီးဟာသူ့အနားက တစ်ဖဝါးမှမကွာ သူနဲ့တပူးတွဲတွဲအမြဲရှိနေခဲ့ပါတယ်။
ဘယ်လောက်ထိ တပူးတွဲတွဲရှိသလဲဆိုရင်အရှင်ဓာန မြို့ထဲဆွမ်းခံကြွရင်တောင်သူ့နောက်ပါးက အရိပ်ပမာ လိုက်ပါနေတဲ့အထိပါပဲ။ဆွမ်းလောင်းတဲ့အမျိုးသမီးတွေက“ဒါက အရှင်ဘုရားအတွက် တစ်ဇွန်း၊ဒါကအရှင်ဘုရား အမျိုးသမီးအတွက်တစ်ဇွန်း” လို့ပြက်ရယ်လှောင်ပြောင်ပြီး ဆွမ်းနှစ်ဇွန်း နှစ်ဇွန်းလောင်းလေ့ရှိပါတယ်။
မြို့ထဲရွာထဲသွားရင်မြို့သူမြို့သားတွေရဲ့ ပြက်ရယ်လှောင်ပြောင်ခံရသလိုကိုယ့်ကျောင်းမှာ ကိုယ်နေရင်လဲ ရဟန်းငယ်၊ကိုရင်ငယ်တွေရဲ့ အရှင်ဓာန မိန်းမကြူး၊မိန်းမကြူး အရှင်ဓါနလို့ လှောင်ပြောင်အမြဲစနောက်ကျပါတယ်။
အရှင်ဓာနရဲ့ နောက်ပါးက တစ်ဖဝါးမှမခွာ လိုက်နေတဲ့အမျိုးသမီးဟာ တစ်ကယ်တော့ လူသားစစ်စစ်အမျိုးသမီး မဟုတ်ပါဘူး။ အတိတ်က မကောင်းမူအကုသိုလ်ကံတစ်ခုကြောင့် အလိုလျောက်ဖြစ်ပေါ်နေတဲ့အမျိုးသမီးရုပ်တစ်ခုမျှသာ ဖြစ်ပါတယ်။
ဝဋ္ဋ်ကြွေးကြောင့်ဖြစ်တဲ့ အမျိူးသမီးအရုပ်ဖြစ်လို့အမျိုးသမီးဝဋ္ဋ်ကြွေးရုပ်လို့ပဲ ဆိုရမှာပါပဲ။သူ့အပါးမှာရှိနေတဲ့ ဝဋ္ဋ်ကြွေးရုပ်ကို အရှင်ဓာနလုံးဝမမြင်တွေ့ရပါဘူး။ တခြားသူတွေကသာ တကယ့်အမျိုးသမီး တစ်ယောက်အနေနဲ့ မြင်တွေ့ကျရတာပါ။
တကယ့်အမျိုးသမီး အစစ်လို့ပဲထင်ပြီး စကြနောက်ကြလှောင်ပြောင်ကြတာမို့ အရှင်ဓာနဟာ မြို့ထဲသွားလဲစိတ်ဆင်းရဲရ ကျောင်းကန်ထဲမှာနေလဲစိတ်ဆင်းရဲရနဲ့ အမြဲတမ်း စိတ်ဆင်းရဲနေရပါတယ်။
တစ်ဖက်သား အထင်အမြင်လွဲမှားစရာအဖြစ်အပျက်တွေနဲ့ လူတကာ၊ ရှင်တကာရဲ့အမုန်းခံဖြစ်ပြီး အမြဲစိတ်ဆင်းရဲနေရတဲ့ဘဝရောက်အောင်တွန်းပို့လိုက်တဲ့ သူ့ရဲ့အတိတ်ကံကတော့သူတစ်ပါးချစ်ခြင်းကို ခွဲခဲ့တဲ့အကုသိုလ်ကံပါပဲ။
ကဿပမြတ်စွာဘုရားလက်ထက်တုန်းကအရှင်ဓာနဟာ ဘုမ္မဇိုဝ်းနတ် ဖြစ်ခဲ့ပါတယ်။ကဿပမြတ်စွာဘုရားရှင်ရဲ့ သာသနာတော်မှာတစ်ပါးနဲ့တစ်ပါး သိပ်ချစ်ကြတဲ့ ရဟန်းနှစ်ပါးဟာသွားအတူ၊ လာအတူ၊ စားအတူ၊ နေအတူ၊တရား အားထုတ်တော့လဲ အတူတူ၊ တစ်ပါးနဲ့တစ်ပါးသိပ်ချစ်ခင်ရင်နှီးကြပါတယ်။
“တစ်ပါးမခွဲတဲ့ နှစ်ပါးအတွဲ”ရယ်လို့တောင်
ထင်ရှားကျော်ကြား သိပ်ချစ်ကြပါတယ်။ တစ်ခုသော ဥပုသ်နေ့မှာ ဥပုသ်ပြုဖို့အတွက်ကဿပမြတ်စွာဘုရားရှင်ရှိရာ အရပ်ကိုအတူသွားကြပါတယ်။ ဘုမ္မဇိုဝ်းနတ်လဲ သူတို့နဲ့မနီးမဝေးကနေလိုက်လာပါတယ်။
“ဒီကိုယ်တော်နှစ်ပါးက သိပ်ချစ်ကြတယ်။သူတို့ရဲ့ ချစ်ခြင်းမေတ္တာက သိပ်ခိုင်မာတယ်။တကယ်လို့များတစ်ယောက်ယောက်ကသူတို့ရဲ့ ချစ်ခြင်းမေတ္တာကိုခွဲခဲ့ရင် ကွဲသွားကြလေမလား။ဘယ်သူသွေးခွဲခွဲ အချစ်မပျက် မေတ္တာဆက်နိုင်ကြပါ့မလား။သူတို့နှစ်ပါးရဲ့ ချစ်ခြင်းမေတ္တာ ဘယ်လောက်ထိအောင်ခိုင်မြဲသလဲဆိုတာ ငါစမ်းသပ်ကြည့်ဦးမှပဲ” လို့တွေးပြီးဘုမ္မဇိုဝ်းနတ်ဟာ ရဟန်းတော်နှစ်ပါး စိတ်ဝမ်းကွဲသွားအောင်လုပ်လို့ရမယ် အခြေအနေ၊ အခွင့်အလမ်းကိုချောင်းမြောင်းရှာကြံပြီး ရဟန်းနှစ်ပါးရဲ့မနီးမဝေးကနေ လိုက်လာခဲ့ပါတယ်။
စမ်းချောင်းတစ်ခုအနားရောက်မှတော့ ရဟန်းတစ်ပါးကတခြားရဟန်းတော်ကို သပိတ်၊သင်္ကန်းအပ်နှံထားပြီးကိုယ်လကသုတ်သင်မူ၊ အညစ်အကြေးစွန့်မူပြုလုပ်ပါတယ်။ ကိစ္စပြီးလို့ လက်ခြေတွေဆေးကြောသန့်စင်ပြီး ချုံပုတ်တစ်ခုရဲ့ အနီးကနေထွက်လာတဲ့အခါမှာတော့ ရဟန်းရဲ့နောက်နားမှာအမျိုးသမီးတစ်ယောက် ကပ်ပါလာပါတယ်။
ချစ်ခြင်းကိုခွဲဖို့အကွက်ချောင်းနေတဲ့ ဘုမ္မဇိုဝ်းနတ်ကအမျိုးသမီးအသွင် ဖန်ဆင်းပြီး နောက်ကနေလိုက်လာတာပါ။အမျိုးသမီးက ဖရိုဖရဲဖြစ်နေတဲ့ ဆံပင်တွေကိုခါခါပြီးပြင်ဆင်ထုံးဖွဲ့လို့၊ တွန်ကြေနေတဲ့ထဘီကိုရမ်းရမ်းပြီးပြင်ဝတ်လို့၊ ရမ္မက်ခိုးမွှန်ပြီး ရွှင်နေတဲ့မျက်နှာပေါ်က ချွေးသီးချွေးပေါက်တွေကိုပွတ်သပ်ချလို့ တကယ့်ကို ကာမဂုဏ်ပျော်ပါးပြီးထလာတဲ့ပုံစံမျိုးနဲ့ပါပဲ။
ဒီမြင်ကွင်းကို မြင်တွေ့လိုက်ရတဲ့ အဖေါ်ရဟန်းဟာအကြီးအကျယ် အထင်လွဲသွားပါတယ်။ ဒီလိုမိုက်ရိုင်းယုတ်မာတဲ့ သူနဲ့ ငါဘယ်တော့မှမပတ်သက်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။ကာယကံရှင်ရဟန်းက ဘယ်လိုပဲ ရှင်းပြရှင်းပြလုံးဝ မယုံကြည်တော့ပါဘူး။
“ရော့ မင်းရဲ့သပိတ်နဲ့သင်္ကန်းမင်းယူ၊ မင်းလိုယုတ်မာတဲ့သူနဲ့ တစ်လမ်းတည်းဘယ်တော့မှ လာပတ်သက်နဲ့လို့” မိတ်ဖြတ်စကားပြောပြီးတခြားလမ်းကနေခွဲထွက်ကြွသွားပါတယ်။ ဥပုယ်သိမ်ရောက်လို့တောင်မှ ရဟန်းယုတ်နဲ့အတူတူဥပုသ်အတူ မပြုနိုင်ဘူးလို့ ငြင်းနေတဲ့အတွက်ဘုမ္မဇိုဝ်းနတ်က အဖြစ်မှန်ကို ဝင်ရှင်းပြတော့မှဥပုသ်ပြုကြတယ်။
ဘုမ္မဇိုဝ်းနတ်က ပြန်ရှင်းပြလို့ အဖြစ်မှန်ကိုသိကြရပေမယ့် သိပ်ချစ်ခဲ့ကြတဲ့ ရဟန်းတော်နှစ်ပါးဟာအရင်ကလို တစ်ယောက်နဲ့တစ်ယောက်အခေါ်အပြော၊ အဆက်အဆံ မရှိကြတော့ပါဘူး။
အရင်လို နေရာတစ်နေရာတည်းမှာလည်းအတူတူမနေကြတော့ပါဘူး။ တစ်ပါးနဲ့တစ်ပါးမမြင်တွေ့အောင် ရှောင်နေကြပါတယ်။တစ်ပါးနဲ့တစ်ပါး သူစိမ်းတွေလို ရှောင်နေကြပါတယ်။သေတပန် သက်တစ်ဆုံး ခပ်စိမ်းစိမ်း နေလိုက်ကြပါတယ်။
ရဟန်းတော်နှစ်ပါးရဲ့ ချစ်ခြင်းမေတ္တာကိုကွဲပြားအောင်လုပ်ခဲ့မိတဲ့ အဲဒီအကုသိုလ်ကံကြောင့်ဘုမ္မဇိုဝ်းနတ်ဟာ ကဿပ မြတ်စွာဘုရားရှင်နဲ့ဂေါတမမြတ်စွာဘုရားရှင်၊ ဘုရားရှင်နှစ်ဆူတို့ရဲ့ကြားကာလတစ်လျှောက်လုံး မရေမတွက်နိုင်တဲ့နှစပေါင်းများစွာ အပါယ်လေးပါးမှာ ကျင်လည်ခဲ့ရပါတယ်။
တစ်ရံတစ်ခါ လူဖြစ်လာပြန်တော့လဲ သူများပြုသမျှအပြစ်တွေဟာ သူ့အပေါ်မှာချည်းပဲ ပုံကျခဲ့ပါတယ်။သူတစ်ပါးရဲ့ အထင်အမြင်လွဲမှားမူ၊ မုန်းတီးမူတွေကိုလဲတနင့်တပိုး ခံစားခဲ့ရပါတယ်။ ချစ်သူခင်သူမရှိတဲ့အပယ်ခံဘဝနဲ့ သံသရာခရီးကို ခြောက်သွေ့ကြေကွဲစွာကျင်လည်ဖြတ်သန်းခဲ့ရပါ တယ်။
နောက်ဆုံး အရှင်ဓာနဘဝ ရောက်ပြန်တော့လဲရဟန်းဖြစ်တာတောင် အေးအေးဆေးဆေး မနေရဘဲ“အမျိုးသမီး ဝဋ္ဋ်ကြွေးရုပ်”ရဲ့ နှောင့်ယှက်နှိပ်စက်မူဒဏ်ကိုအလူးအလဲ ခံစားရပါတယ်။ ဝိပဿနာတရားပွားများအားထုတ်လို့ ရဟန္တာဖြစ်တော့မှပဲအမျိုးသမီး ဝဋ္ဋ်ကြွေးရုပ် အပြီးတိုင် အလိုအလျောက်ကွယ်ပျောက်သွားပါတော့တယ်။
ဒီဘက်လူ အကြောင်း ဟိုဘက်မှာ မကောင်းပြော၊ဟိုဘက်လူအကြောင်း ဒီဘက်မှာမကောင်းပြောမှချစ်ခြင်းကိုခွဲတာ (ကုန်းတိုက်တာ) မဟုတ်ပါဘူး။တစ်နည်းနည်းနဲ့ ဆက်ဆံရေး ပျက်ပြားသွားအောင်လုပ်ရင် ချစ်ခြင်းကို ခွဲတာပဲ။ ကုန်းတိုက်တာပဲဆိုတာ ဒအဖြစ်အပျက်က သက်သေပြနေပါတယ်။
ပါးစပ်နဲ့ ကုန်းတိုက်စကားပြောဆိုမှချစ်ခြင်းကိုခွဲရာ ရောက်တာမဟုတ်ပါဘူး။တစ်ယောက်ပေါ် တစ်ယောက်အထင်အမြင်လွဲမှားသွားစေနိုင်တဲ့ အပြုအမူမျိုး၊ဖြစ်ရပ်မျိုးကိုကိုယ်နဲ့ဖန်တီးပြုလုပ်ရင် လည်း ချစ်ခြင်းကိုခွဲရာရောက်တယ်။
ပိသုဏဝါစာ ဒုစရိုက် အကုသိုလ် ဖြစ်တယ်ဆိုတာကိုဒီအဖြစ်အပျက်ကနေ ကောက်ချက်ချနိုင်ပါတယ်။တစ်ယောက်နဲ့တစယောက် တကယ်မေတ္တာပျက်စေချင်တဲ့ စိတ်နဲ့မဟုတ်တဲ့မေတ္တာခိုင်မြဲမူ ရှိမရှိ စမ်းသပ်ကြည့် ချင်တဲ့စိတ်နဲ့လုပ်လိုက်မိတဲ့အကုသိုလ်ကံတောင်မှ ဒီလောက်အပြစ်ကြီးသေးတယ်ဆိုရင်….
တစ်ယောက်အပေါ်၊ဒါမှမဟုတ် နှစ်ယောက်လုံးအပေါ် ဒါမှမဟုတ်တစ်စုတစ်ဖွဲ့လုံးအပေါ် မနာလိုမုန်းတီးပြီးတကယ်မေတ္တာပျက်စေလိုတဲ့စိတ်၊တကယ်ဆက်ဆံရေး ပျက်စေလိုတဲ့စိတ်နဲ့ တမင်လုပ်တဲ့ ချစ်ခြင်းခွဲ အကုသိုလ်ကံဆိုရင်တော့ဘယ်လောက်တောင် အပြစ်ကြီးမယ်ဆိုတာ မတွေးဝံ့စရာပါပဲ။ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းလောက်အောင်ကြောက်မက်ဖွယ် ဆိုးကျိုးဆင်းရဲတွေကိုခါးသီးခံစားရမှာ သေချာပတယ်။
တစ်ကယ်တော့ တစ်ယောက်နဲ့တစ်ယောက်ချစ်ကြ၊ခင်ကြ၊ကြင်နာကြတယ်ဆိုတာစိတ်ထား တတ်သူတွေအတွက်ဝမ်းမြောက်ဖွယ်မြင်ကွင်းပါ။ကြည်နူးဖွယ်မြင်ကွင်းပါ။ချစ်သူ၊ကြင်နာသူတွေ၊ခင်သူတွေကြောင့်လဲလောကကြီးက လှပနေတာပါ။
မလိုတမာအမုန်းထားပြီး မပိုရှာ ကုန်းစကားတွေနဲ့သူတစ်ပါးရဲ့ချစ်ခြင်းကို ခွဲတဲ့သူဟာ လောကကြီးရဲ့အလှအပကို ဖျက်ဆီးနေတဲ့သူပါပဲ။
လောကကြီးကို အရုပ်ဆိုးအကျည်းတန်အောင် ဆေးမည်းသုတ်နေတဲ့သူပါပဲ။လောကကြီးကိုအလှဖျက်ရင် ကိုယ့်ဘဝ အလှပျက်တတ်ပါ တယ်။လောကကြီးကို အရုပ်ဆိုး အကျည်းတန်အောင် လုပ်ရင်ကိုယ့်ဘဝ အရုပ်ဆိုးအကျည်းတန် တတ်ပါတယ်။
မုဒိတာတရား နှလုံးသားမှာ ခိုင်မြဲအောင် မွေးမြူနိုင်ခြင်း၊မနာလိုမူ မုန်းတီးမူတွေကို သတိပဉာန်နည်းကျဝိပဿနာရှု့ပွား ပယ်သတ်နိုင်ခြင်းတို့ကြောင့်သူတစ်ပါးရဲ့ ချစ်ခြင်းကို မခွဲတော့ဘူးဆိုရင်တော့ကိုယ့်နှလုံးသားလည်း လှပလာကိုယ့်ဘလည်း စိုပြေလာတဲ့အတွက်ငြိမ်းအေးသောဘဝပိုင်ရှင် ဖြစ်ပါပြီ…။
(အရှင်ဆန္ဒာဓိက – ရွှေပါရမီတောရ)(ငြိမ်းအေးသောဘဝပိုင်ရှင်စာအုပ်၏‘ချစ်ခြင်းကိုမခွဲပါနဲ့’ (မာတိကာ) မှကောက်နှုတ်ချက် ဖြစ်ပါသည်။)
“သူတစ်ပါးချစ်ခြင်း ခွဲကံ အပြစ်များ”
ချစ်သူနှစ်ယောက်တို့ ညီညွတ်နေရာတစ်ယောက်အပြစ်ကိုတစ်ယောက် ထံပြောကြားခြင်း၊တစ်ယောက်မေ ကာင်းကြောင်း တစ်ယောက်ထံပြောခြင်း၊ မဟုတ်မမှန်လီဆယ်ပြီးပြောခြင်းဖြင့် တစ်ယောက်နှင့်တစ်ယောက်အချစ်ပြယ်၍ ညီညွတ်မူ ကွဲပြားသွားတတ်ပါတယ်။ကုန်းတိုက်စကား ပြောဆိုခြင်းကို ပိသုဏဝါစာ လို့ခေါ်ပါတယ်။
‘ပိသုဏဝါစာ ဖြစ်ရန် အင်္ဂါ(၅)ပါး’
(၁) ညီညွတ်သူ ချစ်သူနှစ်ရှိခြင်း၊
(၂) ကွဲပြားစေလိုသော စိတ်ရှိခြင်း (သို့မဟုတ်)မိမိကိုချစ်လာစေလိုသော စိတ်ရှိခြင်း၊မိမိကိုဂရုစိုက်လာစေလိုခြင်း၊မိမိကိုပိုအရေးပေးစေလိုခြင်း။
(၃) ကွဲပြားအောင် လုံ့လပြု အားထုတ်ခြင်း၊
(၄) ထိုသို့ ပြောသည်ကို အပြောခံရသူက နားလည်ခြင်း၊(သူ့စကားရဲ့ အဓိပ္ပါယ်ကို နားလည်ခြင်းကို ဆိုလိုပါတယ်)
(၅) ကွဲပြားကြခြင်း – ဆိုတဲ့ အင်္ဂါ ၅ ပါးနှင့်ပြည့်စုံတယ်ဆိုရင်ကုန်းတိုက်စကားပြောဆိုရာရောက်ပါတယ်။ဆိုလိုတာက ကံမြောက်ပါတယ်။အဲဒီလို ပြောဆိုပြီဆိုရင် ခံစားရမည့်အကျိုးဆက်တွေကတော့-
(၁) အဆွေခင်ပွန်း ချစ်ကျွမ်းဝင်သူတို့နှင့် စိတ်ဝမ်းကွဲပြားရခြင်း၊
(၂) သူတပါးလုံ့လကြောင့် သေကျေပျက်စီးရခြင်း၊
(၃) အခြွေအရံမဲ့ရခြင်း၊ တကယ်ရင်းနှီးပေါင်ဖော်ရမည့်သူမရှိခြင်း၊
(၄) သူတော်ကောင်းတရား၌ သက်ဝင်ယုံကြည်မူ သဒါ္ဓတရားမရှိခြင်း၊
(၅) မိတ်ဆွေအပေါင်းအသင်း မတည်မြဲခြင်း၊
(၆) လူအများ အမုန်းခံရခြင်း၊
(၇) စိတ်ဓာတ် ညစ်ညမ်းခြင်း၊
(၈)ကိုယ်ချစ်သောသူနှင့်ဘယ်တော့မှ ဆုံးဆည်းခွင့်မရခြင်း
(၉)စိတ်ချမ်းသာရတယ်လို့မရှိပဲ အမြဲစိတ်ဆင်းရဲနေရခြင်း၊
(၁၀) အပြစ်အားကြီးလွန်းရင်အပါယ်လေးပါးလားရောက်ရပါတယ်။ ။
အချက်ငါးချက်လုံးထဲမှာ တစ်ခုခုမပြည့်စုံလို့ကံမမြောက်ရင် အကုသိုလ်ဝဋ္ဋ်ကြွေးအနေနဲ့ပြန်လည်ပေးဆပ်ရမှာဖြစ်ပါတယ်
ကိုယ်လုပ်လိုက်တဲ့အပြုအမူကို ခံရတဲ့သူကကောင်းရင်ကောင်းနေသလောက်၊ကိုယ့် အချစ်ရေးကံမှာ ဆိုးပါလိမ့်မယ်။ဝဋ္ဋ်ကြွေးကြီးပါလိမ့်မယ်။
ကောင်းရုံတင်မကပဲသီလရှိတဲ့သူသာဖြစ်နေရင် ခံပေတော့..။သူတစ်ပါးချစ်ခြင်းကို ခွဲတဲ့သူဟာအပါယ်လေးပါး လားရောက်ရတဲ့အပြင်ဖြစ်လေရာဘဝတိုင်းမှာ သူတစ်ပါးရဲ့ အကဲ့ရဲ့၊အစွပ်စွဲခံရတတ်ပါတယ်။
သူများလုပ်သမျှအပြစ်တွေဟာ ကိုယ့်အပေါ်မှာပဲ ကျရောက်တဲ့အတွက်သူ့အပြစ်က ကိုယ့်အပြစ် ဖြစ်တတ်ပါတယ်။
ကိုယ်ချစ်တဲ့သူနဲ့ ဘယ်တော့မှ ဆုံဆည်းခွင့်မရတဲ့အတွက်ချစ်သူကွဲဆင်းရဲကို အမြဲခံစားရတတ်ပါတယ်။
လူဆင်းရဲပဲဖြစ်ဖြစ် လူချမ်းသာပဲဖြစ်ဖြစ်ဖြစ်ရာဘဝမှာ ဘယ်တော့မှ စိတ်ချမ်းသာတယ်ရယ်လို့မရှိဘဲ အမြဲစိတ်ဆင်းရဲ နေရတတ်ပါတယ်။ကိုယ်ဘယ်လောက် ကောင်းကောင်းလူတိုင်းက ကိုယ့်ကိုအလကားနေရင်းမုန်းတီးနေတတ်ပါတယ်။ကိုယ်ချစ်တဲ့သူက ကိုယ့်ကိုပြန်မချစ်၊ကိုယ့်ဘက်ကဘယ်လောက်ကောင်းကောင်းကိုယ့်ကိုအကောင်းမထင်၊
ကိုယ်ချစ်တဲ့သူတွေနဲ့အတူတူမနေရ၊ မိဘမေတ္တာဆိုတာ ခံစားခွင့်မကြုံ၊ညီအစ်ကိုမောင်နှမ အချင်းချင်းမတည့်၊ဆွေမျိုးတွေက တစ်ကိုယ်ကောင်းဆန်၊သူငယ်ချင်း အပေါင်းအသင်းတွေက မိတ်ဆွေကောင်းမပီသ၊ဒါတွေအားလုံးက အချစ်ကံခေတာတွေချည်းပါပဲ…။
အချစ်ကံ မခေစေချင်ရင် အချစ်ကံခေစေမယ့်လုပ်ရပ်တွေကနေ ကြိုးစား သတိထားဖယ်ရှားပါ။မှားနေရင် ပြင်ပါ။ အမှားပြင်နိုင်ပြီး အချစ်ကံကောင်းသူများစိတ်ချမ်းသာသောသူများ ဖြစ်ကြပါစေလို့။။။ ။။
Credit