သေဖို့နာရီပိုင်းပဲလိုတော့တဲ့ ခင်ပွန်းကို သေမင်းခံတွင်းဝကနေ မရမက ပြန်လုယူခဲ့တဲ့ ဇနီး
အမျိုးသမီးတစ်ယောက်ဟာ သေဖို့ နာရီပိုင်းသာလိုတော့တဲ့ ခင်ပွန်းကို မရမက အသက်ပြန်ကယ်ရင်း၊ လက်ကျန်ဘဝသက်တမ်းကို သူမရဲ့ဘေးနားမှာ ဆက်ပြီးရှိနေစေခဲ့ပါတယ်။ အသက်(၅၀)အရွယ် စီးပွားရေးလုပ်ငန်း မန်နေဂျာတစ်ဦးဖြစ်တဲ့ Stephen Kelsey အမည်ရ အမျိုးသားဟာ အချိန်မီသာ ကျောက်ကပ်မလဲနိုင်ရင် နောက်ထပ် (၃)နာရီလောက်ဆို သေဖို့ သေချာနေပါပြီ။
သူဟာ ANCA vasculitis လို့ခေါ်တဲ့ ကျောက်ကပ်သုံးမရအောင် ပျက်စီးတဲ့ရောဂါကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒီရောဂါကို (၂၀၁၈)ခုနှစ် အောက်တိုဘာမှာ Stephen တစ်ယောက် ခံစားခဲ့ရတာပါ။ Stephen နဲ့အတူ ကျောက်ကပ်အလှူရှင်ကို စောင့်ဆိုင်းနေတဲ့သူတွေကတော့ လူပေါင်း (၄၀)ရှိပါတယ်။
ကိုယ်ခန္ဓာ စွန့်လွှတ်လှူဒါန်းသူတစ်ဦးဦး အသက်ဆုံးရှုံးတဲ့အခါ တုံကင်နံပတ်အရ၊ နောက်ပြီး လှူဒါန်းသူနဲ့ တကယ့် Match ဖြစ်မဖြစ် ကြည့်ပြီးမှ အစားထိုးလဲလှယ်ဖို့ ဆုံးဖြတ်ခံရတာဖြစ်ပါတယ်။ ဒါကြောင့် Stephen အနေနဲ့ ကျောက်ကပ်အလှူရှင်ပေါ်ပေါက်ဖို့ အနည်းဆုံး (၅)နှစ်လောက်စောင့်ဆိုင်းမှ ကံထူးရှင်ဖြစ်နိုင်တာမျိုးပါ။
ဒီလိုနဲ့ ကျောက်ကပ်ဆိုးရွားစွာ ပျက်စီးသွားတဲ့ Stephen အတွက် ကူသူကယ်သူ မဲ့နေခဲ့ပြီး သေရမယ့်အချိန်ကို မိနစ်တွေ ထိုင်ရေရင်း စောင့်နေရပါတယ်။ Stephen ရဲ့ချစ်ဇနီး အသက်(၄၅)နှစ်အရွယ် Tracy ကလည်း ကျောက်ကပ်လှူဖို့ စာရင်းပေးသွင်းထားသော်လည်း သက်ဆိုင်ရာက အတည်ပြုဖို့ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရပါတယ်။
တစ်နည်းဆိုရသော် လက်ခံမယ့်လူနဲ့ လှူမယ့်သူဟာ ဆေးဘက်ဆိုင်ရာ တိုက်ဆိုင်စစ်ဆေးချက်တွေအရ သင့်တော်မှန်ကန်နေဖို့ လိုပါတယ်။ ဒါကြောင့်လည်း Tracy ကျောက်ကပ်လှူဒါန်းဖို့အတွက် ကြန့်ကြာခဲ့တာပါ။ နောက်ပြီး သူမရဲ့ခင်ပွန်းနဲ့ Match ဖြစ်လိမ့်မယ်လို့လည်း မထင်ခဲ့ပါဘူးတဲ့။
ကံကောင်းထောက်မစွာပဲ သူမရဲ့ကျောက်ကပ်ကို Stephen ထံ လှူဒါန်းလို့ရကြောင်း ဆေးရုံက ဖုန်းဆက်အကြောင်းကြားခဲ့ပါတယ်။ ဒီထက်ပိုပြီး ကံကောင်းတာက ဇန်နဝါရီ(၈)ရက်၊ Stephen ရဲ့ အသက်(၅၀)ပြည့်မွေးနေ့မှာ အမှတ်ရဖြစ် ကျောက်ကပ်လှူဒါန်းနိုင်ခဲ့တာပါ။ Stephen ကို ကိုးနာရီကြာ ခွဲစိတ်ပြီး ကျောက်ကလပ် လဲလှယ်ပေးခဲ့ရတယ်လို့ The Mirror သတင်းစာက ဖော်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့လ ဖေဖော်ဝါရီ (၂၀)မှာ သူ ဆေးရုံက ဆင်းနိုင်ခဲ့တာပါ။ Stephen က ကျောက်ကပ်လှူခဲ့တဲ့ဇနီးအတွက် “ ကျွန်တော့်မှာ အသက်ရှင်ဖို့ ဒုတိယအခွင့်ရေး ရခဲ့ပါတယ် … ကျွန်တော့်ဇနီးကို အလွန်ကျေးဇူးတင်ပါတယ် … ”လို့ ပြောခဲ့ပါတယ်။ Tracy ကတော့ “ ဒါက သူ့အတွက် ကျွန်မရဲ့
မွေးနေ့လက်ဆောင်ပါ … ဒီလိုလုပ်ရပ်မျိုး သက်ရှိထင်ရှားရှိနေချိန် လုပ်ရလို့ သိပ်ကို အံ့သြမိပါတယ် … တကယ်က နှစ်တော်တော်ကြာကတည်းက လှူဒါန်းဖို့ စာရင်းပေးထားတာပါ … ဒါပေမယ့် ကိုယ်ချစ်တဲ့လူကို ဒီလို ကူညီရမယ်လို့ မထင်ခဲ့ပါဘူုး ”လို့ ပြောခဲ့ပါတယ်။
လင်းသူရိန်