အခုအချိန်မှာ တစ်နှစ်နဲ့ တစ်နှစ် များလာတဲ့ ပလတ်စတစ်အမှိုက်တွေဟာ ကမ္ဘာအတွက် ပြဿနာတစ်ခုအဖြစ် ဖြစ်လာခဲ့ပါတယ်။
နှစ်ပေါင်းများစွာ မပျက်မစီးဘဲ ဒီအတိုင်းထားလိုက်ရင် မြေဆီလွှာကို ပျက်စီးစေရုံတင်မကဘဲ အချိန်ကြာတဲ့အထိ သဘာဝပတ်ဝန်းကျင်ကို ကောင်းကောင်းကြီးဒုက္ခပေးနေမယ့်အရာပါ။
ဒါကြောင့်လည်း တချို့နိုင်ငံတွေမှာ ပလတ်စတစ် အသုံးလျှော့ချဖို့ အပြင်းအထန်ကြိုးစားနေပြီး စျေးဝယ်တဲ့ နေရာမှာလည်း ပလတ်စတစ်အိတ်မပေးတော့တဲ့ စူပါမားကတ်တွေလည်း ပေါ်လာခဲ့ပါတယ်။
အခုတော့ ဒီလို ပလတ်စတစ်စွန့်ပစ်အမှိုက်တွေကို နေရာမှန်ပြန်သုံးလို့ရတဲ့ ကုမ္ပဏီတစ်ခုရှိလာခဲ့ပါပြီ။ အဆိုပါ ကုမ္ပဏီဟာ ပလတ်စတစ်ပုလင်းတွေ နည်းပညာပေါင်းထည့်ပြီး လမ်းခင်းခဲ့တာပါ။ ဒီလို ပလတ်စတစ်ကို သုံးလို့ လမ်းက ခိုင်ပါ့မလားဆိုရင် ပလတ်စတစ်နဲ့ ခင်းတဲ့လမ်းဟာ ကတ္တရာလမ်းထက်ကို ၃ဆတောင် ပိုခိုင်ခံ့ပါတယ်လို့ ဆိုပါတယ်။
ဒီလို ပလတ်စတစ်တွေကို လမ်းခင်းရာမှာ အသုံးပြုဖို့ နည်းလမ်းကို ရှာတွေ့ခဲ့သူကတော့ Toby McCartney ဆိုတဲ့ အင်ဂျင်နီယာတစ်ယောက် ဖြစ်ပါတယ်။
စကော့လူမျိုး Toby McCartney ဟာ ပလတ်စတစ်ပုလင်းတွေနဲ့ လမ်းခင်းဖို့အတွက်ဖြစ်လာရတဲ့ အကြောင်းအရင်းနှစ်ရပ်ရှိပါတယ်။ ပထမတစ်ခုကတေ့ သူ့ရဲ့ သမီးဖြစ်သူပါ။ Toby ရဲ့ သမီးဖြစ်သူဟာ ပင်လယ်သမုဒ္ဒရာအတွင်းမှာ ပလတ်စတစ်စွန့်ပစ်အမှိုက်တွေ ပြည့်နှက်လာတာကို သတိထားမိပြီး သဘာဝပတ်ဝန်းကျင်နဲ့ ဂေဟစနစ်အတွက် အလွန်အမင်းစိတ်ပူနေခဲ့ပါတယ်။ Toby McCartney ဟာ ဖခင်ကောင်းပီသစွာနဲ့ပဲ သမီးဖြစ်သူကို သာယာကြည်လင်တဲ့ ပင်လယ်သမုဒ္ဒရာတစ်ခုကို လက်ဆင့်ကမ်းပေးချင်ခဲ့တာပါ။ ပလတ်စတစ်တွေရဲ့ အန္တရာယ်ကို အဲဒီအချိန်ကတည်းက Toby တစ်ယောက် သတိပြုမိခဲ့တာပါ။
ဒုတိယတစ်ချက်ကတော့ သူ အိန္ဒိယနိုင်ငံကို အလည်ရောက်စဉ်တုန်းက ကြုံခဲ့ရတဲ့ အဖြစ်အပျက်ပါ။ အိန္ဒိယမှာ သူတွေ့ခဲ့တာတစ်ခုကတော့ အိန္ဒိယရဲ့ ပြည်နယ်တချို့မှာ ပလတ်စတစ်တွေကို မီးရှို့ပြီး လမ်းအပေါက်တွေကို ဖာနေတဲ့ မြင်ကွင်းဖြစ်ပါတယ်။ အဲဒီကနေ အကြံဥာဏ်ရပြီး ပလတ်စတစ်တွေနဲ့ လမ်းခင်းမယ့် ကုမ္ပဏီတစ်ခုတည်ထောင်ဖို့ ဖြစ်လာခဲ့ပါတယ်။
ကုမ္ပဏီနာမည်ကိုလည်း သူ့ရဲ့ နာမည် MacRebur လို့ ပေးခဲ့ပါတယ်။ MacRebur ကုမ္ပဏီရဲ့ website မှာ သူတို့ကုမ္ပဏီဖြစ်လာပုံဟာ CEO Toby McCartney ဟာ အိန္ဒိယနိုင်ငံတောင်ဘက်ပိုင်းကို ပရဟိတအဖွဲ့နဲ့ သွားရောက်တုန်းမှာ လမ်းတွေကို ပလတ်စတစ်နဲ့ ပြန်ဖာနေတာကို တွေ့ရှိခဲ့ရကြောင်း၊ သူတို့ရဲ့ အလုပ်ဟာ ပလတ်စတစ်အမှိုက်တွေကို ပြန်အသုံးပြုတဲ့ နည်းလမ်းဖြစ်ပြီး အမှိုက်ကနေ အသုံးဝင်လာတဲ့ အလုပ်တစ်ခုဖြစ်လာတယ်ဆိုတာ တွေ့ရှိခဲ့ရကြောင်း စသဖြင့် ရေးသားထားပါတယ်။
ဒီလို ပလတ်စတစ်တွေကို ပြန်အသုံးပြုပြီး လမ်းခင်းဖို့ ကိစ္စရပ်ကို ဗြိတိန်အစိုးရဆီ တင်ပြခဲ့ပါတယ်။ ဒါပေမယ့် ဗြိတိန်အစိုးရဟာ ပလတ်စတစ်တွေကို မီးရှို့ပြီး လုပ်ဆောင်တာမျိုးကို အားမပေးခဲ့ပါဘူး။ ဒီလိုနဲ့ သူဟာ နောက်ထပ် နည်းလမ်းတစ်ခု ရှာဖွေပါတယ်။ သူငယ်ချင်းနှစ်ယောက်နဲ့ ပေါင်းပြီး ကုမ္ပဏီကို (၂၀၁၆) ခုနှစ်မှာ တည်ထောင်လိုက်ပါတယ်။ ကုမ္ပဏီရဲ့ ရည်ရွယ်ချက်ကတော့ ပလတ်စတစ်အမှိုက်တွေကို ဆောက်လုပ်ရေုးလုပ်ငန်းမှာ ပြန်အသုံးပြုဖို့ပါ။
သူတို့ ကုမ္ပဏီဟာ ပလတ်စတစ်တွေကို အိမ်တွေ၊ စူပါမားကတ်လို နေရာမျိုးတွေက လိုက်လံကောက်ခံခဲ့တာပါ။ ဒါ့အပြင် သူတို့ ဆောက်တဲ့ ပလတ်စတစ်လမ်းတွေက ကတ္တရာနဲ့ခင်းတဲ့လမ်းတွေထက် ပိုကြံ့ခိုင်ပါတယ်။ ရိုးရိုးမြင်တွေ့နေကျ လမ်းတွေထက် ပလတ်စတစ်နဲ့ခင်းတဲ့ လမ်းတွေဟာ ၆၀ရာခိုင်နှုန်းပို ခိုင်တယ်လို့ဆိုပါတယ်။
ကတ္တရာထက် ပိုခိုင်တဲ့ လမ်းတစ်ခုဖြစ်ဖို့အတွက် ရှေ့မှာလည်း စမ်းသပ်မှုအကြိမ်ကြိမ်ပြုလုပ်ပြီးမှ ဖြစ်လာခဲ့တာပါ။
“ကျနော်တို့ဟာ ပိုလီမာမျိုးကွဲပေါင်းများစွာကို ဒီဇိုင်းပုံစံမတူညီတဲ့ စမ်းသပ်မှုပေါင်း အကြိမ်ရေ ငါးရာကနေ ခြောက်ရာအထိ လုပ်ခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ တကယ်အလုပ်ဖြစ်မယ့် ဒီဇိုင်းတစ်ခုကို ရရှိခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ပလတ်စတစ်ဆိုတာ တကယ်ကောင်းတဲ့ ထုတ်ကုန်တစ်ခုပါ။ သူက ရေရှည်လည်း ခံပါတယ်”လို့McCartneyက ပြောပါတယ်။