Knowledge

ရွှေတိဂုံ စေတီတော်မြတ်ကြီးနှင့် အင်္ဂလန်နိုင်ငံမှ လူဝင်စား ဖြစ်ရပ်မှန်

သေခါနီးရောက်နေသည့် သတ္တဝါသည် မိမိပြုထားသော ကောင်းမှုကံ၊ မကောင်းမှုကံ တစ်ခုခုကို ဖြစ်စေ၊ ထိုကံကိုပြုစဉ်က ကြုံတွေ့ခဲ့ရသော အာရုံကိုဖြစ်စေ၊ ဖြစ်ရမည့် နောင်ဘဝက အခြေအနေကိုဖြစ်စေ ထင်မြင်စွဲလမ်းလျက်ရှိနေ၏။ထိုအာရုံကို အလိုမရှိသော်လည်း ထိုအခါမျိုးမှာ ပယ်ဖျောက်၍မရ၊ ထို့ကြောင့် သေခါနီး၌ မိန်းမောတွေဝေနေသော သူတို့တွင် တစ်ချို့မှာ တစ်စုံတစ်ခုကို ပြုလုပ်နေသကဲ့သို့ လည်းကောင်း၊ တစ်ချို့မှာ ဝမ်းသာစရာ ပျော်ရွှင်စရာများ တွေ့နေသကဲ့သို့လည်းကောင်း၊ တစ်ချို့မှာ ကြောက်လန့် စရာ ဘေးရန် များနှင့် တွေ့နေ သကဲ့သို့လည်းကောင်း ထူးထူးခြားခြားဖြစ်နေသည်ကို အနီးအပါးရှိလူများက အထင်ရှားတွေ့ရလေသည်။

တစ်ချို့မှာ မိန်းမောတွေဝေရာက ပြန်လည်သတိရလာသောအခါ “ဘယ်လိုလူက ခေါ်သွားသည် ဘယ်လိုနေရာရောက်သွားသည်” စသဖြင့် လည်း ပြန်လည်၍လည်း ပြောတတ်ကြ၏။ ဤသို့သော အာရုံနိမိတ်တစ်ခုခုကို စွဲလမ်းရင်းပင် နောက်ဆုံးစုတိစိတ်ကလေး ချုပ်ပျက်လျက် သေ သွား၏။ သေ ဆိုသည်မှာလည်း ယခုကြံသိလိုက်သော စိတ်ကလေးတစ်ခု ကုန်ဆုံးသွားခြင်းမျိုးပင်ဖြစ်၏။ ယခုကြံသိနေသော ရှေးရှေး စိတ် များ ကုန်ဆုံးသွားတိုင်း ထိုစိတ်များ၏ အဟုန်ကြောင့် နောက်နောက်စိတ်များ မပြတ်ဆက်စပ်ကာ ဖြစ်နေသကဲ့သို့ စုတိစိတ်ကလေး ပြတ်စဲ သွားသည်နှင့်တပြိုင်နက် သေခါနီးက စွဲလမ်းခဲ့သည့် အာရုံကိုပင် ဆက်လက်ထင်မြင်လျက် ဘဝသစ်ဌာန၌ စိတ်အသစ်စ၍ ဖြစ်ပေါ်လာ၏။ ( ၁၉၇၇ – ဒီဇင်ဘာလထုတ်၊ မဟာစည်ဆရာတော်ဘုရားကြီး၏ဘဝပြဿနာ စာ – ၂၆ )

သေတဲ့အခါ စိတ်စွဲထင်ရာ ဘဝသစ်ဖြစ်ပေါ်ရကြောင်း ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးက ရှင်းလင်းဖော်ပြ ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် မသေခင် နေစဉ်ကတည်းက စွဲစိတ်တွေကို သတိနဲ့ဖြတ်ချနိုင်တဲ့ အကျင့်ကောင်းကလေးတွေ ကျင့်တက်ကြစေဖို့ ဝိပဿနာ ဆရာတော်ကြီးများက အမြဲတမ်းလမ်းညွှန်သတိပေးနေပါတယ် . အနေတတ်ရမယ်၊ အထူးသဖြင့် အသေတတ်ရမယ် လို့ သြဝါဒပေးနေတာဟာ သေခါနီးမှာဖြစ်ပေါ်လာတဲ့ စွဲစိတ်တွေရဲ့ အန ္တရာယ်ကို ကြိုတင်ကာကွယ်စေချင်လို့ ဖြစ်ပါတယ်။ အလောင်းတော်ကြီး များသော် မှ နုစဉ်ဘဝများမှာ အာရုံမှားပြီး တိရစ ္ဆာန်ဘဝများသို့ လားရောက်ရသေးတယ် မဟုတ်ပါလား။ ကျောင်းဆောက်ပြီး လှူတဲ့ ကျောင်းဒကာကြီး ကျောင်းကိုစွဲပြီး သေသွားတဲ့အခါ ကျောင်းစောင့်ပြိတ္တာဖြစ်ရရှာပုံ၊ ဘုရားဒကာကြီးလည်း ဘုရားစေတီကို စွဲပြီး သေသွားတဲ့အခါ ဘုရားစောင့်ပြိတ္တာ ဖြစ်ရရှာပုံတွေကို မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးကလည်း သာဓကဆောင် ဟောကြားခဲ့ဖူး ပါတယ်။

လွန်ခဲ့သောနှစ်ပေါင်းတစ်ရာနီးပါး မြန်မာသက္ကရာဇ် ၁၂၇၈ ခုနှစ်က အမှတ်ထင်ထင်ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ် ဟာလည်း ကုသိုလ်ရှင်ကြီးတစ်ဦးရဲ့ စွဲစိတ်ကြောင့် ကြုံတွေ့ခဲ့ရတဲ့ ဒုက္ခသုက္ခတွေကို ထူးထူးခြားခြား ဖေါ်ပြနေသလိုရှိပါတော့တယ်။ အဲဒီတုန်းက ကုသိုလ် ရှင်ကြီး တစ်ဦးဟာ ရွှေတိဂုံစေတီကြီးရဲ့ စနေထောင့် အနောက်တောင်ယွန်းယွန်းမှာ တန်ဆောင်းကြီး တစ်ဆောင် ဆောက်လုပ် လှူဒါန်း ခဲ့ပါ တယ် ။ တန်ဆောင်းကြီးအတွင်းမှာလည်း အများပြည်သူတို့ ကြည်ညိုဖို့ ရုပ်ပွားတော်ကြီးတစ်ဆူ ပင့်ဆောင်ကိုးကွယ်ခဲ့ပါတယ်။ ကုသိုလ်ရှင်ကြီးဟာ မိမိရဲ့ကုသိုလ်ကောင်းမှုတွေကို အားကိုးပြီးတော့ ကုသိုလ်ရမယ့် အလုပ်တွေကိုသာ ကြိုးစားလုပ်ဆောင်နေခဲ့ပါတယ်။ ဒါကြောင့် သူသေရင် နတ်ပြည်တော့ မလွဲဘူးလို့ အားလုံးက ထောပနာပြုကြလေ့ ရှိသတဲ့။ ဒီလိုနဲ့ တစ်နေ့မှာ ကုသိုလ်ရှင်ကြီး ရှိရာ ရွှေတိဂုံ ဘုရား ရင်ပြင်တော်ဆီ ကာလအတန်ကြာကွဲကွာနေတဲ့ မိတ်ဆွေတွေရောက် လာကြပါတယ် ။ ရောက်မဆိုက်ဆိုသလို မိတ်ဆွေတွေက –

“ဘုရားဒကာ တန်ဆောင်းဒကာကြီးရဲ့သတင်းတွေကတော့ဗျာ၊ ဘိလပ်အထိအောင် မွှေးပါပေတယ်” လို့ ချီးကျူးကြပါတယ်။ `ေဩာ်.. သူတို့က ဘိလပ်ပြန် တွေကိုး။ သူတို့ အင်္ဂလန်သွားနေတာလည်း ကုသိုလ်ရှင်ကြီး အခုမှ သတိရတယ်။ ဘိလပ်ပြန် မိတ်ဆွေများက.. “ ကုသိုလ်ကောင်းမှုတွေ ဒီလောက်လုပ်နေတာ သေရင် နတ်ပြည်တော့ မလွဲဘူးလို့ ပြောနေကြပါလား မိတ်ဆွေကြီးရဲ့.. ဒါနဲ့ နတ်ပြည် ခြောက်ထပ်ဆိုတာ ဘယ်မှာရှိပါလိမ့် မိတ်ဆွေကြီး..” လို့ လှိုက်လှဲဝမ်းသာ မေးကြပါတယ်။ ကုသိုလ်ရှင်ကြီးက မိုးမော့ကြည့်ပြီး “ နတ်ပြည်ဆိုတာ မိုးပေါ်မှာပေ့ါဗျာ” လို့ ပြုံးပြုံးရွှင်ရွှင် ဖြေလိုက်တယ်။ ဘိလပ်ပြန်မိတ်ဆွေကြီးတစ်ယောက်က- “ မိုးပေါ်မှာ နတ်ပြည်ဆိုတာ မသေချာပါဘူးဗျာ .. ဒီမှာကျောင်းဒကာကြီး၊ ဟောဒီ မြေပြင်ပေါ်မှာတင် နတ်ပြည်ဆိုတာ ရှိနေတယ်ဗျ” လို့ ခနိုးခနဲ့ပြောလိုက်ပါတယ်။

ကုသိုလ်ရှင်ကြီး ယောင်နန ဖြစ်သွားစဉ်မှာပဲ အခြားသော ဘိလပ်ပြန်မိတ်ဆွေကြီးနှစ်ဦးက “ ဟုတ်တယ်ဗျ၊ ကျုပ်တို့ရောက်ခဲ့တဲ့ ဘိလပ်ဆိုတဲ့ အင်္ဂလန်ကျွန်းဟာ တကယ့်နတ်ပြည်ပဲ၊ မြေပြင်ပေါ်က နတ်ပြည်ပဲ။ ဘိလပ်သူ ဘိလပ်သားတွေဆိုတာလည်း နတ်သမီး နတ်သားတွေ ကျလို့ဗျာ..ဘိလပ်မှာ ဆင်းရဲတယ်ဆိုတာ ဘာမှန်းမသိအောင် အချိန်ပြည့် ဇိမ်ခံနေကြတယ်၊ ဘုံနန်းဆောင်ကြီးတွေ ယာဉ် ရထားတွေ ပန်းဥယျာဉ်ကြီးတွေဆိုတာလည်း နတ်ပြည်မှာတောင် ရှိမယ်မထင်ပါဘူးဗျာ” စသဖြင့် ဘိလပ်ချီးမွမ်းခန်း ကို အဆန်းတကြယ်ပြော လိုက်ကြတာ ကုသိုလ်ရှင်ကြီးပါးစပ်အဟောင်းသားနဲ့ငေးမောနားထောင်ယူရတယ်။ ဘိလပ်ပြန်မိတ်ဆွေတွေ ပြန်သွားသည့်တိုင် သူ့နားထဲမှာ “ဘိလပ်ဆိုတာ နတ်ပြည်” ဆိုတဲ့ စကားသံကြွားသံတွေ ပဲ့တင်ကျန်နေရစ်ပါတယ်။

ဒီလိုနဲ့ ကုသိုလ်ရှင်ကြီးဟာ ရွှေတိဂုံကုန်းတော်ကနေ ဘိလပ်တစ်ခေါက်လောက် သွားရကောင်းလေမလား.. စဉ်းစားခန်းဝင်မိတဲ့ အထိပဲ တဲ့ ။ သြော်..ငါ့အသက်လည်းကြီးပါပြီ၊ ကိုယ့်အလုပ် ကိုယ်လုပ်တာကောင်းပါတယ်ဆိုပြီး ရွှေတိဂုံဘုရားကြီးပေါ်မှာပဲ ဒါနသီလ အလုပ်တွေ ကြိုးစားလုပ်ကိုင်နေပါသတဲ့။ အရွယ်ရောက်စ သားလူပျိုပေါက်ကို ဘုရားခေါ်လာခဲ့ပြီး လက်ကတုံးတောင်းဝှေးလုပ်ရသေးတယ်။ သားကိုခိုင်းစရာရှိတာခိုင်း၊ သင်စရာရှိတာသင်နဲ့ အလေ့ကောင်း၊ အကျင့်ကောင်း၊ အမွေကောင်း ဆက်ခံလုပ်ကိုင်စေပါတယ်။ ဒီလိုနဲ့ ကုသိုလ်ရှင်ကြီးရဲ့ဘဝဆည်းဆာချိန် ရောက်လာတဲ့အခါ သူ့အာရုံမှာ ဘိလပ်၊ အင်္ဂလန်ဆိုတဲ့ ပုံရိပ်တွေသာ ကပ်ငြိလို့ ပုံပေါ် လာပါတယ်။ အဲဒီမှာပဲ ရုတ်တရက် သေဆုံးလေရာ ( နတ်ပြည်သို့ရောက်ထိုက်ပါလျက် ) အစွဲအငြိနဲ့ အာရုံမှားဝင်ဖျက်လို့ ဘိလပ်မှာ ဝင်စား၊ အင်္ဂလိပ်အမျိုးသား လူမျိုးခြားအဖြစ် တဖန်မွေးဖွား ပြီး လူပြန်ဖြစ်ခဲ့ပါတော့တယ်။ အင်္ဂလိပ်ဘ၀ သူ့နာမည် ‘ဟွန်းစနိုး’ ဟု ခေါ်တွင် သတဲ့။ မြန်မာပြည်သား ကုသိုလ်ရှင်ကြီးဘဝက ပြုခဲ့တဲ့ကုသိုလ်ကောင်းမှုတွေကြောင့် ချမ်းချမ်းသာသာ နေရပါတယ်။

မြန်မာပြည်သားဘဝက စောင့်ထိန်းခဲ့တဲ့ သီလကုသိုလ်၊ ပြုကျင့်ခဲ့တဲ့ဘာဝနာကုသိုလ်တို့ရဲ့ ကျေးဇူးကြောင့် လူငယ်စာသင်သားဘဝမှာ ပညာထူးချွန်သူ ဖြစ်လာခဲ့ပါတယ်။ သူ အထူးစိတ်ဝင်စားတာက ဘာသာရေးနဲ့အတွေးအခေါ်ပညာရပ်တွေ ဖြစ်လာပါတယ်။ ယခုအခါ သူကိုယ်တိုင်ဟာ ဘာသာခြားလူမျိုးခြား ဖြစ်လာရပေမယ့် ဗုဒ္ဓဘာသာအကြောင့်တစေ့တစောင်းမျှ ဖတ်မှတ်လေ့လာရုံမျှနဲ့ သူ့စိတ်ဟာ အကြီးအကျယ် လှုပ်ရှားရတယ်လို့ ဆိုပါတယ်။ ဒီလိုနဲ့သူဟာ ဗုဒ္ဓဝါဒ သုတေသနသမားကြီး ဖြစ်မှန်းမသိဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့ သုတေသနလုပ်ငန်းတွေအတွက် ဗုဒ္ဓဘာသာဝင်တွေနဲ့ တွေ့ဆုံမေးမြန်းစူးစမ်းတာတွေ လုပ်လာရပါတယ်။ အဲဒီမှာ မြန်မာပြည်က အင်္ဂလန်ကို ပညာတော်သင်လာရောက်သူများနဲ့ ဆုံဆည်းမိရာက သူ့ဘဝရဲ့ အလှည့်အပြောင်းကြီး တစ်ခု ဘွားခနဲပေါ်ပေါက် လာရ ပါတော့ တယ်။

မြန်မာမိတ်ဆွေတစ်ဦးက အလွန်ကြည်ညိုဖွယ်ကောင်းတဲ့ ဗုဒ္ဓရုပ်ပွားတော် ဓာတ်ပုံတစ်ပုံရယ် ရွှေတောင်ကြီးပေါက်နေ သကဲ့သို့ အံ့ဖွယ်သပ္ပါယ် လှတဲ့ မြတ်ဘုရားရွှေတိဂုံပုံတော် တစ်ပုံလက်ဆောင်ပေးပါတယ်။ အင်္ဂလိပ်ပညာတတ် ဟွန်းစနိုးဟာ ရွှေတိဂုံဘုရားပုံတော် ကြည့်ပြီး ရင်တွေ တဒိတ်ဒိတ်ခုန်၊ အသားတွေ တဆတ်ဆတ်တုန်လာပါတယ်။ ရွှေတိဂုံဘုရားပုံတော်ကို မမှိတ်မသုံ စိုက်ကြည့်နေစဉ်မှာပဲ ခမ်းနားတဲ့ တန်ဆောင်းကြီး တစ်ခုကို သူမြင်လိုက်ရပါတယ်။ ( တကယ်တော့ သူကြည့်သည့် ရွှေတိဂုံပုံတော်ဓာတ်ပုံတွင် တန်ဆောင်းကို ထည့်သွင်း ရိုက်ကူး ထားခြင်းမဟုတ်သည့်အတွက် တန်ဆောင်း မပါဝင်ပါ )။ ဟွန်းစနိုးဟာ ရွှေတိဂုံဘုရားပုံတော်ကို မျက်စိခွာလို့မရ၊ ကြည့်နေရင်းမှာပဲ တန်ဆောင်းကြီးတစ်ခု ဖျပ်ကနဲ ဖျပ်ကနဲ ပေါ်လာပါတယ်။ ပြီးတော့ တန်ဆောင်းအတွင်း အတင့်အတယ် စမ္ပါယ်နေတဲ့ မြန်မာလူမျိုးဘဝက သူလှူခဲ့တဲ့ ဗုဒ္ဓရုပ်ပွားဆင်းတုတော်ကြီးကိုလည်း ဖူးတွေ့လိုက်ရပြန်ပါတယ်။

မြန်မာပညာတော်သင်မိတ်ဆွေကို အလွန်အမင်းကျေးဇူးတင်ခြင်းဖြင့် နှုတ်ဆက်ပြီး အိမ်ပြန်ရောက်တာနဲ့ သူဟာ ရွှေတိဂုံဘုရားပုံတော်ကို ထုတ်ကြည့်၊ ခွာကြည့် ကပ်ကြည့်ပြီး တစိမ့်စိမ့်ငေးကြည့် ကြည်ညိုလို့သာ နေတော့တယ်။ နောက်ဆုံးတော့ သူဟာ ရွှေတိဂုံဘုရားကြီးကို ကိုယ်တိုင်သွားရောက်ဖူးမြော်ချင် ကြောင်း၊ သူ့မိဘတွေဆီမှာ ခွင့်တောင်းရာမှာတော့ ဗုဒ္ဓဘာသာ သုတေသနလို့ အကြောင်းပြ ခွင့်တောင်းရရှာတယ်။ မိဘတွေကလည်း ပညာရေးကိစ္စဖြစ်လို့ ကြည်ကြည်ဖြူဖြူ ခွင့်ပြုလိုက်ပါတယ်။ ဒါနဲ့သူဟာ ဝါသနာတူရာ အဖော်တစ်ယောက်နဲ့အတူ ရွှေတိဂုံဘုရားကြီးရှိရာ မြန်မာပြည်သို့ ရေကြောင်းခရီးအားဖြင့် သင်္ဘောစီးထွက်ခွာလာခဲ့ပါ တော့တယ်။ သင်္ဘောပေါ်မှာ ဆုံဆည်းမိတဲ့ မြန်မာမိတ်ဆွေများကိုလည်း ဗုဒ္ဓဘာသာအကြောင်း ရွှေတိဂုံဘုရားကြီးအကြောင်း မေးမြန်းစုံစမ်းလို့သာ အချိန်ကုန်ဆုံးရင်း လိုက်ပါလာခဲ့ပါတယ်။

“ကမ ္ဘာမှာ မရှိဘူး” “ အင်္ဂလန်မှာလည်း မရှိဘူး” … သူဟာ ရွှေတိဂုံဘုရားပုံတော်ထုတ်ကြည့်ပြီး အဲဒီလို အာမေဍိတ် အသံနဲ့ ပြော လိုက်တယ်ဆိုရင် မြန်မာမိတ်ဆွေ တွေက သဘောကျနေသလောက် အတူပါလာတဲ့ သူ့မိတ်ဆွေ အင်္ဂလိပ်ကြီးကတော့ ပုခုံးတွန့်လိုက်မိပါရော တဲ့ ။ ဒီလိုနဲ့ သူတို့သင်္ဘော မြန်မာ့ပင်လယ်ပြင် ဆိပ်ကမ်းနားသို့ ကပ်မိတယ်ဆိုရင်ပဲ –

“ဟိုမှာ.. ဘုရား..ဘုရား… ရွှေတိဂုံ…ရွှေတိဂုံ..” မြန်မာမိတ်ဆွေတွေက ညွှန်ပြကြတယ်။ သူ သင်္ဘောပေါ်က လှမ်းကြည့် လိုက်တော့ ရွှေတောင်ကြီးပေါက်နေသည့် ပမာ ရွှေရောင်ဝင်းဝါနေတဲ့ စေတီတော်မြတ်ကြီးကို လှမ်းမြင်လိုက်တာနဲ့ ရင်တလှိုက်လှိုက်ခုန်ပြီး မြန်မာ မိတ်ဆွေတွေလိုပဲ သူ့ရင်ညွှန့်မှာ လက်အုပ်ကလေးချီလျက်သား..။ သူ့ ပါးပြင်ပေါ်မှာတော့ ဘယ်ကဘယ်လို ကျလာမှန်းမသိတဲ့ မျက်ရည် စီးကြောင်း..၊ ဘဝဟောင်းက ပုံရိပ်တွေ တဖျပ်ဖျပ်ရိုက်ခတ်၊ ရုတ်တရတ် ဟိုမှာဘက်က ဘဝနဲ့ သည်ဘ၀ ဆက်စပ်သွားသလို ရင်၌လိုက်ဖို ရှိုက်ငိုခြင်းမရှိပဲ မျက်ရည်တွေက သွင်သွင်စီးကျ..။ အနီးအပါးက မြန်မာမိတ်ဆွေတွေနဲ့ သူ့အဖော် အင်္ဂလိပ်မိတ်ဆွေကတော့ နားမလည်နိုင်သော အံ့သြခြင်းများဖြင့် သူ့ကိုကြည့်လို့..။

သင်္ဘောကမ်းကပ်တာနဲ့ သူဟာ ရွှေတိဂုံဘုရားကြီးဆီ တန်းသွားလိုက်ချင်ပေမယ့် ပါလာတဲ့ အဖေါ်၊ကို ငဲ့ညှာရ၊ ပစ္စည်း ပစ္စယတွေလည်း သယ်ရပြုရ သေးတာကြောင့် ထိုတစ်ညကို အကြာကြီးလို့ သည်းခံလိုက်ရတယ်။ နောက်တစ်နေ့ နံနက် မိုးသောက်ချိန် မှာတော့ သူဟာ အဖေါ်နှစ်ယောက်နဲ့အတူ ရွှေတိဂုံဘုရား ရင်ပြင်တော်ပေါ် ရောက်နေခဲ့ပါပြီ။ အဖေါ်နှစ်ယောက်မှာ တစ်ယောက်က သူ့ သူငယ်ချင်း အင်္ဂလိပ်၊ နောက်တစ်ယောက်က မြန်မာစကားပြန်ပါ။ မြန်မာစကားတွေကို နားလည်သလိုလိုလည်း သူခံစားလိုက်ရပြန်ပါတယ်။ ဒီလောက်စောစောစီးစီး ဝီရိယကြီးလိုက်ပါတဲ့ မြန်မာတွေ.. ဘုရားရင်ပြင်အနှံ့ ကုသိုလ်အလုပ်တွေ ဖြန့်ကျက်နိုင်လွန်းတဲ့ မြန်မာတွေကိုကြည့်ပြီး သူ့အမူအယာဟာ ထူးထူးခြားခြား ရွှင်လန်းလာပါတယ်။

ရွှေတိဂုံဘုရားကြီးကို အားမရနိုင်သော ဖူးမြော်ခြင်းနဲ့ ဖူးမြော်ပြီး… “ ကမ ္ဘာမှာ မရှိဘူး ..ကမ ္ဘာ မှာ မရှိဘူး” လို့ သူ့နှုတ်က မြည်တမ်းနေပါတော့တယ်။ ဒီလိုနဲ့ စနေထောင့်ကို ရောက်လာတဲ့အခါ သူ့အကြည့်တွေ၊ သူ့ခြေလှမ်းတွေ တစ်နေရာတည်းမှာ ရပ်တန့်သွားတယ်။ ခမ်းနားဆန်းပြားတဲ့ တန်ဆောင်းကြီးတစ်ခုဆီရောက်တဲ့အခါပေ့ါ။ တန်ဆောင်းအတွင်းမှာတော့ ဟိုဖက် ရင်ပြင်ပေါ်မှာလောက် လူမများလှ၊ ပုတီးစိပ်သူ သုံးယောက်၊ တရားထိုင်နေသူ လေးယောက် ခန့်သာရှိနေပါတယ်။ သူ တန်ဆောင်းအတွင်း ဝင်မိချိန်မှာတော့ ငါးပေလောက်မြင့်တဲ့ ကြေးဆင်းတုဘုရားရုပ်ပွားတော်ကြီးကို ဖူးတွေ့လိုက်ရတယ်။

ဘုရားရုပ်ပွားတော်ကြီးက ရောင်ခြည်တော်တွေ ပြိုးပြက်လျှံထွက်နေသလို သူမြင်တွေ့ခံစားလိုက်ရတယ်။ ရုပ်ပွားတော်ကြီးရှေ့မှာတော့ ရဟန်းတစ်ပါးနဲ့ လူဒကာတစ်ယောက်၊ ဘုရားကိုယ်တော်မြတ်ကြီးကို ပန်းဆီမီးရေချမ်းတွေနဲ့ ကြည်ညိုပူဇော်နေတာ တွေ့လိုက်ရပြန်တယ်။ ရုပ်ပွားတော်ကြီးရှေ့ တရွေ့ရွေ့နီးကပ်လာစဉ်မှာပဲ သူ့ရင်တွေ တလှပ်လှပ် ဖိုလှိုက်လာတယ်။ သူဟာ အသက်ရှူဖို့တောင် မေ့နေတဲ့အလား ဘုရားရုပ်ပွားတော်ကြီးကို ငေးကြည့် ကြည်ညိုနေမိတယ်။ သူ့ နှုတ်ခမ်းတွေ တဆတ်ဆတ်တုန်လာပြီး ရုတ်တရက်… “ ဘုရား..ဘုရား” လို့ အော်လိုက်မိပါတယ်။

ဘယ်ကဘယ်လို ပေါ်ထွက်လာတဲ့အသံကြီးပါလိမ့်..၊ သူ့ကိုယ်သူတောင် မယုံနိုင်တော့ပါဘူး…။ ဒီအင်္ဂလိပ်လူမျိုးစစ်စစ်ကြီး ပါးစပ်က မြန်မာလို “ဘုရား…ဘုရား”.. လို့ ပီပီသသကြီး အော်လိုက်မိတာ ပုတီးစိပ်နေသူ တစ်ယောက်ပင် မျက်လုံးဖွင့်ကြည့်၊ အို.. အားလုံးရဲ့အကြည့်တွေက သူ့ဆီမှာ၊ သူ ဒူးတုပ်ထိုင်ချလိုက်ပြီး ဘုရားရုပ်ပွားတော်မြတ်ကြီးကို ရှိခိုးနေမိပါပြီ..။

“ ဗုဒ္ဓံ သရဏံ ဂစ ္ဆာမိ .. ဓမ္မံ သရဏံ ဂစ ္ဆာမိ .. သံဃံ သရဏံ ဂစ ္ဆာမိ..” ဘုရားရှေ့မှာ ပန်းဆီမီးပူဇော်နေတဲ့ ရဟန်းတော်ဆီက သရဏဂုံဆောက်တည်သံ ပေါ်ထွက်လာတယ်..။ သူ လိုက်ဆိုနေမိတယ်..၊ ပြီးတော့ နမောတဿ..၊ တကယ့်ကို ပီပီသသကြီး သူလိုက်ဆို ရှိခိုးနေမိတယ်.။ အတူပါလာတဲ့ အင်္ဂလိပ်မိတ်ဆွေ ခြေမကိုင်မိ လက်မကိုင်မိ သူ့ကိုကြောင်ကြည့်နေတယ်။ အားလုံးက သူ့ကို တအံ့တဩ ကြည့်နေကြပါတယ်။ သူဟာ ဘုရားရှိခိုးနေရာက မျက်နှာမော့လာကာ ဘုရားရုပ်ပွားတော်ကြီးကို တစိမ့်စိမ့်ကြည့်ပြီး အင်္ဂလိပ်ဘာသာနဲ့ တစ်စုံတစ်ရာ အော်ဟစ်ပြောဆိုလိုက်တယ်။ မြန်မာစကားပြန်မိတ်ဆွေက ..

“ အိုး..ဂေါ့ဒ်.. ဒီရုပ်ပွာတော်ကြီးဟာ သူလှူခဲ့တဲ့ဘုရားဆိုပါလား” လို့ အော်ကြီးဟစ်ကျယ် တအံ့တဩ ဘာသာပြန်ပေးလိုက်တယ်။ အင်္ဂလိပ်မိတ်ဆွေ အဖေါ်က “သူ ရူးသွားပြီ” လို့ ယူကြုံးမရ ပြောတယ်။ ဟွန်းစနိုးက.. “ နိုး..နိုး.. သူ မရူးဘူး” ဒီဘုရားကို သူ မြန်မာ လူမျိုး ဘဝက လှူခဲ့တာဖြစ်ကြောင်း တပ်အပ်သေချာ အခိုင်အမာ ပြောဆိုတယ်။ သူတို့ ငြင်းခုံသံတွေကြောင့် ပုတီးစိပ်သူ၊ တရားထိုင်သူ တစ်ချို့ ထသွားကြတယ်။ သူတို့ကို သေသေချာချာ အကဲခတ်နေသူတွေကတော့ ဘုရားရှေ့မှာ ရပ်နေတဲ့ ရဟန်းတော်နဲ့ သူ့ဒကာပါပဲ။ သူကိုယ်တိုင်လည်း ရဟန်းတော်နဲ့ လူဒကာကို ငေးစိုက်ကြည့်နေရင်းက လူဒကာကို လက်ညှိုးထိုးပြီး “ You are my son.. You are my son..” လို့ ကြေကွဲဆို့နစ်စွာ အော်ပြောလိုက်ပြန်တယ်။ လူဒကာ ကလည်း သူ့ကို ရီရီဝေေ၀ ငေးကြည့်ရင်း မှင်တက်နေလေတယ်။ သူဟာ.. “ မင်းဟာ ငါ့သား” ဆိုတဲ့စကားနဲ့ အင်္ဂလိပ်လို အော်ပြောပြီး အားမလိုအားမရဖြစ်လျက် လူဒကာရဲ့လက်ကိုဆွဲ၊ ကိုယ်ကိုပွေ့ဖက်ကာ ရှိုက်ကြီးတငင် ငိုချလိုက်ပါတော့တယ်။ ပြီးတော့ အင်္ဂလိပ်လို ဆက်ပြောနေပါတယ်။ မြန်မာစကားပြန်ကတော့ ကြိုးစားပြီး ဘာသာပြန်ပေးနေပါတယ်။

“ပြီးခဲ့တဲ့ဘဝက သူဟာ မြန်မာလူမျိုး ဘုရားတရားအလွန်ကြည်ညိုတဲ့ ကုသိုလ်ရှင်ကြီးတစ်ဦးဖြစ်ခဲ့တယ်၊ ဘုရားကြည်ညိုလွန်းလို့ သည်ရွှေတိဂုံဘုရားကြီးပေါ်မှာပဲ အနေများခဲ့တယ်၊ သူဟာ ဘုရားဝေယျာဝစ္စတွေကိုလည်း လုပ်တယ်၊ လှူလည်းလှူတယ်၊ သူ့အလှူတွေ အများကြီးထဲက ဟောဒီ တန်ဆောင်းကြီးနဲ့ ဟောဒီ ရုပ်ပွားဆင်းတု ဘုရားကြီးဟာ အထင်ကရဖြစ်ပါတယ် ..” တဲ့… ဘာသာပြန်လို့ မဆုံးသေးခင်မှာပဲ အဖေါ်ပါလာတဲ့ သူ့အင်္ဂလိပ်မိတ်ဆွေက…
“မယုံဘူး..မယုံဘူး.. မဟုတ်ဘူး…အရင်ဘဝတွေ နောက်ဘဝတွေဆိုတာ မရှိဘူး.. ဘာမှ အဓိပ္ပါယ်မရှိဘူး..” လို့ အပြင်းအထန် ငြင်းဆို ပြီး… “သူ ရူးသွားပြီး.. ဆရာဝန်နဲ့ ဆေးစစ်ရမယ်.. အင်္ဂလန်ကို ပြန်ခေါ်သွားရမယ်..” လို့ လေသံမာမာနဲ့ ပြောပါတော့တယ်။

မြန်မာစကားပြန် မိတ်ဆွေက… “ သည်းခံပါ လူကြီးမင်း ခင်ဗျာ.. ကျွန်တော်တို့ ဗုဒ္ဓဘာသာမှာ တစ်ဘဝပြီး တစ်ဘ၀ ကျင်လည်ရတဲ့ သံသရာဆိုတာရှိပါတယ်၊ ပြီးတော့ လူ့ဘဝကနေ သေလွန်ပြီး တဖန် လူပြန်ဖြစ်တဲ့ လူဝင်စားဆိုတာလည်း ရှိပါတယ်၊ အတိတ်ဘဝတွေကို ပြန်မှတ်မိတဲ့ ဇာတိဿရဉာဏ် ဆိုတာရှိပါတယ်။ မိတ်ဆွေရဲ့ သူငယ်ချင်း မစ္စတာ ဟွန်းစနိုးဟာ ပြီးခဲ့တဲ့ ဘဝဟောင်းက အကြောင်းအရာတွေ ကို ပြန်မှတ်မိသွားပြီး ဒီလိုဖြစ်သွားတာဖြစ်တယ်လို့ ကျွန်တော်ယူဆမိတယ်..” လို့ ကြားဝင် ရှင်းပြလိုက်ပါတယ်။ ဒီမှာပဲ အင်္ဂလိပ်လူဝင်စား မစ္စတာဟွန်းက “ ဟုတ်တယ်..ဟုတ်တယ်” နဲ့ ကသုတ်ကယက် ဝန်ခံပြောဆိုပြီး သူ့ကိုငေးကြည့်နေတဲ့ လူဒကာကို အတင်း လက်ဆွဲ ပွေ့ဖက် ပြီး ဟီးခနဲ ငိုချ လိုက်ပြန်တယ်။

“ဒါ..ငါ့သား..သူဟာ ငါ့သား” လို့ အော်ပြောလိုက်တာနဲ့ အားလုံးထိတ်လန့် တုန်လှုပ်ကုန်တယ်.။ အင်မတန် ဣန္ဒြေကောင်းလှတဲ့ ရဟန်းတော်လည်း ဟာခနဲ ဖြစ်သွားတယ်။
“အဓိပ္ပါယ်မရှိဘူး.. မင်းက လူပျိုပဲ..မင်းရူးနေပြီ” လို့ အဖေါ်မိတ်ဆွေအင်္ဂလိပ်က ငေါက်ငေါက်ငမ်းငမ်း ပြောဆိုလိုက်ပြန်တယ်။ အခြေအနေက တော်တော်ရှုပ်ထွေး သွားပါတယ်။ မစ္စတာဟွန်းစနိုးက ..

“ဒါ ငါ့သား၊ ပြီးခဲ့တဲ့ဘ၀ ငါရဲ့မြန်မာလူမျိုးဘဝက ကျန်ရစ်ခဲ့တဲ့ တစ်ဦးတည်းသောသား၊ ကြည့်စမ်း ..သူ လူကြီးဖြစ်နေပြီ” လို့ ရှင်းပြရင်း၊ မြန်မာဒကာ ( သူ့သား ဆိုသူ) ဘက်လှည့်ကြည့်ကာ “မင်းအမေရှိသေးလား.. သေပြီထင်ပါတယ်” လို့ မေးလိုက်ပြန်တယ်။ မြန်မာဒကာ ခမျာ ရုတ်တရက်ပြန်မဖြေနိုင်ဘူး ..ဟွန်းစနိုးကိုကြည့်ပြီး မချိတင်ကဲ မျက်ရည်တွေဝဲနေတယ်။ အဖေါ်အင်္ဂလိပ်ကတော့ “အဓိပ္ပါယ်မရှိဘူး..လုံးဝအဓိပ္ပါယ်မရှိဘူး.. မယုံဘူး” လို့ပဲ အပ်ကြောင်းထပ်အောင် အော်ဟစ်ရင်းနဲ့ပြောတယ်.. “သူငယ်ချင်း.. ဒီအရူး အမှုကြီး အဆုံးသတ်ပါတော့..၊ ငါတို့ပြန်ကြပါစို့” လို့ လေသံမှန်နဲ့ပြောရင်းနဲ့ ဟွန်းစနိုးကို ဆွဲခေါ်တယ်၊ ဟွန်းစနိုးက ရုတ်တရက် ရုန်းလိုက်ပြီး.. “ငါတောင်းပန်ပါတယ်..၊ ငါရှင်းပြပါရစေ..၊ မင်း မယုံရင် ငါလက်တွေ့ပြမယ်၊ သက်သေခိုင်လုံရင် ငါပြောတာတွေ မင်း လက်ခံရလိမ့်မယ်” လို့ ကတိတောင်းတယ်.။ သူငယ်ချင်း အင်္ဂလိပ်က သူ့ရဲ့စိန်ခေါ်မှုကို သဘောတူလိုက်ပြီး “ကောင်းပြီ.. မင်း ဘယ်လိုသက်သေပြမှာလဲ” လို့ မေးတယ်။

မစ္စတာဟွန်းဟာ ဘုရားရုပ်ပွာတော်ကြီးကို ရှိခိုးဦးချတယ်.။ ပြီးတော့ ရဟန်းတော်ကို တစ်လှည့်ရှိခိုးတယ်။ ရဟန်းတော်နဲ့အတူတွေ့ရ တဲ့ လူဒကာ ( ဘဝဟောင်းက သားဖြစ်သူ ) ကို မျက်ရည်စမ်းစမ်းနဲ့ကြည့်ရင်း.. “ ကျေးဇူးပြုပြီး အင်္ကျီချွတ်လိုက်ပါ.. မင်းရဲ့ ညာဘက် လက်မောင်းထိပ်မှာ ဒေါင်းပုံနဲ့ နေတံဆိပ်၊ မင်းရဲ့ဘယ်ဘက် လက်မောင်းထိပ်မှာ ယုန်ပုံနဲ့လတံဆိပ်တွေ ဆေးမင်ကြောင်ရေးထိုးထားတာ ရှိတယ်..၊ ဗုဒ္ဓသာသနာတော်ကြီး နေလိုလလို ထွန်းလင်းအောင် စွမ်းဆောင်စေချင်တဲ့ သားကောင်း ရတနာဖြစ်စေချင်လို့ အရင်ဘဝက ငါကိုယ်တိုင် ရေးထိုးခိုင်းခဲ့တယ်..၊ ပြီးတော့ မင်းရဲ့ ရင်ညွှန့်မှာ မှဲ့အနီကလေး သုံးလုံးတြိဂံပုံ ပါရှိတယ်..” လို့ ပိုင်ပိုင်နိုင်နိုင် ပြောချလိုက်ပါတယ်။

မစ္စတာဟွန်းစနိုး ခိုင်းစေတဲ့အတိုင်း မြန်မာဒကာဟာ အင်္ကျီချွတ်လိုက်တယ်ဆိုရင်ပဲ သူပြောတဲ့ အမှတ်အသားတွေ တစ်ခုမလွဲ ပေါ်လာတာကို အားလုံးတွေ့လိုက် ကြရပါတော့တယ်။ သံသယနဲ့ ဘာသာရေးအစွဲကြီးလှတဲ့ မိတ်ဆွေအင်္ဂလိပ်တစ်ယောက် “ အိုး မိုင်ဂေါ့ဒ်.. အိုး..မိုင်ဂေါ့ဒ်” နဲ့… အဖန်ဖန်ရေရွတ်ရင်းနဲ့ ..ဟွန်းစနိုးလက်မောင်းကို ကိုင်လှုပ်ကာ “ဘယ်လိုထူးဆန်းမှုတွေလဲ.. မင်း ဘယ်လိုသိ တာလဲ..မင်းဘယ်လိုလုပ် ပြောင်းသွားတာလဲ” လို့ ဒလစပ်မေးခွန်းတွေထုတ်တော့တယ်။ ရဟန်းတော်အပါအဝင် အားလုံးဟာ ပါးစပ် အဟောင်းသား ၊ မျက်လုံးအဝိုင်းသားနဲ့ ဟွန်းစနိုးကိုပဲ စိုက်ကြည့်နေကြတယ်။ ဘဝဟောင်းက သားဖြစ်တယ်လို့ အပြောခံရတဲ့ မြန်မာဒကာမှာတော့ ဘဝဟောင်းက သူ့အဖေဖြစ်ခဲ့တဲ့ အင်္ဂလိပ်လူမျိုး မစ္စတာဟွန်းစနိုးကို ကြည့်ပြီး မျက်ရည်များ စီးကျစပြုနေပါပြီ။ ဟွန်းစနိုးက ဆက်ပြီးပြောပါတယ်။

“အရေးကြီးတဲ့ သက်သေတစ်ခုကျန်သေးတယ်.ဟောဒီဘုရားရုပ်ပွားတော်ကြီးရဲ့ပလ္လင်အောက်ခြေမှာ ကျုပ်ကိုယ်တိုင် ဌာပနာခဲ့တဲ့ ပစ္စည်းလေးနှစ်ခုရှိပါတယ်။ အဲဒီပစ္စည်းနှစ်ခုကတော့ အလေးချိန် တစ်ဆယ်ကျပ်သားစီရှိတဲ့ ရွှေဒင်္ဂါးနဲ့ငွေဒင်္ဂါးနှစ်ပြားပါ ။ ရွှေဒင်္ဂါးပေါ် မှာ ဒေါင်းရုပ်နေတံဆိပ် နဲ့ ငွေဒင်္ဂါးပေါ်မှာ ယုန်ရုပ်လတံဆိပ်တို့ ခတ်နှိပ် ထားပါတယ်၊ ငါတို့မိသားစု ( ကုသိုလ်ရှင်မိသားစု) ရဲ့နာမည်တွေကို ဒင်္ဂါးပြားရဲ့ဟိုဖက်မျက်နှာမှာ ရေးထားပါတယ်၊ ဒီသက်သေပြချက်အပေါ်မှာ မင်း အကြွင်းမရှိ ယုံကြည်မယ်လို ထင်ပါတယ်” ဟု သူ့မိတ်ဆွေ အင်္ဂလိပ်ကို ဦးတည်ပြောရင်း ရှင်းပြနေပါတယ်။

တစ်ချိန်လုံး ငြိမ်သက်နေတဲ့ ရဟန်းတော်က… “ ဒီကိစ္စကတော့ ဂေါပကအဖွဲ့ကို အကျိုးအကြောင်းပြောပြပြီး ပလ္လင်ကို ဖွင့်ကြည့် ရမယ်၊ ဒီကိစ္စ ဦးဇင်းပဲ တာဝန်ယူ ပါတယ်၊ ကဲ ဒီမှာ ခဏနေရစ်ကြ.”လို့ အမိန့်ရှိပြီး တန်ဆောင်းထဲက ထွက်သွားပါတယ်။ ဟွန်းစနိုးရဲ့ သူငယ်ချင်းမိတ်ဆွေ အင်္ဂလိပ်ကတော့ အခုမှ အသက်ဝင်လာသည့် အလား ဓာတ်ပုံတွေ တဖျပ်ဖျပ် ရိုက်ပါတော့တယ်။ သူ့ သူငယ်ချင်း ဟွန်းစနိုး၊ မြန်မာဒကာ၊ ဘုရားရုပ်ပွားတော်ကြီး၊ တန်ဆောင်းကြီးနဲ့ ရွှေတိဂုံဘုရားကြီး စတဲ့ မျက်စိတဲ့တွေ့သမျှ မြင်ကွင်းတွေကို အငမ်းမရ ရိုက်ယူ မှတ်တမ်းတင်ပါတော့တယ်။ ဒီတစ်ခါ သူ့နှုတ်ဖျားမှာ “ အံ့ဖွယ်ပဲ..တကယ့် အံ့ဖွယ်ပါပဲ” ဆိုတဲ့စကားတွေပဲ ရေရွတ်နေပါတော့တယ်။

ဟွန်းစနိုးက.. “ငါ အင်္ဂလန် မပြန်တော့ဘူး.. ငါ မြန်မာပြည်မှာပဲ နေတော့မယ် ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်ပါ၊ ငါ့ကို ခွင့်လွှတ်ပါ သူငယ်ချင်း” လို့ ဆွေးဆွေး မြေ့မြေ့ ပြောလိုက်တယ်။ သူ့ သူငယ်ချင်းက.. “ ငါ နားလည်ပါပြီ.. ဒါပေမယ့် စဉ်းစားပါဦး” လို့ တောင်းပန် ပါတယ် ။ အဲဒီအချိန်မှာပဲ ရဟန်းတော်ဟာ အခြားးသော ရဟန်းတော် သုံးပါး၊ ဂေါပကလူဒကာများနဲ့အတူ ပြန်ရောက်လာတယ်။ ဟွန်းစနိုးညွှန်ပြတဲ့ ပလ္လင်အောက်ခြေဘက် ကို တူရွင်းနဲ့တူးပြီး ဖွင့်ကြည့်ကြတဲ့အခါ လက်ရာသေသပ်တဲ့ သံသေတ္တာလေးတစ်လုံး ပေါ်ထွက်လာပါတယ်၊ သေတ္တာထဲမှာတော့ လက်တစ်ဝါးနီးပါးရှိတဲ့ ရွှေဒင်္ဂါးနဲ့ငွေဒင်္ဂါးဝိုင်းကြီး နှစ်ခုကို အရောင်ပြိုးပြက် စွာ တွေ့ကြရပါတယ်။ ရွှေဒင်္ဂါးပြားပေါ်မှာ ဒေါင်းတံဆိပ်နဲ့ ငွေဒင်္ဂါးပြားပေါ်မှာ ယုန်တံဆိပ်ပါရှိပြီး ဒင်္ဂါးပြားရဲ့အခြား မျက်နှာမှာ ‘သက္ကရာဇ် ၁၂၇၅ ခုနှစ်၊ တပေါင်းလပြည့်နေ့ ကုသိုလ်ရှင် ဦးဘကောင်း – ဇနီးဒေါ်မြညွှန့်၊ သားမောင်ကောင်းညွှန့် မိသားစု ကောင်းမှု၊ တောင်းဆုနိဗ္ဗာန် ပြည့်စေသော်ဝ် ၊ ဤဘုရားဤတန်ဆောင်းပြိုပျက်လျှင် ဤရွှေဒင်္ဂါး ငွေဒင်္ဂါးများကိုရောင်း၍ ပြုပြင်နိုင်ကြပါစေ’ ဟု ရေးထိုးထားသော စာတန်းကို ဖတ်ကြရလေသည်။

ဟွန်းစနိုးကိုယ်တိုင် မိမိကောင်းမှုသက်သေကို ပြန်တွေ့ပြီဖြစ်၍ ဟန်မဆောင်နိုင်တော့ဘဲ သည်းထန်းစွာ ငိုလေတော့သည်။ ဘဝဟောင်း က သားဖြစ်ခဲ့သူ မြန်မာဒကာ ကိုကောင်းညွှန့်လည်း ငိုသည်။ ဘဝခြား လူမျိုးခြားဖြစ်နေကြသော သားအဖနှစ်ယောက်ဖက်၍ ငိုကြသည်။ အင်္ဂလိပ်မိတ်ဆွေက ဓာတ်ပုံရိုက်နေပါသော်လည်း သူကိုယ်တိုင် အံ့သြခြင်းတဝက်ဖြင့် မျက်ရည်လည်လျက်ရှိနေ၏။
ရဟန်းတော်က.. “ဒကာကြီး ကိုကောင်းညွှန့်.. ဒီ ဒင်္ဂါးပြားတွေကို ဘယ်လိုလုပ်ချင်သလဲ၊ သူ့ကိုမေးပါ” လို့ မိန့်ပါတယ်။

“ရွှေတိဂုံဘုရားကြီးကို လှူပါတယ်၊ ဂေါပကအဖွဲ့ကို အပ်ပါတယ်” ဟု ဟွန်းစနိုးက ဖြေတယ်.။ ပြီးတော့ ရဟန်းတော်ရဲ့သင်္ကန်းစကို ဆွဲပြီး တစုံတခုပြော လိုက်တယ်။ သူ အင်္ဂလိပ်လိုပြောတာကို မြန်မာစကားပြန်က.. “ သူ့ ကို ရဟန်းပြုပေးပါ၊ နောင်သံသရာမှာ ဘယ်လိုဘဝမျိုးမှ မလိုချင်တော့ပါဘူး.. ဘဝဒုက္ခချုပ်ငြိမ်းရာ နိဗ္ဗာန်အလို့ငှာ ရဟန်း ဘဝနဲ့ကျင့်ကြံပါတော့မယ်” လို့ ဆိုပါတယ်..။ သူ့သူငယ်ချင်းကိုလည်း..
“ငါ့ မိဘတွေကို အကြောင်းကြားပေးပါ၊ မြန်မာပြည်ကို အမြန်လိုက်လာဖို့ ပြောပေးပါ၊ ငါ ရဟန်းဝတ်တော့မယ်၊ တပ်မက်စရာ အာရုံအစွဲ အငြိတွေက လွတ်ရာမှာ ငါနေတော့မယ်၊ ငါကြိုးစားတော့မယ်” လို့ ပြောဆိုမှာကြားပါတယ်။ သူငယ်ချင်းမိတ်ဆွေ အင်္ဂလိပ်မှာတော့ အရာအားလုံး မျက်ဝါးထင်ထင် ကိုယ်တွေ့ ကြုံလိုက်ရပြီးပြီမို့ ခေါင်းညိတ်ရုံကလွဲပြီး ဘာမှမပြောနိုင်တော့ပါ။

ဆက်ပြီး ဟွန်းစနိုးက “ငါ ဘုရားမှာ နေခဲ့တော့မယ် သူငယ်ချင်း၊ မင်း လျှောက်လည်နိုင်တယ်” လို့ ပြောလိုက်ပါတယ်။
အားလုံးထွက်သွားကြချိန်မှာတော့ သူ့အနားမှာ တစ်ယောက်သာ ကျန်ခဲ့တော့တယ်၊ ဘဝဟောင်းက သူ့သားဖြစ်ခဲ့ဖူးတဲ့ ကိုကောင်းညွှန့်ဆိုတဲ့ မြန်မာဒကာပါပဲ။
အင်္ဂလိပ်လူဝင်စား မစ္စတာဟွန်းစနိုးဟာ အရှင်အဂ္ဂဉာဏ ဆိုတဲ့ ဘွဲ့တော်နဲ့ ရဟန်းပြုတော်မူခဲ့ပြီး မဟာသတိပဋ္ဌာန် တရားတော်မြတ်ကြီးကို အသက်ထက်ဆုံး အားထုတ်သွားပါတယ်။

ရွှေတိဂုံမှာ ပြန်ဆုံတဲ့ပွဲ – မောင်သွေးချွန်
ကိုးကား – ၁၃၂၂ ခု၊ သီတင်းကျွတ်လထုတ်၊ ရေဦးမြို့ ချမ်းသာကြီးဆရာတော်ပြုစုသော ဗုဒ္ဓဂုဏပကာသနီကျမ်