Knowledge

အိုမင်းတဲ့အချိန်ထိ အလုပ်နဲ့ပေးဆပ်ပါ့မယ်(အသဲမာသော သခင်)

ရိုက်ပါသခင် ရိုက်ပါကျုပ်တို့ကျောပြင်ဗျောစည်တီးဖို့သခင်ကိုယ်တိုင်ကြပ်ခိုးတင်ထားတဲ့ကြိမ်လုံးမို့လားသခင်။

ဝဋ်ကြွေးရှိသမျှဆပ်ပါ့မယ်သခင်အားကုန်ခမ်းလို့နေဝင်ချိန်တောင် သခင်တို့မိသားစုအာဟာရဖြစ်စေဖို့ကျုပ်အသားကိုမြိန်ရှက်စွာစားသုံးပါသခင်။ဘဝကနိမ့်ကျပါတယ်သခင်။သခင်ထားရာနေ သခင်ကျွေးတာစားသခင်ခိုင်းတာလုပ်ပြီးခန္ဓာဝန်ဆပ်ပါ့မယ်သခင်။


ဆောင်းအခါဝယ်အေးလွန်းသည်မို့မွှေးပွစောင်နဲ့နွေးနွေးထွေးထွေးရှိနေကြပေမယ့်ကျုပ်တို့မှာတော့နှင်းဒဏ်၊အအေးဒဏ်ကိုခါးစည်းခံရင်းသေလုမတတ်ပါသခင်။

အကြင်နာမဲ့တယ်လို့မပြောတတ်လို့ပါသခင်တကယ်ဆိုကျုပ်တို့အသားစားထိုက်ရဲ့လားသခင်။ သခင့်သားဆိုင်ကယ်စီးဖို့ ကျုပ်တို့ကသားသတ်ရုံကိုသွားပေးခဲ့ရတာပါသခင်။သခင့်သမီးလက်ဝတ်တန်ဆာဆင်ဖို့ဟို မဒမ်းမလေးကိုရောင်းလိုက်တဲ့လားသခင် အဲတာကျုပ်ရဲ့အသွေးသား ကျုပ်သား၊သမီးပါ သခင်။

ကျုပ်တို့ကိုသတ်ကျုပ်တို့အသားကိုစားကျုပ်တို့သားရေကိုတူရိယာလုပ် သခင်တို့အဟုတ်ပျော်ကြတယ်မို့လားသခင်။ မိုးအခါထွန်တုံးကိုဖက်နွန်ကိုရုန်းလို့ပေးဆပ်သော်လည်းသခင်စိတ်တိုလို့ခေါ်ရင်ဟို“အမဲ”သားတဲ့လား သခင်။

ရက်စက်ပါသခင်သခင်အသဲမာသမျှကျုပ်အသွေးသားကျုပ်ခန္ဓာကိုယ်နဲ့ အကျေဆပ်ပါ့မယ်သခင်။ ဦးချိုကစ မစင်ထိပေါ့အကျိုးပြုခဲ့ပေမယ့်နောက်ဆုံးရလဒ်ကသားသတ်ရုံပါသခင်။

သခင်တို့နှုတ်ဖျားကြင်နာမှုတွေ ရေလိုပေါပေမယ့်
တကယ်တော့လေအကြင်နာစစ်ဆိုတာကျုပ်တို့အတွက်သခင်ကြပ်ခိုးတင်ထားတဲ့ကြိမ်လုံးပါ သခင်ရယ်။

မနေပျော်ပေမယ့်သေပျော်ပါပြီသခင်။ဘဝရဲ့ကံကြမ္မာအရအမဲသားဆိုတဲ့နွားဖြစ်ခဲ့ရပေမယ့်နာကျင်တဲ့အခါတိုင်းကြွေကြမြေခခဲ့တဲ့မျက်ရည်တွေကိုမျက်စိနာတာတစ်ခုခုနဲ့ထိခိုက်မိတာနေမယ်တဲ့လားသခင်။

ရှိပါစေတော့ ရှိစေတော့ကွယ်ဒီဘဝဒီခန္ဓာကိုယ်ဝယ်
ဝဋ်ကြွေးတွေအကျေဆပ်ရင်းနေဝင်ချိန်ကိုအမြန်မျှော်လင့်နေပါတယ် သခင်။
Credit:ဂေါက်တေးလေး..မှကူးယူဖော်ပြသည်