Health

ကန်စွန်းရိုးနီပင်၏ဆေးဖက်ဝင်ဂုဏ်သတ္တိများ

မြန်မာ့ဆေးဖက်ဝင် ကန်စွန်းရိုးနီပင်

Item Name ——— Rabbit Greens (ကန်စွန်းရိုးနီ)
Category ———— Raw Material
Botany Term ——Ipomaea aquatica Forsk
Species Family —– Convolvulaceae

မြန်မာနိုင်ငံ အနှံ့အပြားတွင် ပေါက်ရောက်သည်။ ရေမြောင်း ရေကန်များနှင့် လယ်ကွက်များတွင် အလေ့ကျ ပေါက်ရောက်၏ ။ စိုက်ပျိုးပင် အဖြစ်လည်း စိုက်ကြသည်။

အပင်

တစ်နှစ် သို့မဟုတ် နှစ်ကြာခံ ရေလျှောက်ပင် ဖြစ်သည်။ ပင်စည်ရိုးနီ၍ ခေါင်းပွဖြစ်၏ ။ အဆစ် များမှ အမြစ်များ ထွက်သည် ။အဆစ်နေရာတွင် အခေါင်းပိတ်ဖြစ်သည်။

အရွက်

ရွက်လွှဲထွက်သည်။ ၃-၆ လက်မရှည်သည်။ လှံစွပ်ပုံ သို့မဟုတ် သုံးထောင့် ပုံ ဖြစ်သည်။ ရွက်ထိပ် အလွန်ချွန်သည်။ ရွက်ရင်း မြားသွားပုံရှိသည် ။အမွေးမဲ့သည်။ ရွက်ညှာအလွန် ရှည်သည်။ ရွက်နားညီ သည်။ ရွက်ပြားချော၍ ပါးလွှာသည်။ ရွက်နား ခရမ်းရောင်သမ်းသည်။

အပွင့်

အပွင့်ကြီးသည်။ ခရမ်းဖျော့ရောင်ရှိ၍ ခေါင်းလောင်းပုံဖြစ်သည်။ အမွေးမဲ့သည်။ ပွင့်တည်း ဖြစ်သည်။ သီတင်းကျွတ်မှ တပို့တွဲလအတွင်း ပွင့်သည်။

အသီး

အချင်း ၁/၂ လက်မခန့် ရှိသည်။ အမွေးမဲ့သည်။ လုံးဝိုင်းသည်။ ရင်မှည့်က အက်ကွဲသည်။ အစေ့ ၄ စေ့ သို့မဟုတ် ၂ စေ့ ရှိ၍ ပိုးသားကဲ့သို့ အမွေးများ ရှိသည်။ တပို့တွဲ ၊ တပေါင်းလတွင် သီးမှည့်သည်။

အသုံးဝင်ပုံ

အရွက်-အာနိသင်

မြန်မာဆေးကျမ်းများ အလိုအရချို၍ အေး၏ ။နို့ရည်ကို ဖြစ်စေ၏ ။ ရေ၌ ဖြစ်သော ပိုးတို့ိကို ပယ်တတ်၏ ။ လေ ၊ သလိပ် ကို ဖြစ်စေသည်။ အဆိပ်ကို ပြေစေ၏ ။ အရွက်ရည်သည် မီးလောင်နာ ၊ ဆီးနှင့် ပတ်သက်သော ရောဂါနှင့် ပူလောင်ခြင်းတို့ကို ပျောက်ကင်း စေ၏ ။

အရွက် အသုံးပြုပုံ

၁ ။ ကန်စွန်းရွက်ရည်ကို မီးလောင်နာ ၊ ရေငတ်နာ ၊ ဆီးနှင့် ပတ်သက်သည့် အဖျားရောဂါများပျောက်ရန်အတွက်လည်းကောင်း၊ အဆိပ်အတောက် ပြေစေရန်အတွက်လည်းကောင်း သုံး၏။

၂ ။ အရွက်ကို ဟင်းချက် စားသော် သွေးဝမ်းရောဂါ ပျောက်၏ ။

၃ ။ ဆီးအိမ်တွင် ဆီးရှိပါလျက် ဆီးမထွက်ခြင်းနှင့် ဓမ္မတာလွန်ခြင်း ရောဂါအတွက် ကန်စွန်းရွက်ကို ဘူးရွက် မန်ကျည်းရွက်တို့နှင့် အမျှကြိတ်၍ ဆန်မှုန့်ညက်နှင် ဖျော်ပြီး ဆီးခုံပေါ်တင်ထားပါက ၁၅ မိနစ်အတွင်း ဆီးကျဆင်း၏ ။ ဓမ္မတာလွန်ခြင်းလည်း ရပ်တန့်စေ၏ ။

၄ ။ ကန်စွန်းရွက်ကို ပြုတ်သောက်ပါက ရင်ပြည့်ဝမ်းကျ ရောဂါ ပျောက်၏ ။

၅ ။ ကန်စွန်းရွက်ကို ထန်းလျက် မန်ကျည်းမှည့်နှင့် ဆားထည့်၍ ကျိုသောက်က ဆီးကျောက်တည်ခြင်းနှင်တကွ ဆီးရောဂါ ဟူသမျှ ပျောက်၏ ။

၆ ။ ငန်းမန်းရှိသောအနာကို ဘူးရွက်များနှင့် ရောစပ်၍ ရေစိမ်ပြီး အနာကို ဆွတ်လိမ်းခြင်းအားဖြင့် ငန်းမန်းကျစေနိုင်၏ ။

မြန်မာ့ဆေးဖက်ဝင်အပင်များသုတမောင်မှ ကူးယူဖော်ပြပါသည်။