Local News

မောင်းထုတ်ခံရတဲ့ ဇနီးအတွက် ရက်ပေါင်း ၄၀ ဆက်တိုက် မရပ်မနာစွမ်းဆောင်ပေးခဲ့တဲ့ ခင်ပွန်းတစ်ယောက်ရဲ့ စွမ်းပကား

ဒီအကြောင်းကို ဖတ်ပြီးတဲ့ မိတ်ဆွေများလည်း ဖတ်ပြီးလောက်ရောပေါ့။ အိန္ဒိယနိုင်ငံ မှာဖြစ်ခဲ့တဲ့ ဖြစ်ရပ်ကလေးပါ။ ယနေ့ ခေတ်မှာ ကမ္ဘာကြီးဟာ ပွင့်လင်းလာပါပြီ။ လူအချင်းချင်း ခွဲခြားခံရတယ်ဆိုတာ မရှိတော့ သလောက်ဖြစ်နေပေမယ့် အိန္ဒိယမှာတော့ ဇာတ်နိမ့် ဇာတ်မြင့် ခွဲခြားမှုတွေဟာ ယနေ့ထက်တိုင် ရှိနေတုန်းပါပဲ။ Maharashtra ပြည်နယ်ရဲ့ အနောက်ပိုင်းက Kalembeshwar ဆိုတဲ့ ရွာမှာ ဖြစ်ပွားခဲ့တာပါ။

Bapurao Tajne ရဲ့ ဇနီးဖြစ်သူဟာ အဲဒီနေ့က အများသုံးရေတွင်းမှာ ရေသွားခပ်တဲ့ အခါမှာ ဇာတ်နိမ့်တွေ မခပ်ရဆိုပြီး လူအများက နှင်ထုတ်ခြင်းကိုခံခဲ့ရပါတယ်။ ဒါကို သိသွားတဲ့ ယောက်ျားဖြစ်သူဟာ သူအလွန်ချစ်ရတဲ့ ဇနီးရဲ့ လိုအပ်ချက်ကို အံသြဖွယ် ဖြည့်ဆည်းပေးခဲ့ပါတယ်။ ဒါကတော့ ဇနီးသည် အတွက် ကိုယ်ပိုင်ရေတွင်းတူးပေးဖို့ပါ။

ရေတွင်းဆိုတာ စက်နဲ့တူးရင်တူး မတူးရင် အနည်းဆုံး လူ ၄-၅ယောက်လောက်နဲ့ တူးမှ အဆင်ပြေမယ့် အလုပ်ဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ သာမန်ဆင်းရဲတဲ့ အလုပ်သမားဖြစ်တာကြောင့် စက်နဲ့တူးဖို့ရော အခြားသူတွေကို ခေါ်တူးခိုင်းဖို့ရော ပိုက်ဆံမရှိပါဘူး ။ ဒါကြောင့် ရေတွင်းကို တစ်ကိုယ်တော် တူးဖို့ ဆုံးဖြတ်ပြီး စတင်တူးပါတော့တယ်။

တူးနေစဉ်မှာပဲ ဝမ်းရေးအတွက် နေ့စားအလုပ်ကို လုပ်ရပါသေးတယ်။ သူ့ရဲ့ပုံမှန်အလုပ်ကို လုပ်ပြီး တစ်နေ့ကို ရေတွင်းတူးဖို့ ၆ နာရီ အချိန်ပေးခဲ့ပါတယ်။ အလုပ်မသွားခင် မနက် ၄ နာရီစောထပြီး ရေတွင်းကို တူးတယ်၊ အဲဒီနောက် အလုပ်ကိုသွားပြီး ညနေ အလုပ်ပြန်တဲ့ အချိန်မှာ ၂ နာရီ ထပ်တူးပါတယ်။ အဲဒီနေရာ တစ်ဝိုက်ဟာ ကျောက်ဆောင်တွေ အလွန် ထူထပ်တာကြောင့် စက်တွေနဲ့ တူးရင်တောင် မလွယ်ကူပါဘူး။

ရွာသား တစ်ယောက်တစ်လေကတောင် သူ့ကို မကူညီခဲ့ပါဘူး။ မဖြစ်နိုင်တာကို လုပ်တဲ့ အရူးလို့ တစ်ရွာလုံးရဲ့ လှောင်ပြောင်ရယ်မောခြင်းကို ခံရပါတယ်။ ရွာသားတွေတင်မက သူ့ဇနီးဖြစ်သူကိုယ်တိုင်တောင် မဖြစ်နိုင်တဲ့အရာဆိုပြီး အစပိုင်းမှာ သူ့ကို မကူညီပဲ နောက်ပိုင်းမှကူညီခဲ့တာပါ။ ဘာပဲ ဖြစ်ဖြစ် Tajne ဇွဲမလျော့ခဲ့ပါဘူး။

ဇနီးဖြစ်သူအတွက် ကြိုးစားခဲ့တဲ့ Tajne ရဲ့ ကြိုးပမ်းမှုဟာ နောက်ဆုံးမှာတော့ ၆ပေ ကျယ်ပြီး ၁၅ပေ အနက်ရှိတဲ့ ရေတွင်းတစ်တွင်းကို ဖြစ်လာစေခဲ့ပါတယ်။ ရေတွင်းဟာ ရေထွက်အလွန်ကောင်းတဲ့ အတွက် သူတို့အတွက်အပြင် ပိုလျှံလျက် ရှိပါတယ်။

ဒီနေရာမှာ Tajne ရဲ့လေးစားဖွယ် သဘောထားကို တွေ့ရပါတယ်။ သူတို့ကို နှိမ်တဲ့သူတွေနဲ့ မဖြစ်နိုင်ဘူးလို့ လှောင်ရယ်ခဲ့တဲ့ အနီးအနားက လူတွေကို သူ့ရဲ့ရေတွင်းမှာ ကြည်ကြည်ဖြူဖြူရေခပ်စေခဲ့တာပဲ ဖြစ်ပါတယ်။ အခုချိန်မှာတော့ ဘယ်သူမှ သူ့ကိုလှောင်မရယ်နိုင်တော့ပဲ သူ့ရဲ့ ဇွဲ နဲ့ လေးစားဖွယ် စိတ်ဓာတ်ကို တစ်ရွာလုံး အသိအမှတ် ပြုလိုက်ရပါတယ်။ ဇနီးဖြစ်သူဟာလည်း သူမကို အလွန်ချစ်တဲ့ ခင်ပွန်းကြောင့် ရွာသူရွာသားတွေကြားမှာ ဂုဏ်တက်ခဲ့ရပါတော့တယ်။