Knowledge

Single ဖြစ်နေပေမယ့် အထီးကျန်ခြင်းကို မခံစားမိစေတဲ့ အကြောင်းအရင်းများ

လူတော်တော်များများက တစ်ယောက်တည်းသမား ဆင်ဂယ်ဆိုတိုင်း အထီးကျန်ပျင်းရိဖွယ်ကောင်းတဲ့ ဘဝကိုဖြတ်သန်းနေတယ်လို့ ထင်တတ်ကြတယ်နော်။ တကယ်တော့ ဆင်ဂယ်တိုင်းက အထီးကျန်ဝမ်းနည်းနေတာ မဟုတ်ပါဘူး။ ဆင်ဂယ်ပေမယ့်လည်း အထီးမကျန်ရတဲ့ အကြောင်းအရင်းတွေက သူတို့ဆီမှာ ရှိကိုရှိနေလို့ပါပဲ။

ကိုယ့်ကိုယ်ကို နားအလည်ဆုံး

သူများတွေက နင်အခုထိ ချစ်သူမရှိသေးဘူးလား၊ တစ်ယောက်တည်း နင့်ဘဝကြီးက အထီးကျန်စရာကောင်းလိုက်တာလို့ ဘယ်လောက်ပဲ ပြောနေကြပါစေ ကိုယ့်ခံစားချက်မပါပဲ ဘာမှကို မလုပ်တတ်တဲ့ သူတွေဖြစ်လို့ပါ။ ကိုယ်တကယ်ချစ်တဲ့သူကိုပဲ လက်တွဲချင်ပြီး သူများတွေပြောတိုင်း ချစ်သူရည်စားထားမယ့် သူမျိုးတွေထဲမှာ ပါဝင်မနေပါဘူး။ သူတို့ကိုယ်သူတို့ နားလည်ကြတဲ့အတွက် ဒါတွေကို ဂရုမစိုက်တာ ဖြစ်ပါတယ်။

သူငယ်ချင်းတွေကို ပိုခင်တွယ်လို့

ဆင်ဂယ်အများစုက ချစ်သူရည်းစားထားရမှာထက် သူငယ်ချင်းတွေကို ပိုအလေးထားခင်တွယ်ကြတဲ့အတွက် တစ်ယောက်တည်းသမားဖြစ်နေကြတာ ဖြစ်ပါတယ်။ နောက်ပြီး သူငယ်ချင်းတွေနဲ့အတူရှိတဲ့အချိန်တွေက သူတို့အတွက် ပိုပျော်စရာအမှတ်တရတွေဖြစ်စေပြီး ချစ်သူမရှိတိုင်း အထီးကျန်ခြင်းကို ခံစားနေရတာမျိုး မဟုတ်ပါဘူး။

အလုပ်တွေကို ပိုအာရုံစိုက်ဖြစ်နေလို့

တစ်ချို့လူတွေက ချစ်သူရည်းစားထားဖို့ထက် အရင်ကိုယ့်ဘဝကို အကောင်းဆုံးဖြစ်အောင် တည်ဆောက်ဖို့ကို အားသန်ကြပါတယ်။ အချစ်ရေးတွေကို ခဏလောက်ဘေးချိတ်ထားပြီး သူတို့ရဲ့ဘဝကို မြှင့်မားအောင်ကြိုးစားလုပ်ကိုင်ရင်း၊ အလုပ်တွေကို ပိုအာရုံစိုက်ရင်း ရည်မှန်းချက်ကြီးကြတဲ့သူတွေဖြစ်လုိ့ အထီးကျန်ဖို့တောင် သူတို့မှာ အချိန်အားမနေပါဘူး။

လွတ်လပ်မှုကို မြတ်နိုးလွန်းအားကြီးလို့

တစ်ချို့တွေကတော့ တစ်ယောက်တည်းနေရတဲ့ အရသာကို ခုံမင်သွားတတ်ကြပြီး အဲဒီ့လွတ်လပ်မှုလေးကို ဖက်တွယ်ထားချင်သေးတဲ့အတွက် ဆင်ဂယ်ဖြစ်နေကြတာပါ။ မချစ်တတ်တာတော့မဟုတ်ပေမယ့် တကူးတကကြီး အချစ်ဆိုတာမျိုးကို မရှာဖွေချင်ပဲ အချိန်တန်ရင်တော့ စစ်မှန်တဲ့သူက ကိုယ့်အတွက်ရောက်လာမယ်ဆိုတာကို လက်ခံထားကြပါတယ်

။ ဒီတော့ လက်ရှိမှာတော့ တစ်ယောက်တည်းဘဝနဲ့ ပျော်ပျော်ကြီး လွတ်လပ်မှုကို ခံစားနေကြဆဲ ဖြစ်ပါတယ်နော်။

Source content AuntyMay