ထမင်းဝိုင်းလေးတစ်ခုဟာ တစ်နေရာ ရာမှာရှိနေတာ သေချာတယ်။ ဒါဟာတွေး ကြည့်ရုံဖြစ်ဖြစ်သိနိုင်တယ်။
အိမ်လေးတစ်လုံးထဲတိုးဝင်ပြီး ကြည့်လိုက်ရုံဖြစ်ဖြစ်၊ ပလက်ဖောင်းဘေးကစားပွဲခုံတစ်လုံးဆီ ဝင်ထိုင်လိုက်ရုံဖြစ်ဖြစ် ကြုံရ၊ သိရနိုင်တယ်။ တစ်ယောက်ဝိုင်းဖြစ်ဖြစ်၊ နှစ်ယောက်ဝိုင်းဖြစ်ဖြစ်၊ သုံးယောက်၊ ငါးယောက်ဝိုင်းဖြစ်ဖြစ် ရှိနေတယ်။ တစ်ခါတလေ နံနက်ခင်းထဲမှာ နေထိုင်နေလိမ့်မယ်။ တစ်ခါတလေ ညနေခင်းထဲမှာ နေထိုင်နေလိမ့်မယ်။ တစ်စုံတစ်ရာကို မျှော်လင့်ရင်းနဲ့။ ထမင်းဝိုင်းလေးတွေထဲ မှာကမ္ဘာငယ်လေးတွေဟာ ပုံစံမျိုးစုံနဲ့ တည်ရှိနေကြတယ်။ သူ့အထွာ သူ့ကမ္ဘာနဲ့ ရှိနေနိုင်ကြတယ်။ အဝိုင်းပုံ၊ လေးထောင့်ပုံလေးတွေရဲ့ ပရဝုဏ်ထဲမှာ မျှော်လင့်ဖွယ်တွေအား တက်ဖွယ်တွေဟာ လဲလျောင်းနေကြတယ်။ ငိုက်မြဉ်းနေကြတယ်။ တစ်နေရာရာကို မျှော်ကြည့်နေကြတယ်။ တစ်စုံတစ်ခုကို စကားဖောင်ဖွဲ့နေကြတယ်။ တချို့ကို ဆွဲငင်ထားပြီး၊ တချို့ကို တွန်းထုတ်ပစ်နေကြရပြန်တယ်။ ထမင်းဝိုင်းလေးတွေဆိုတာ။
ဒုတိယကမ္ဘာစစ်တုန်းက အာလူးတွေ၊ ပေါင်မုန့်တွေ မြတ်နိုးခဲ့တဲ့သူတွေဟာ ထမင်းဝိုင်းလေးရဲ့ အဓိပ္ပာယ်ကိုသိမှ သိခဲ့ကြပါ့မလား။ ငြိမ်းချမ်းရေးမရှိတဲ့ နယ်ပယ်ဒေသလေးတွေမှာ ထမင်းဝိုင်းလေးတွေဟာ ကောင်းမွန်စွာ အနယ်ထိုင်နေနိုင်ပါ့မလား။ ဒီလိုစိတ်ပူမိတယ်။ တစ်ခါတလေ ပြန်လည်တွေးမိရင် ထမင်းဝိုင်းလေးတွေဟာ တစ်နေရာရာမှာ ပျောက်ဆုံးနေတတ်တာကို သတိပြုမိပြန်တယ်။ ငြိမ်သက်စွာ တည်ရှိနေတဲ့ တိုင်ကပ်နာရီကြီးလိုပဲ ထမင်းဝိုင်းလေးတွေဟာ တစ်နေရာရာမှာတော့ တည်ငြိမ်စွာ ရှိနေနိုင်ကောင်းပါရဲ့လို့ တွေးမိရင် ဝမ်းသာအားတက်မိပြန်ပါတယ်။
တကယ်တော့ ထမင်းဝိုင်းလေးတွေကို ဒါဝင်လည်း တွေ့ရှိခဲ့တာ မဟုတ်ပါ။ အိုင်းစတိုင်းလည်း တွေ့ရှိခဲ့တာမဟုတ်ပါ။ ဂယ်လီလီယိုလည်း တွေ့ရှိခဲ့တာမဟုတ်ပါ။ နယူတန်လည်း တွေ့ရှိခဲ့တာမဟုတ်ပါ။ ဇူကာဘတ်လည်း တွေ့ရှိခဲ့တာမဟုတ်ပါ။ မဟုတ်ပါ။ ထမင်းဝိုင်းလေးတွေကသာ အားလုံးကို တွေ့ရှိခဲ့တာပါ။ ထမင်းဝိုင်းလေးတွေဟာ အားလုံးကို ကျောသားရင်သားမခွဲခြားပါ။ ထမင်းတစ်ပန်းကန်၊ ဟင်းတစ်ခွက်၊ ငါးပိရည်တစ်ခွက်၊ အတို့တစ်ပန်းကန်။ လူတစ်ယောက်ရဲ့ အသက်ရှူသံတစ်ခု။ နောက်နှစ်ခု။ သုံးခု။လေးခု။ ငါးခုစသဖြင့် ထမင်းဝိုင်းလေးတွေ အပေါ်မှာလည်း အသက်ရှူသံတချို့ဟာ တည်ရှိနေနိုင်တယ်။ မိသားစုတစ်စုရဲ့ ထမင်းစားနေကြတဲ့ပုံရိပ်တစ်ခု။ ပဲ့ထွက်သွားတဲ့ပွဲ အပိုင်းအစတွေဟာလည်း ထမင်းဝိုင်းလေးတွေထဲမှာ ရှိနေမှာပါပဲ။ ထမင်းဝိုင်းလေးတွေဟာ မိသားစုဘဝတွေကို စုစည်းစေတယ်။
ပဲ့ထွက်သွားတော့လည်း ငြိမ်သက်စွာပဲ ဆက်လက်တည်ရှိနေခဲ့တယ်။ ပြည့်စုံခြင်းဟာ ထမင်းဝိုင်းလေးအတွက် ပကာသနတစ် မျိုးလည်းဖြစ်သလို၊ လစ်ဟာသွားခြင်းဟာလည်း ထမင်းဝိုင်းလေးတွေအတွက် လောကဓံ တစ်မျိုးဖြစ်သွားနိုင်ပါတယ်။
ထမင်းဝိုင်းလေးဟာ ဒဏ္ဍာရီပုံပြင်တွေထဲကလို မွေးစားထားတဲ့ အငှားဘဝတွေထဲမှာတော့ ပျော်ရွှင်စွာ နေနိုင်မှာမဟုတ်ပါဘူး။ မျှော်လင့့်ချက်တွေကို ကစီဓာတ်နည်းချင် နည်းပါစေ ဟင်းချိုလေးတစ်ခွက်နဲ့ ပဲ့ထွက်နေတဲ့ဘဝတွေကို တောင့်တနေမိမှာပါ။ စိုစိုပြည်ပြည်ပွဲကျနေတဲ့ ဟီးသံဟားသံတွေထဲမှာလည်း ခုန်ပေါက်ကခုန်နေမိမှာပါ။ ထမင်းဝိုင်းလေးဟာ ဘာသာဗေဒပညာရှင်တစ်ယောက်ရဲ့ ပဥ္စလက်စကားလုံးတွေကို ကြေးအထပ်ထပ်ထနေတဲ့ မျက်နှာပြင်နဲ့ ပြက်ရယ်ပြုနေနိုင်ပါတယ်။ ထမင်းဝိုင်းလေးထဲမှာ စုစည်းမှုရှိတယ်။ ပြန့်ကျဲမှုရှိတယ်။ ရစ်သမ် ရှိတယ်။ အာရုံရုပ်တွေရှိတယ်။ မတြာစနစ်တွေရှိတယ်။ ပါဒလိုင်းတွေရှိတယ်။ ဒီလိုပဲ ကဗျာတစ်ပုဒ်လိုလည်း စီးဆင်းနေနိုင်သေးတယ်။ အသံထွက်ရွတ်ကြည့်ပါ။ ထမင်းဝိုင်း လေးလို့။
တစ်ခါတလေ ထမင်းဝိုင်းလေးဟာ တံငါသည်ရဲ့စိုးရွံ့တဲ့မျက်ဝန်းထဲမှာ ဝင်ရောက်နေထိုင်နေတတ်တယ်။ တစ်ခါ တလေတော့လည်း လယ်သမားတစ်ယောက်ရဲ့ ခမောက်ထဲမှာ ဇောချွေးတွေနဲ့လိုက်ပါ သွားတတ်တယ်။ တစ်ခါတလေတော့လည်း အလုပ်သမားတစ်ယောက်ရဲ့ ကြွက်သားထဲမှာ ကြွပ်ဆပ်မာကျောစွာနဲ့။ တစ်ခါတလေတော့လည်း ခရီးသွားကျောပိုးအိတ်ထဲမှာ ပေကန်ပေကန်နဲ့ လိုက်ပါသွားရနိုင်တယ်။ တကယ်တော့ ထမင်းဝိုင်းလေးတွေဟာ ငြိမ်လျက်နဲ့ ပြေးလွှားနေရတဲ့ကိုယ်ပွားတွေကို ပိုင်ဆိုင်ထားပါတယ်။ ထမင်းဝိုင်းလေးရဲ့ သိစိတ်ထဲမှာ နေရာဒေသမျိုးစုံကို ရွေ့လျားနေခဲ့နိုင်တယ်။ မိသားစုပေါင်းများစွာရဲ့ ဘဝများစွာထဲမှာ လိုက်ပါစီးဆင်းနေနိုင်တယ်။ အရေခွံလဲလိုက်တဲ့ မြွေတစ်ကောင်လိုလည်း လဲပြီးသား အရေခွံအသစ်နဲ့ရှင်သန်ရပြီး အရေခွံအဟောင်းကို ထားခဲ့ရနိုင်တယ်။ ငြိမ်သက်တည်ရှိနေခြင်းဟာ ထမင်းဝိုင်းလေးအတွက် အစစ်အမှန် ဘဝဖြစ်သလို၊ လှုပ်ရှားရွေ့လျားနေရခြင်းဟာလည်း သူ့လောကဓံတွေ ဖြစ်နေခဲ့မှာပါ။
စီးကရက်ကို တောက်ချပြီး မြို့ထဲ စျေးတန်းလေးကို ငေးမောကြည့်နေရင်း ကျွန်တော် ထမင်းဝိုင်းလေးတစ်ခုရှေ့မှာ ထိုင်မြဲထိုင်နေခဲ့တယ်။ ဘယ်လောက်ကြာအောင် ထိုင်မိလဲ မသိပါ။ ထမင်းဝိုင်းလေးက ကျွန်တော့်ရှေ့က ပျောက်ကွယ်သွားခဲ့တာတောင် သတိမထားမိဘူး။ ဘာကြောင့် ပျောက်ကွယ်သွားလဲဆိုတာလည်း ကျွန်တော် မသိတတ်နိုင်ခဲ့။ ဒီလိုနဲ့ ထမင်းဝိုင်းလေးကို ကျွန်တော်လိုက်ရှာနေခဲ့တယ်။ လိုက်လို့သာရှာနေတယ်၊ ဘယ်လိုမှ မတွေ့နိုင်ဘဲရှိနေခဲ့တယ်။ ကျွန်တော် မျက်နှာကြက်ကို မော့ကြည့်လိုက်တယ်။ မျက်နှာကြက်ဟာ ခဲသားရောင် အစိုင်အခဲတွေ ပြည့်နှက်နေတယ်။ ဘာမှ မသိနိုင်တဲ့ ဆက်ကြောင်းတွေ၊ ပြတ်ရွေ့ကြောင်းတွေဟာ တစ်လှည့်စီ ဖြစ်ပေါ်နေကြတယ်။ နောက်တစ်ခုပေါ်တစ်ခု ထပ်သွားကြတယ်။ ခဏလောက်အကြာမှာ ပြန်ကျဲပြန့်သွားကြပြန်တယ်။ ကျွန်တော် မျက်နှာကြက်ဆီကနေ အကြည့်တွေကိုခွာပြီး စီးကရက်နောက် တစ်လိပ်ကို မီးညှိလိုက်တယ်။ စီးကရက်သာ ကုန်သွားခဲ့တယ်။ ဘယ်လိုကုန်ဆုံးခဲ့မှန်းမသိ။
ပျောက်ချင်းမလှ ပျောက်ဆုံးသွားတာက ကျွန်တော့်ရှေ့က ထမင်းဝိုင်းလေး။ ခက်နေတာက ကျွန်တော်ကိုယ်တိုင် ဒီနေ့ကျမှ ထမင်းဝိုင်းလေးအပေါ်မှာ သီးခြားလေးလေး နက်နက်တွေးနေမိတယ်။ တစ်စုံတစ်ရာက ပူးကပ်ပြီးသတိပေးလိုက်သလိုလည်း ခံစားနေရတယ်။ အထီးကျန်ခြင်းကလား။ လူမြင်ကွင်းရဲ့ ဝေးဝေးမှာရှိနေတတ်တဲ့ တိမ်တိုက်တစ်ခုုကလား။ ဒါမှမဟုတ် ထမင်းဝိုင်းလေးက သူ့နေရာမှာ ရှိမြဲရှိနေပြီး ကျွန်တော်က ပျောက်ဆုံးသွားခဲ့တာများလား။ အဲဒါလည်း ဖြစ်နိုင်တယ်။ မျက်နှာကြက်ပေါ်မှာ တောင်ခဲသားရောင် အစိုင်အခဲတွေရှိနေသေးတယ်။ ဘယ်လောက်ပဲကြာကြာ ကျွန်တော်လိုက်ရှာရမှာပါပဲ။ ဒါဟာ အကြာကြီး ပျောက်ဆုံးသွားလို့တော့ မကောင်းဘူးလေ။ ဘဝပါ ပျောက်ဆုံးသွားနိုင်တယ်။
နေရောင်ခြည်ဟာ ပျောက်ဆုံးသွားခဲ့ရင်တောင် ခဏတာပဲကြာပါတယ်။ အချိန်အတန်ကြာရင် ပြန်ပေါ်လာတာပါပဲ။ သူ့မှာ သိစိတ်မရှိလည်း သိစိတ်ရှိတဲ့ ကျွန်တော်တို့တွေက မကြာခဏဖမ်းဆုပ်ကြည့်ရင်း သိစိတ်ထည့်ပေးနေရတာ။ အခုထမင်းဝိုင်းလေး ပျောက်ဆုံးပြန်ပြီ။သူ့မှာလည်း သိစိတ်မရှိဘူး။ ဒါပေမဲ့ ကျွန်တော်တို့တွေက သိစိတ်ထည့်ထားပေးခဲ့တယ်လေ။ ဒါကြောင့် ပြန်ရှာတွေ့ဖို့က အရေးကြီးပါတယ်။ ဘယ်ချိန်ပဲ ဖြစ်ဖြစ်လေ။ ကျွန်တော်ကတော့ အခုထိ ထမင်းဝိုင်းလေး ပျောက်ဆုံးသွားခဲ့တာလား၊ ကျွန်တော်ကိုယ်တိုင် ပျောက်ဆုံးနေတာလားဆိုတာ အဖြေရှာမရသေးဘူး။ အဲဒီလိုနဲ့ အချိန်တွေကြာလာတော့ ထမင်းဝိုင်းလေးကို ကျွန်တော် ပြန်လည်တွေ့ရှိလိုက်ရတယ်။
အိမ်မှာထမင်းစားကြရင် အဖေက ဟင်းအရမ်းအစားနည်းတာ ကျွန်တော်ငယ်ငယ်တည်းက သတိပြုမိခဲ့တယ်။ ကျွန်တော်ဟာ ထမင်းဝိုင်းထဲမှာ အရမ်းကြေးများတတ်တဲ့ကောင်လေ။ မကြိုက်တဲ့ ဟင်းဆိုလည်း မျက်နှာက ဆူပုတ်နေတတ်သေး။
‘အတို့နဲ့ ငါးပိရည်’ မပါရင် ထမင်းပန်းကန်ကို ပစ်ချတတ်သေးတယ်။ ညီတွေ၊ ညီမတွေကတော့ ဘာဟင်းချက်ချက် ဟင်းအရမ်းစားတဲ့ ကောင်တွေ။ ငယ်ငယ်က ကျွန်တော်ဟာ ထမင်းစားရင် ထမင်းလုံးတွေ အရမ်းဖိတ်ကျတတ်တဲ့ကောင်လေ။ အမေတို့က ထမင်းလုံးကျရင်၊ ထမင်းလုံးတွေပါးစပ်မှာ ကပ်နေရင် ညဘက် ထမင်းလုံးတစ္ဆေခြောက်တတ်တယ်လို့ သတိပေးတော့မှ ထမင်းလုံးဖိတ်စဉ်တာ နည်းသွားတော့တယ်။
အဲဒီတုန်းက မိသားစုထမင်းဝိုင်းလေးမှာ ထမင်းလုံးတွေ ဖိတ်စဉ်ခဲ့တာကြောင့်လား မသိပါဘူး။ အခုထမင်းလုံး တစ္ဆေခြောက်တာခံနေရပြီ။ တစ်ယောက်တည်းလေ။ လပေါင်းများစွာ အခြောက်ခံနေရတာ။ လမ်းဘေးထမင်းဆိုင်လေးတစ်ဆိုင်ရဲ့ စားပွဲခုံလေး တစ်ခုံပေါ်က ထမင်းပန်းကန်တစ်ချပ်ထဲမှာ။