Knowledge

ကမ္ဘာ့ ရုပ်အဆိုးဆုံး အမျိုးသမီးဆုရှင် (သို့) ကမ္ဘာ့ ရုပ်အလှဆုံး မိခင်

ကမ္ဘာ့ ရုပ်အဆိုးဆုံး အမျိုးသမီးဆုရှင် (သို့) ကမ္ဘာ့ ရုပ်အလှဆုံး မိခင်

ဒုက္ခိတ တစ်ပိုင်း ဖြစ်နေတဲ့ မေရီဟာ ဗိုက်ဆာနေတဲ့ သူမရဲ့ ကလေးတွေ အတွက် ကြုံရာကျပန်းအလုပ်ရှာဖို့ မနက်တိုင်း အိမ်ကထွက်တယ်…။ လူတွေက မေရီ့ကို အလုပ်မပေးကြတဲ့အပြင် အရုပ်ဆိုးလှတဲ့သူမရဲ့ မျက်နှာကြောင့် အမြဲမောင်းထုတ်တယ်။ ကလေးတွေအတွက် အစားအစာတွေဝယ်ပြီး ပြန်လာနိုင်တဲ့နေ့တွေ တဖြည်းဖြည်း နည်းလာတယ်..။ ကလေးတွေ ဗိုက်ဆာလှပြီ…။

မေရီ အလွန်ရုပ်ဆိုးတယ်…။ မေရီဟာ လူတွေ နားမလည်နိုင်လောက်အောင် အတော့်ကို ရုပ်ဆိုးနေတာ…။

လန်ဒန်သူ မေရီ (Mary Ann Bevan) ဟာ Newham၊ Plaistow ဇာတိ..။ ငယ်ငယ်က မေရီ ရုပ်မဆိုးခဲ့ပါ…။ သိပ်လှခဲ့တဲ့ မိန်းကလေးပေါ့..။ မေရီ အပါအဝင် မောင်နှမ ရှစ်ယောက် ရှိတဲ့မိသားစုဟာ သိပ်တော့ မချမ်းသာခဲ့ပါဘူး…။ ဒီလိုပဲ ရုန်းရင်းကန်ရင်းနဲ့ မေရီတစ်ယောက် အရွယ်ရောက်လာတယ်။ သူနာပြုမလေး မေရီ ဖြစ်လာတယ်..။

၁၉၀၃ ခုနှစ်… မေရီ ဟာ သောမတ်စ်ဘီဗန် (Thomas Bevan) နဲ့ လက်ထပ်ခဲ့တယ်..။ မေရီ့အသက် ၂၉ နှစ်..။ ကလေး လေးယောက်ရလာ

တယ်..။ ကလေးတို့မေမေ မေရီ ဖြစ်လာတယ်…။

မေရီ လက်ထပ်ပြီးမကြာပါဘူး .. အဲဒီလို ရုပ်ဆိုးဖို့ စ ဖြစ်လာတာ…။ မေရီ့ အသက် ၃၂ နှစ်ပေါ့…။ မေရီဟာ နေ့တိုင်း ခေါင်းကိုက်တဲ့ဝေဒနာကို ပြင်းပြင်းထန်ထန် ခံစားလာရပြီး ကိုယ်လက်တွေနာတဲ့ ရောဂါတစ်မျိုးစွဲကပ်လာတယ်…။ မေရီ့ တစ်ကိုယ်လုံး တစ်နေ့ထက်တစ်နေ့ နာကျင်ကိုက်ခဲနေတယ်..။ မျက်လုံးတွေလည်း တဖြည်းဖြည်းမှုန်လာပြီး သိပ်မမြင်ရတော့ဘူး။

အဲဒီရောဂါကို Acromegaly လို့ခေါ်တယ်..။ လွယ်လွယ်ပြောရရင် ဟိုမုန်း အများကြီးထွက်တဲ့ရောဂါပေါ့…။ မေရီ့ တစ်ကိုယ်လုံး ဟိုနေရာ.. ဒီနေရာမှာအဖုတွေထွက်လာပြီး မျက်နှာက ကြီးသထက်ကြီးပြီး ရှည်ထွက်လာတယ်..။ တဖြည်းဖြည်း အသံတွေပါ ဩလာပြီး ယောက်ျားမျက်နှာကြီး ဖြစ်လာတယ်..။ Acromegaly အတွက် အခုခေတ်မှာ ကုလို့ရပေမဲ့ အဲဒီတုန်းက ဆေးမရှိဘူး။

ရုပ်ဆိုးမ မေရီဖြစ်သွားတယ်..။ မေရီ အလုပ်နားလိုက်ရတယ်..။

မိန်းမ ရင်သားနဲ့ ယောက်ျားမျက်နှာ..။ မေရီရဲ့ ထူးဆန်းလှတဲ့ အသွင်အပြင်ကြောင့် မေရီ့ကို ရပ်ကွက်ထဲကလူတွေက မထီမဲ့မြင်ပြုလာကြတယ်..။ တစ်နေ့ တစ်နေ့ ရုပ်ဆိုးတဲ့ ယောက်ျားကြီး ဖြစ်လာတဲ့ မေရီ ဝမ်းနည်းပက်လက်ဖြစ်ရုံကလွဲပြီး…။

ရုပ်ဆိုးလို့ဆိုပြီး မေရီ့ကို သူ့ယောက်ျားက ပစ်မသွားပါ..။ ဒါပေမဲ့ သေသွားခဲ့တယ်..။ ၁၉၁၄ မှာပေါ့… ။ မေရီချစ်တဲ့ … မေရီအားကိုးရတဲ့ ယောက်ျား သောမတ်စ်ဘီဗန် ရုတ်တရက် သေဆုံးသွားတယ်..။ မေရီတစ်ယောက် ကလေး ၄ ယောက်နဲ့ ကျန်ရစ်တယ်..။ မုဆိုးမ၊ ရုပ်ဆိုးမ၊ အလုပ်လက်မဲ့၊ ကလေး ၄ ယောက် အမေ မေရီ ဖြစ်ခဲ့ရတယ်…။

ဗိုက်ဆာနေကြတဲ့ မိသားစုအတွက် ကံကောင်းတဲ့နေ့ ရောက်လာတယ် ဆိုရလေမလား…။ လန်ဒန်မှာ “Homeliest Woman” ပြိုင်ပွဲ ဆိုတာ ကျင်းပမယ်လို့ သတင်းစာထဲပါလာတာ မေရီ ဖတ်လိုက်ရတယ်..။ ဘယ်သူက ပိုအရုပ်ဆိုးလဲ ဆိုပြီး ပြိုင်တဲ့ပွဲပေါ့…။

ဦးခေါင်းက စပြီး တစ်ကိုယ်လုံးကိုက်ခဲ နာကျင် ၊ မျက်စိမှုန်နေတဲ့ မေရီဟာ အရင်နေ့တွေကလို ကလေးတွေကို ချစ်တဲ့စိတ်နဲ့ အားတင်းပြီး ထလိုက်တယ်..။ မိန်းကလေးတစ်ယောက်အနေနဲ့ ရုပ်အဆိုးဆုံးဆုကိုရဖို့ ပြိုင်ပွဲဝင်ရတာ ဝမ်းနည်းရှက်ကြောက်မိပေမဲ့ မေရီဟာ မိခင်စိတ်နဲ့ ပြိုင်ပွဲဝင်ဖို့ ဆုံးဖြတ်လိုက်တယ်..။

မေရီ ပထမရတယ်..။ ငွေတွေရလာတယ်..။ မေရီရဲ့ဓာတ်ပုံ သတင်းစာတွေထဲပါလာတယ်..။ “အင်္ဂလန်ရဲ့ ရုပ်အဆိုးဆုံး အမျိုးသမီး” ဆိုတဲ့ခေါင်းစဉ်ကြီးနဲ့..။ ဒါပေမဲ့ မေရီ ပျော်ပါတယ်…။ ကလေးတွေကို အရသာရှိတဲ့ အစားအစာတွေ၊ လက်ဆောင်တွေ ဝယ်ပေးနိုင်ပြီ..။

ဒါပေမဲ့ မေရီ့ကိုတွေ့ရင် လူတွေက ပြုံးစိစိ… အင်္ဂလန်ရဲ့ ရုပ်အဆိုးဆုံး အမျိုးသမီးလေ..။ မေရီ ရုပ်ဆိုးတာက တခြားလူတွေနဲ့မတူဘူးလေ…။ မိန်းကလေးဖြစ်ပြီး ယောကျာ်းကြီးလို ရုပ်ဆိုးတာကိုး…။ လက်တွေ၊ ခြေထောက်တွေကလည်း ပုံမှန်မဟုတ်… ကြွက်သားတွေ ကြီးလာတယ်လေ..။ ဒါနဲ့ပဲ အင်္ဂလန်မှာတင်မဟုတ် ကမ္ဘာ့ရုပ်အဆိုးဆုံး မေရီဖြစ်လာတယ်..။

၁၉၂၀ ခုနှစ်..။ အမေရိကန်နိုင်ငံ Sam Gumpertz က မေရီ့ကို Coney Island မှာကျင်းပမယ့် Dreamland ဆပ်ကပ်ပြပွဲအတွက် ငှါးရမ်းလာတယ်..။ အကယ်၍ မေရီ သဘောတူမယ်ဆိုရင် ဒီအလုပ်ကို နေ့စားမဟုတ်ဘဲနဲ့ အတည် ခန့်ချင်တယ်လို့လည်း ကမ်းလှမ်းခဲ့တယ်..။

သူနာပြုပဲလုပ်ခဲ့ဖူးတဲ့ မေရီဟာ ဆပ်ကပ်မှာ သူမရဲ့ ရုပ်ဆိုးတဲ့ မျက်နှာနဲ့ လူတွေကို ဖျော်ဖြေရမယ်ဆိုတော့ ရှက်လည်းရှက်၊ ဝမ်းလည်းနည်း၊ ကြောက်လည်းကြောက်ပေါ့..။ ဒါပေမဲ့ မေရီဟာ ကလေး ၄ ယောက်ကိုချစ်တဲ့စိတ်နဲ့ အားတင်းပြီး အလုပ်ဝင်ခဲ့တယ်..။

ဆပ်ကပ်ပွဲကြည့် ပရိတ်သတ်က ယောကျ်ားမျက်နှာကြီးနဲ့ မိန်းမထွက်လာတဲ့အခါရယ်မောကြတယ်..။ ပြောင်လှောင်ကြတယ်။ အော်ဟစ်ကြတယ်။လက်ခုပ်လက်ဝါးတွေ တီးကြတယ်။

ခေါင်းတွေအလွန်ကိုက်ပြီး ခြေတွေလက်တွေ လေးလံ၊ ကိုက်ခဲ နာကျင်နေပေမဲ့ အမြဲတမ်းပြုံးရွှင်နေရတဲ့ မေရီရဲ့ဘဝဟာလည်း မလွယ်လှပါဘူး…။ ဒါပေမဲ့ မေရီ အပြုံးမပျက်ခဲ့ပါ..။

မေရီဟာ လူတွေသဘောကျအောင်လို့ ရယ်စရာမျက်နှာတွေအမျိုးမျိုး လုပ်ပြနိုင်တာမို့ နာမည်ကြီးသထက်ကြီးလာတယ်..။

မေရီဟာ ကလေး ၄ ယောက်ကို ချမ်းချမ်းသာသာနဲ့ ကျောင်းကောင်းကောင်းပို့နိုင်ခဲ့တယ်..။

၁၉၃၃ ခုနှစ်…၊ မေရီ သေသွားတယ်။ မေရီ့ အသက် ၅၉ နှစ်…။ မေရီဟာ Coney ကျွန်းမှာ သေတဲ့အထိ အလုပ်လုပ်ခဲ့တယ်..။

မေရီသေဆုံးပြီး အနှစ် ၇၀ အကြာ …။ ၂၀၀၀ ခုနှစ်လောက်ကစပြီး မေရီရဲ့ ဓာတ်ပုံဟာ Hallmark ပို့စကတ်တွေမှာပါလာတယ်..။ မေရီဟာ လူတွေအတွက်တော့ ရယ်စရာ…။ အဲဒီကတ်တွေကို Blind date ပို့စကတ်တွေအဖြစ်လည်း အသုံးပြုလာကြတယ်..။ Blind date ဆိုတဲ့ တစ်ခါမှ မမြင်ဖူးတဲ့ အမျိုးသမီးနဲ့ အမျိုးသားတွေ့ဆုံပွဲတွေ…၊ ဂိမ်းသဘောမျိုးပြိုင်ပွဲတွေ၊ TV အစီအစဉ်တွေမှာလည်း ပြလာကြတယ်..။

ဂိမ်းက ဒီလို…၊ ဂိမ်းစီစဉ်သူက အမျိုးသားကို ပထမဆုံး သူနဲ့တွေ့ရမယ့် အမျိုးသမီး ဓာတ်ပုံကိုပြတယ်..။ အဲဒါ မေရီ့ ဓာတ်ပုံ..။

မေရီရဲ့ဓာတ်ပုံကိုတွေ့တော့ အမျိုးသားတွေ ထိတ်လန့်သွားပုံက ရယ်စရာ။ ပြီးမှ ဂိမ်းစီစဉ်သူက အဲဒီအမျိုးသားကို သူတကယ်တွေ့ရမယ့် မိန်းကလေးဓာတ်ပုံပြတော့ အမျိုးသား စိတ်သက်သာရာ ရသွားပုံကိုကြည့်ပြီး လူတွေက ထပ် ရယ်မောကြ..။

အဲဒီလိုနေရာတွေမှာ မေရီရဲ့ဓာတ်ပုံကို သုံးလာကြတော့ Acromegaly ရောဂါကို ကုသနေတဲ့ ဒတ်ခ်ျဆရာဝန်က မေရီ့ကို မရယ်ကြပါနဲ့ ခင်ဗျာ..လို့ တောင်းဆိုခဲ့တယ်..။

ဆရာဝန်က… “ဒီလို ပြောင်လှောင်နေတာ ကျွန်တော် အတော့်ကို စိတ်အနှောင့်အယှက်ဖြစ်တယ်…မေရီ ရဲ့နာကျင်တဲ့ကြားက အပြုံးတွေ… ပြီးတော့ မေရီရဲ့ ဘဝကို ကျွန်တော် သိထားလို့ပဲ…” ဒါပေမဲ့ လူတွေက မရပ်ကြ…။ ရယ်နေကြဆဲ…။

ဘယ်သူတွေ ဘယ်လောက်ပဲ ရယ်ရယ် …ဒီရယ်သံတွေကို မေရီ ခွင့်လွှတ်နိုင်မှာပါ..။ မေရီ့ဘဝမှာ အဲဒီရယ်သံတွေက ခေါက်ရိုးကျိုးနေခဲ့…။

လောကကြီးမှာ လူတစ်ယောက်ကို လှတယ် သို့မဟုတ် ရုပ်ဆိုးတယ်လို့ ဘယ်သူကများ ဆုံးဖြတ်ပိုင်ခွင့်ပေးခဲ့လဲ..?

ဘယ်သူမှ မပေးခဲ့ပါ..။ ဒါပေမဲ့ လူတွေဟာ လှတယ်… ရုပ်ဆိုးတယ်…လို့ တစ်ယောက်ကိုတစ်ယောက် ဝေဖန်ကြတယ်။ ဆုံးဖြတ်ကြတယ်..။ အလှမယ်တွေ.. ရုပ်ဆိုးမယ်တွေ ရွေးကြတယ်..။

မေရီက ဆု (၂) ခုစလုံးကိုရခဲ့တာ..။ ကမ္ဘာ့ရုပ်အဆိုးဆုံး အမျိုးသမီး…။ ကမ္ဘာ့ အလှဆုံး မိခင်