Knowledge

ချစ်တာနဲ့မေတ္တာ” ရဲ့တူသလိုနဲ့ကွဲပြားခြားနားတဲ့ အဓိကအရင်းခံကွာခြားချက်

မင်္ဂလာပါ စာဖတ်ပရိတ်သတ်ကြီးရေ ချစ်တာနဲ့မေတ္တာဟာ တူသလိုနဲ့ကွဲပြားလှပါတယ်။ ချစ်တာက သံယောဇဉ်ကိုအရင်းခံပြီး မေတ္တာကတော့ ဗြဟ္မစိုရ်တရားကို အရင်းခံပါတယ်။ သံယောဇဉ်ဟာ ပူလောင်စေတတ်ပြီး ဗြဟ္မစိုရ်ကတော့ အေးမြစေတတ်ပါတယ်။ ချစ်တာက ကိုယ့်အတွက်ဖြစ်ပြီး မေတ္တာကသူများအတွက်ပဲ ဖြစ်ပါတယ်။

ပိုင်ဆိုင်ချင်တာ ရယူချင်တာ ထိန်းချုပ်ချင်တာ မနာလိုတာ သဝန်တိုတာစတာတွေဟာ အချစ်ရဲ့သင်္ကေတ သဘောတွေဖြစ်ပြီးကြီးပွားစေချင်တာ အန္တရာယ်ကင်းစေချင်တာ ကိုယ်ကျန်းမာ၍ စိတ်ချမ်းသာစေချင်တာ စတာတွေဟာ မေတ္တာရဲ့သင်္ကေတ သဘောတွေ ဖြစ်တဲ့အတွက် အချစ်နဲ့မေတ္တာဟာ အပူနဲ့အအေးလို ကွားခြားလှပါတယ်။

ချစ်တာက တဏှာပေမတွေနဲ့ ရောယှက်နေတဲ့အတွက် ပူလောင်စေပြီး မေတ္တာကတော့ အများအကျိုးလိုလားခြင်း သက်သက်ဖြစ်တဲ့အတွက် အေးမြစေပါတယ်။ အချစ်တွေသိပ်များရင် အပြစ်တွေလည်း သိပ်ပွားစေတတ်ပေမယ့် မေတ္တာတွေများနေရင်တော့ သစ္စာတရားတွေနဲ့ ငြိမ်းချမ်းမှုအားတွေကို ဖြစ်စေတတ်ပါတယ်။

အချစ်ကိုရှေ့တန်းတင်ထားရင် ကိုယ်ကချစ်လိုက်ချင်တာရယ် ကိုယ့်ကိုချစ်စေချင် တာတွေရယ်ကြောင့် လိုတာကိုမရတဲ့အခါ ပူလောင်ခံစားရတတ်ပေမယ့် မေတ္တာကို ရှေ့တန်းတင်ထားရင်တော့ ကိုယ့်အတွက်မပါ အများအကျိုးကိုသာလိုလားခြင်း သက်သက်ဖြစ်နေတဲ့အတွက် အများချမ်းသာလေကိုယ်လည်း ဝမ်းသာလေဖြစ်တော့တာဖြစ်ပါတယ်။

ချစ်တာက လောဘတဏှာကို အရင်းခံထားတဲ့အတွက် တဏှာရဲ့နောက်မှာ ဘယာဆိုတဲ့ဘေးတွေရောက်စေတတ်ပေမယ့် မေတ္တာကတော့ အကျိုးလိုလားခြင်း စေတနာကို အရင်းခံထားတဲ့အတွက် မေတ္တာရဲ့နောက်မှာ ကောင်းကျိုးချမ်းသာတွေပဲ ရောက်နေတတ်တာဖြစ်ပါတယ်။ ဒါကြောင့်အချစ်တွေများဖို့ထက် မေတ္တာပွားဖို့က ပိုလိုအပ်ပါတယ်။

အချစ်တွေများရင် ပိုင်ဆိုင်ချင်တာတွေ များတတ်ပေမယ့် မေတ္တာများရင်တော့ အကျိုးလိုလားမှုတွေ များစေတဲ့အတွက် တစ်ဦးနဲ့တစ်ဦး အချစ်များဖို့ထက် မေတ္တာထားနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။အဆုံးထိဖတ်ရှုပေးကြတဲ့ စာဖတ်ပရိတ်သတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။Crdမနာပဒါယီ ဆရာတော် – အရှင်ဝိစိတ္တ (ဒိုက်ဦး)