Knowledge

မိန်းမတစ်ယောက်ဖြစ်လာရင် ကိစ္စတိုင်းက ကိုယ့်ခေါင်းပေါ်ပဲ ပုံလာတော့တာလား

“နင်ကအမေပဲ ကလေးကိစ္စကို နင်ပဲဒိုင်ခံလုပ်ရမှာပေါ့”

“နင်ကမိန်းမလေ ဒီအိမ်ထောင်လေးတည်မြဲဖို့အတွက် နင့်မှာပဲတာဝန်ရှိတယ်”

“နင်ကအငယ်ပဲလေ ကိုယ့်ယောက္ခမကမှားနေရင်တောင် ပြန်ခံမပြောနဲ့ သူကအကြီးပဲ”

မိန်းမတစ်ယောက်ဖြစ်လာရင် ကိစ္စတိုင်းက ကိုယ့်ခေါင်းပေါ်ပဲ ပုံလာတော့တာလား။အပုံမခံချင်ရင် အိမ်ထောင်မပြုနဲ့လို့ ပြောကြမှာပေါ့။ ဘာလို့လဲ အိမ်ထောင်တစ်ခုကို တည်ဆောက်တယ်ဆိုတာ နှစ်ယောက်သဘောတူမှဖြစ်တာပဲလေ အမျိုးသားကရော တာဝန်မရှိဘူးလား။ ပတ်ဝန်းကျင်မှာ အမြဲတမ်းကြားနေရတဲ့ စကားတွေပါပဲ။ “ယောကျာ်းဆိုတာကတော့ ဒီလိုပဲရှိတတ်တာပဲ မိန်းမက အသုံးမကျရင် အပျော်ရှာတတ်တာ သဘာဝပဲ” တဲ့ သဘာဝကိုက ယောကျာ်းတွေအတွက် ကာထားပေးတယ်နော်။

နှစ်ယောက်အတူတည်ထောင်ပြီးမှ မြဲမြံဖို့အတွက်ကျ တစ်ယောက်တည်းကပဲ အစစအရာရာ သည်းခံလိုက်တဲ့လား၊ သူ့ဘာသူအပျော်မက်တာကလည်း ကိုယ့်အပြစ်ပဲတဲ့လား။ မိန်းမတစ်ယောက်အတွက် အခွင့်အရေးက ချိတ်ပိတ်ပြီးသား စာအိတ်တစ်အိတ်လိုမျိုးလား။

အမေမို့လို့ ကိုယ့်ကလေးဝေယျာဝစ္စကို လုပ်ရမယ်ဆိုတာကိုလည်း လက်ခံပြီးသားပါ။ ဒါပေမဲ့ အလုပ်များနေတဲ့အချိန်လေးမှာတော့ အတူတူ မျှဝေလုပ်လိုက်လို့မရဘူးလား။ ဥပမာ မိန်းမကအ၀တ်လျှော်နေတဲ့အချိန် ယောကျာ်းက ကလေးထိန်းမယ်၊ မိန်းမက ကလေးထိန်းနေတဲ့အချိန် ယောကျာ်းက ကလေးပစ္စည်းတွေ သိမ်းပြီး နေရာတကျပြန်ထည့်မယ် ဒီလိုလေးဆိုရင်ကော မရဘူးလား။ အမြဲတမ်းမြင်နေရသမျှမှာ “မွေးထားရင်တော့ လုပ်ရမှာပဲ အမေဆိုတာ အကုန်လုပ်” ဆိုတော့ အမေလည်း လူပဲကွယ်။ လူမအားတာ၊ စိတ်မအားတာမျိုးမရှိရတော့ဘူးလား။

အလုပ်များနေတဲ့အချိန် ကလေးကို ခဏလေးကြည့်ထားဖို့ပြောတဲ့မိန်းမသားက မိခင်တာဝန်မကျေသူဖြစ်ပြီး ထိုင်ခုံမှာအေးအေးဆေးဆေးထိုင်ပြီး ဂိမ်းဆော့နေတဲ့ ယောကျာ်းကတော့ တစ်နေကုန်အလုပ်လုပ်လို့ပင်ပန်းတာကို အနားယူတာတဲ့လား။ သြော် အလုပ်လုပ်တာချင်း အတူတူတောင်လေ။

ဘယ်သူမှားမှား ကိုယ့်အမှားလို့ အမြဲအပြစ်တင်ခံနေရတာကိုလည်း ငြီးငွေ့ခွင့်ရယ်မရှိဘူးလား။ “ သားက အိမ်မှာအငယ်ဆုံးဆိုတော့ အနိုင်လိုချင်တာလေ” ကျွန်မတို့ကရော ကျွန်မတို့အမေရဲ့ အချစ်ခံလေးပဲမဟုတ်ဘူးလား။ “ အိမ်မှာဆို သားကိုဘာမှခိုင်းတာတောင်မဟုတ်ဘူး မိန်းမရမှာ လုပ်နေရတာဟေ့” လို့ နာတတ်တဲ့သူက သူ့သမီးကိုဝိုင်းမလုပ်ပေးလို့ သူ့သားမက်ကိုဆူနေခဲ့တာ သူမဟုတ်တော့တဲ့အတိုင်းပဲ။ တကယ်ဆို ကိုယ်ချင်းစာစိတ်ကလေးတစ်ခုပဲ လိုတာပါ။

ချွေးမကလည်း ငါ့အမေသာဆို၊ ယောက္ခမကလည်း ငါ့သမီးလေးသာဆိုနဲ့ အပြန်အလှန် ကိုယ်ချင်းစာစိတ်ကလေးများထားပေးရင် ဘာမှ အချေအတင်ဖြစ်စရာကိုမလို။ တချို့ကိစ္စတွေက တအားကြီးစွက်ဖက်လို့ကောင်းတာမျိုးမဟုတ်ဘူးမလား လွှတ်ထားပေးသင့်လွှတ်ထားပေးရတာ။


အပြန်အလှန်လေးစားမှုနဲ့ ကိုယ့်တာဝန်ကိုယ်ယူကြမယ်ဆိုရင် အဖုအထစ်တွေလည်း တတ်နိုင်သမျှ လျော့မှာ၊ ခရီးလမ်းတစ်လျှောက်မှာလည်း ပိုပြီးပြေပြစ်လာဦးမှာ။ ချစ်ခြင်းမေတ္တာနဲ့ ကိုယ်စီကိုယ်ငှနားလည်ပြီး အပေးအယူမျှမျှ တည်ရှိနေသမျှတော့ ဒီအိမ်ကလေးက သာယာနေမှာပါ၊ နေချင်စဖွယ် မိသားစုလေး ဖြစ်နေဦးမှာ … ။ ။

ချစ်တဲ့

Unicode