Uncategorized

စာဖတ်တိုင်း မမှတ်မိမဲ့အတူတူ ဘာလို့စာဖတ်နေတာလဲ

ခေါင်းစဉ်လေးက သိပ်လှတယ်ဗျာ။ ဘာတဲ့ စာဖတ်တိုင်း

မမှတ်မိမဲ့အတူတူ ဘာလို့ စာဖတ်နေတာလဲတဲ့။ နည်းနည်းလေးတော့ ခေါင်းစားသွားမယ် ထင်တယ်ဗျ။ ကျနော်လည်း တွေ့စက ခေါင်းစားသွားခဲ့ပါတယ်။ ဘာအဓိပ္ပါယ်လည်းပေါ့ လူပျင်းတွေကိုများ တိုက်တွန်းနိုးဆော်ထားတဲ့စာလားဆိုပြီး စိတ်ဝင်စားပြီး ဖတ်ဖြစ်ခဲ့တယ်(ကိုယ်ကလည်း ခပ်ပျင်းပျင်းကိုး)။ စာပုဒ်လေးကို အဆုံးထိဖတ်လိုက်မှ နားလည်သွားတော့တယ်။ သိပ်မှန်တဲ့ စာသားလေးဗျာ။

ကျနော်စာဖတ်တာ ဝါသနာပါပါတယ် ဒါပေမဲ့ ကျနော် စာဖတ်လိုက်တိုင်း ရှေ့ကဟာဖတ်ရင် နောက်ကဟာမေ့နဲ့ နောက်ကဟာဖတ်ရင် ရှေ့ကဟာမေ့နဲ့ သံသရာလည်နေပါတယ်။ ဒါကြောင့် ကျနော့်ကိုယ်ကျနော် တွေးထင်ခဲ့မိတယ် ငါဟာအလွန်ညံ့တဲ့ကောင်ဘဲ ဘာမှသုံးစားမရတဲ့ကောင်ပေါ့။ ဒါပေမဲ့ ဒီစာပုဒ်လေး ဖတ်ပြီးတဲ့အချိန်မှာ အားတွေတက်လာတယ် ခွန်အားတွေပြည့်လာတယ် ပြောရမယ်ဆိုရင် စာဖတ်ချင်စိတ်တွေ များပြားလာခဲ့တယ်……..။ ကျနော်ဖတ်ခဲ့တဲ့ ပညာပေး စာပုဒ်လေးကတော့………..

တစ်နေ့တော့ မြေးအဖိုး နှစ်ယောက်ဟာ ကမ်းစပ်မှာထိုင်ပြီး စကားပြောနေကြတယ်။ မြေးငယ်လေးက သူ့အဖိုးကို မေးလိုက်တယ်”ဖိုးဖိုး ဖိုးဖိုး နေ့တိုင်းစာတွေဖတ်နေတာ ဘယ်လောက်မှတ်မိသလဲ မေ့သွားမဲ့အတူတူ ဘာလို့ စာဖတ်နေတာလဲ”တဲ့ ဒီအချိန်မှာ အဖိုးက သူ့မြေးလေးကို ပြုံးပြပြီး “ဟိုနားက မီးသွေးထည့်ထားတဲ့ ခြင်းကြားလေး သွားယူခဲ့စမ်း မြေးလေး” လို့ပြောလိုက်တယ် မြေးလေးလည်း နားမလည် စွာနဲ့ဘဲ ခြင်းကြားကို ယူခဲ့တယ်”ကဲ အဲ့ဒီခြင်းကြားနဲ့ မြစ်ထဲကရေတွေကို ခပ်ခဲ့ပါအုံးမြေးလေး”လို့ ပြောတယ်။ အဖိုးကအဲ့လိုပြောတော့ မြေးကပိုပြီး ဇဝေဇဝါ ဖြစ်သွားတာပေါ့။

ဒီခြင်းကြားနဲ့ ရေခပ်လို့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူးဆိုတာ သူသိနေတယ်လေ။

ဒါပေမဲ့လည်း အဖိုးခိုင်းတဲ့အတိုင်းဘဲ မြစ်ထဲကို ဆင်းပြီး ခြင်းကြားကိုရေထဲနစ်လိုက်တယ် ပြီးတော့ ပြန်မှလိုက်တယ် ရေက ပါမလာဘူး။ အဖိုး သူ့ကို ဘာလို့ အဲ့လိုလုပ်ခိုင်းမှန်း သူနားမလည် ဖြစ်နေတယ်။ အဖိုးက ကြည့်နေရင်းကနေ “ထပ်စမ်းကြည့်ပါအုံး မြေးလေး”လို့ ပြောတယ်။ ဒီအခါ မြေးဖြစ်သူလည်း အဖိုးပြောတဲ့အတိုင်း ထပ်စမ်းကြည့်တယ် ရေက ပထမအတိုင်းဘဲ ပါမလာဘူး။ အကြိမ်ရေ ဆယ်ခါမက ထပ်ခါထပ်ခါ စမ်းကြည့်တယ် ရေက ပါမလာဘူး။ ထိုအခါ အဖိုးက “မြေးလေး မြေးလေးရဲ့ခြင်းကြားကို ကြည့်စမ်းပါအုံး အရင်ယူခဲ့တုန်းကခြင်းကြားနဲ့ တူတေးလားလို့”မေးလိုက်တယ်။ အရင်တုန်းက မီးသွေးတွေထည့်ထားလို့ ညစ်ပတ်နေတဲ့ ခြင်းဟာ ရေကြည်ရဲ့ ဆေးကျောမှု့ကြောင့် သန့်ရှင်းစင်ကြယ်လာတာကို မြေးဖြစ်တဲ့သူက သတိပြုမိလိုက်တယ်။ အဖိုးက ဆက်ပြောတယ်”စာဖတ်တယ်ဆိုတာ ခြင်းကြားနဲ့ ရေခပ်သလိုပါဘဲ မြေးလေးရဲ့ ရေတွေက ခြင်းကြားထဲကို စီးဆင်းသွားပြီး အပြင်ပန်းက ကြည့်ရင်တော့ ဘာမှမရလိုက်ဘူးဆိုပေမဲ့ မသိမသာနဲ့ခြင်းကို သူက ဆေးကျောပေးသွားတယ်လေ။ စာဖတ်တယ်ဆိုတာလည်း ဒီခြင်းကြားလိုဘဲ လူတွေရဲ့စိတ်ဝိညဉ်ကို သန့်ရှင်းကြည်လင်အောင် ဆေးကျောပေးတာနဲ့အတူတူဘဲပေါ့ မြေးလေးရဲ့” တဲ့ခင်ဗျာ။ ဒါဟာ စာဖတ်ခြင်းရဲ့ အကျိုးရလာဒ် ဖြစ်ပါတယ် စာအုပ်တစ်အုပ် ဖတ်ပြီးပြီးချင်း အသိဉာဏ်ပညာတွေရလိုက်တယ် စိတ်ဓာတ်ခွန်အားတွေတိုးမြင့်လာတယ်ဆိုတာမျိုးက မဖြစ်နိုင်ပါဘူး ဒါပေမဲ့ စာအုပ်တစ်အုပ် ဖတ်ပြီးတိုင်း မသိစိတ်ထဲကနေ အသိတစ်ခုတော့ ရလိုက်ပါတယ် အဲ့ဒီအသိစိတ်က ကိုယ့်ကို မသိမသာ ပြောင်းလည်းနေစေပါတယ် တရုတ်စာရေးဆရာတစ်ဦးကပြောတယ် “စာအုပ်ပေကောင်းတစ်ခုကို ကျနော်တို့ တစ်ခါဖတ်လိုက်တိုင်း သူတို့က ကျနော်တို့ကို ဆွဲခေါ်သွားတတ်တယ် ကျနော်တို့ ပြန်ရောက်လာတဲ့အခါ ကျနော်တို့နဲ့အတူ သူတို့အမြဲတမ်း ရှိနေပါတော့တယ်” စာအုပ်တစ်အုပ် ဖတ်ပြီးတိုင်းမှာ စိတ်ဝိညဉ်ကို တစ်ခါဆေးကျောခြင်း ဖြစ်ပါတယ် ဖတ်ပြီးသမျှစာတွေ မေ့ကုန်တယ်ဆိုတာ ကျနော်တို့ ထင်ထားတာပါ တကယ်တော့ စာအုပ်တွေဟာ ကျနော်တို့ရဲ့ အသိဉာဏ်ထဲမှာ ကိန်းအောင်းနေပြီး ဘဝကို ပြုပြုင်ပြောင်းလည်းနေစေပါတယ်။

Credit to Original Writer