Knowledge

အလယ်ခေတ် ကမ္ဘာ့အံ့ဖွယ် ၇ ခု

အလယ်ခေတ်တွင် ကမ္ဘာ့အံဖွယ်များနှင့်ပတ်သက်၍ စာရင်းအမျိုးမျိုးရှိခဲ့သည် ဟု ဆိုကြသည်။ သို့သော်အောက်ပါစာရင်းမှာ ထိုခေတ်မှစာရင်းဖြစ်သည်ဟု မယူဆနိုင်ပေ။ အကြောင်းမှာ အလင်းခေတ်တိုင်သည်အထိ အလယ်ခေတ်ဆိုသော စကားလုံးကို သုံးနှုန်းခဲ့ခြင်းမရှိခြင်းကြောင့် တစ်ကြောင်း၊ အလယ်ခေတ်ဆိုသော သဘောတရားမှာ ၁၆ရာစုတိုင်သည်အထိ ထင်ရှားခြင်းမရှိခဲ့ခြင်းကြောင့်တစ်ကြောင်း စသည်တို့ကြောင့်ဖြစ်သည်။ ဘရူဝါမှ ထိုစာရင်းမှာ အလယ်ခေတ်နောက်ပိုင်းမှ ပြုစုခဲ့သောစာရင်းဖြစ်သည်ဟု အကြံပြုခဲ့ပြီး နောက်ကျသောစာရင်းဟု ညွှန်းဆိုခဲ့သည်။

ထိုစာရင်းများမှ အဆောက်အဦးအများစုမှာ အလယ်ခေတ်မတိုင်မီ အလွန်စောစီးသောအချိန်ကပင် တည်ဆောက်ခဲ့ကြပြီး ထိုစာရင်းမှာ “အလယ်ခေတ်မှကမ္ဘာ့အံဖွယ်များ” (၇ နှစ်ဂဏန်းဖြင့် ကန့်သတ်ထားခြင်းမရှိပေ။)၊ “အလယ်ခေတ်မှ အံဖွယ်ခုနစ်ပါး”၊ “အလယ်ခေတ်စိတ်ကူး” နှင့် “အလယ်ခေတ်မှ ဗိသုကာဆိုင်ရာအံဖွယ်များ” ဟူ၍ အမည်အမျိုးမျိုးခေါ်ဝေါ်ကြသည်။ ပုံမှန်အားဖြင့် ထိုစာရင်းတွင် ပါဝင်သော အလယ်ခေတ်မှကြီးကျယ်ခမ်းနားသော အံ့ဖွယ်များမှာ အောက်ပါအတိုင်းဖြစ်သည်။ ၁။ စတုန်းဟင်းခ်ျ ၂။ ကိုလော့စီယမ်၊ ၃။ ကွန်အယ်လ်ရှိုကာဖာ၏ မြေအောက်သင်္ချိုင်း၊ ၄။ တရုတ်ပြည်မှ မဟာရံတံတိုင်းကြီး ၊ ၅။ နန်ဂျင်းမှကြွေမျှော်စင် ၊ ၆။ ဟာဂီယာ ဆိုဖီယာ ၊ ၇။ ပီဆာရှိ ယိုင်နေသောမျှော်စင်

၁။ စတုန်းဟင်းခ်ျ

စတုန်းဟင်းခ်ျ (Stonehenge) ဆိုသည်မှာ သမိုင်းမတိုင်မီ ကာလကပင် တည်ရှိခဲ့သော အထိမ်းအမှတ် အဆောက်အဦး တစ်ခုဖြစ်ပြီး အင်္ဂလန်နိုင်ငံ ဝစ်ရှိုင်းယား (Wiltshire) ခရိုင် အမတ်စ်ဘူရီ (Amesbury) မြို့ မြောက်ဖက် ၂မိုင် (၃.၂ကီလိုမီတာ) အကွာ စလစ်စ်ဘူရီ (Salisbury) မြို့၏ မြောက်ဖက် ၈.၁မိုင် (၁၃ ကီလိုမီတာ) အကွာတို့တွင် တည်ရှိသည်။ စတုန်းဟင်းခ်ျတွင် မြေကတုတ် နှင့် ထိုအရာကို စက်ဝိုင်းပုံသဏ္ဌန် ဝိုင်းရံထားသော ထောင်မတ်နေသည့် ကြီးမားသော ကျောက်တုံးများပါဝင်သည်။

ရှေးဟောင်း သုတေသန ပညာရှင်များက ဤကျောက်တုံးသဏ္ဌန် တည်ဆောက်မှုသည် ဘီစီ ၂၅၀၀ ခန့်ကပင်တည်ရှိခဲ့ပြီး ဘီစီ ၂၄၀၀ မှ ဘီစီ ၂၂၀၀ အထိ အချိန်ကာလအတွင်း တိုးတက်ပြောင်းလဲလာခဲ့သည် ဟုယူဆကြသည်။ သို့သော် ယခုလက်ရှိတွေ့မြင်နေရသော ကျောက်တုံးများမှာ ထိုနေရာရှိ အစောဆုံး ကျောက်တုံးတည်ဆောက်မှုများ မဟုတ်ပေ။

ပထမဦးဆုံးတည်ဆောက်မှုတွင် ပါဝင်ခဲ့ပြီး ယခုထက်တိုင် ဘေးပတ်ဝန်းကျင်တွင် တွေ့မြင်နိုင်သော မြေကတုတ်နှင့် တူးမြောင်းများကို ဘီစီ ၃၁၀၀ ခန့်တွင် တည်ဆောက်ခဲ့ကြသည်။ ထိုနေရာနှင့် ပတ်ဝန်းကျင်နေရာများကို ယူနက်စကို၏ ကမ္ဘာ့ သမိုင်းဝင် အမွေအနှစ်များ အဖြစ် ၁၉၈၆ ခုနှစ်တွင် ထည့်သွင်းခဲ့ပြီး အေ့ဗ်ဘူရီ ဟင်းခ်ျတည်ဆောက်မှုများ (Avebury henge monument) နှင့်အတူတွဲဖက်၍ စာရင်းသွင်းခဲ့သည်။

၂။ ကိုလော့စီယမ်

ကေ်ာလိုဆီယမ်ဆိုတာ အီတလီရောမမြို့ရဲ့အလယ်ခေါင်မှာရှိတဲ့ ဧရာမကဇာတ်ရုံကြီးဖြစ်ပါတယ်။ သူ့ကို Flavian ကဇာတ်ရုံလို့လည်းခေါ်ကြပါတယ်။ ရောမ Flavian မင်းဆက်မှာ တည်ဆောက်ခဲ့လို့ဖြစ်ပါတယ်။ နီရိုဘုရင်ကြီးရဲ့ကြေးရုပ်တု(Colossus of Nero) အနီးမှာဆောက်ခဲ့တဲ့ဇာတ်ရုံဖြစ်တာကြောင့် Colosseum ဆိုတဲ့နာမည်ဖြစ်လာပါတယ်။

ဒီဇာတ်ရုံကြီးကို အေဒီ ၇၂ခုနှစ် ဘုရင် Vespasian လက်ထက်မှာ တည်ဆောက်ခဲ့ပြီး သူ့ရဲ့သား Titus လက်ထက် အေဒီ ၈၁ခုနှစ်(၉နှစ်အကြာ) မှာ ပြီစီးခဲ့ပါတယ်။ ဒီလိုတည်ဆောက်တဲ့နေရာမှာ ဂျူးလူမျိုးအစေခံ ၆သောင်းခန့်ကို သုံးခဲ့ပါတယ်။ ကျောက်တုံးနဲ့ ကွန်ကရစ်ကိုသုံးကာ တည်ဆောက်ခဲ့တဲ့ ဇာတ်ရုံကြီးဖြစ်ပြီး ဆောက်ခဲ့သမျှရှေးဟောင်း ကွန်ကရစ်ဇာတ်ရုံတွေထဲမှာ အကြီးဆုံးလည်းဖြစ်ပါတယ်။

မြေဧက ၆ဧကပေါ်မှာဆောက်လုပ်ထားတဲ့ ဇာတ်ရုံကြီးရဲ့ပုံစံဟာ ဘဲဥပုံသဏ္ဍာန်ရှိပြီး အမိုးမပါပဲ ထိုင်ခုံတန်းများကို အဝိုင်းအဆင့်ဆင့်နဲ့ တည်ဆောက်ထားခဲ့ပါတယ်။ လူပေါင်း ၅သောင်းကနေ ၈သောင်းအထိဆန့်တဲ့ ဇာတ်ရုံကြီးဖြစ်ပါတယ်။ ဇာတ်ရုံဟု ဆိုပေမယ့် ဇာတ်ပွဲတွေပြတာမဟုတ်ပဲ။ တိုက်ခိုက်ပွဲ သတ်ဖြတ်ပွဲတွေ ပြုလုပ်တာဖြစ်ပါတယ်။

စစ်သည် ၊ သုံ့ပန်း ၊ တိရစ္ဆာန်များဟာ တစ်ဦးချင်း ၊ အုပ်စုလိုက် စသည့်ဖြင့် သတ်ဖြတ်သည့်ပွဲ ၊ လူကိုခြသေ့ၤစာကျွေးပွဲတွေကို ကြည့်ရှုသူတွေက အားပေးကြတာဖြစ်ပါတယ်။ ဒီလိုတိုက်ပွဲတွေဟာ အဲဒီခေတ်က အပန်းဖြေကြည့်ရှု့စရာဖြစ်ခဲ့ပါတယ်။ အများအားဖြင့် ကျွန်တွေကို အမြဲလေ့ကျင့်စေကာ လက်နက်ကိရိယာအမျိုးမျိုးနဲ့ တိုက်ခိုက်စေတာဖြစ်ပါတယ်။ ကျွန်တွေကို သူဌေးကြီးတွေ ၊ အရာရှိကြီးတွေက ပိုင်ဆိုင်ထားပြီး ပြိုင်ပွဲမှာ နိုင်တဲ့ကျွန်ဟာ သူတို့ရဲ့ဂုဏ်ကိုတက်စေပါတယ်။

ဒီဇာတ်ရုံကြီးမှာ ကျွန်တွေနဲ့ တိရစ္ဆာန်တွေကို ထားတဲ့နေရာတွေကိုလည်းထည့်သွင်းထားပြီး ယနေ့တိုင်မြင်တွေ့နိုင်ပါသေးတယ်။ တိုက်ခိုက်သတ်ဖြတ်ပွဲများကို နှစ်ပေါင်း ၃၉၀ ခန့်ကြာအောင် ဘုရင်အဆက်ဆက်က အစဉ်အလာတစ်ခုလို ကျင်းပခဲ့ပြီး ဒီကွင်းကြီးမှာသေဆုံးခဲ့သူပေါင်းဟာ ၄သိန်းထက်မနည်းရှိခဲ့ပြီး ၊ တိရစ္ဆာန်ပေါင်းလည်း သိန်းနဲ့ချီပြီး သတ်ဖြတ်ခံခဲ့ရပါတယ်။

လူနေမှုစနစ် နဲ့ အတွေးအခေါ်များမြင့်တက်လာပြီး ခေတ်အလယ်ပိုင်းရောက်တဲ့အခါမှာတော့ သတ်ဖြတ်ပွဲတွေကို ဒီကွင်းကြီးထဲမှာမလုပ်တော့ပဲ ပုံမှန်ဖျော်ဖြေပွဲနဲ့ ဘာသာရေးပွဲများသာ ပြုလုပ်တော့ပါတယ်။ ငလျှင်ဒဏ်နဲ့ ကျောက်တုံးများခိုးယူဖျက်စီးသူများကြောင့် ယခုအခါမှာ မူလဇာတ်ရုံရဲ့ သုံးပုံ နှစ်ပုံသာ ကျန်ပါတော့တယ်။

ယနေ့တိုင် အထင်ရှားဆုံး ရှေးဟောင်း ကဇာတ်ရုံတစ်ရုံအဖြစ် ရပ်တည်နေပြီး ယူနက်စကိုရဲ့ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် တစ်ခုအဖြစ်သတ်မှတ်ထားခံရကာ နှစ်စဉ် ကမ္ဘာလှည့်ခရီးသွားပေါင်း သန်းချီပြီးလာရောက်လေ့ရှိတဲ့နေရာလည်းဖြစ်ပါတယ်။

၃။ ကွန်အယ်လ်ရှိုကာဖာ၏ မြေအောက်သင်္ချိုင်း

ကွန်အယ်လ်ရှိုကာဖာ၏ မြေအောက်သင်္ချိုင်း (The Catacombs of Kom el Shoqafa) သည် အီဂျစ်နိုင်ငံ အလက်ဇန္ဒရီးယားမြို့ တွင် ရှိသော သမိုင်းဝင်ရှေးဟောင်းသုတေသန နေရာတစ်ခုဖြစ်ပြီး အလယ်ခေတ်၏ အံဖွယ် ခုနစ်ခုတွင် အပါအဝင် ဖြစ်သည်။ အေဒီ ၂ရာစုခန့်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး လှိုဏ်ခေါင်းလမ်းကြောင်းများစွာ ပါဝင်သည်။ အထပ်သုံးထပ်ရှိပြီး မြေအောက်အနက်ပေ ၁၀၀ ဝန်းကျင်ခန့်အထိရှိသည်။ ကျောက်တုံးများကို ဖြတ်ထုတ်ပြီးတည်ဆောက်သည့်နည်းပညာ ( rock-cut technology ) ကို အသုံးပြု၍ တည်ဆောက်ထားသည်။

စနစ်အလွန်ကျပြီး အခန်းပေါင်းများစွာ ပါဝင်သည့်အပြင် လှေကားအဆင့်ဆင့်ဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။ ထိုသင်္ချိုင်းတွင် အလက်ဇန္ဒရီးယား မြို့သားတို့၏ ဂူများ၊ ရုပ်ထုများ၊ ဖာရိုးနစ် အသုဘ အခမ်းအနားမှ ဟယ်လင်နှင့် အစောပိုင်း အင်ပီရီယယ် ရောမတို့ လွှမ်းမိုးမှုများ ပါဝင်သော သမိုင်းဝင် ပစ္စည်းများ တို့ ရှိနေသည်။ ကွန်အယ်လ် ရှိုကာဖာ၏ မြေအောက် သင်္ချိုင်းတွင် ရောမ၊ ဂရိ နှင့် အီဂျစ်တို့၏ ယဉ်ကျေးမှုများ ရောယှက်နေသည်ကို တွေ့နိုင်သည်။ အချို့ ရုပ်ထုများမှာ အီဂျစ်ပြည်သား စတိုင်လ် ဖြစ်သော်လည်း ရောမတို့၏ အဝတ်အစားနှင့် ဆံပင်ပုံစံတို့ ရှိကြသည်။

သင်္ချိုင်းအဖြစ် ၂ရာစု မှ ၄ရာစုခန့်အထိ အသုံးပြုခဲ့ပြီး ယနေ့ထိတိုင်မူလအတိုင်း ကျန်ရှိနေဆဲဖြစ်သည်။ မြေကြီးအောက်တွင်တည်ရှိနေပြီး အကာအကွယ်များကြောင့် မပျက်စီးခဲ့ခြင်းဖြစ်သည်။ နှစ်ရာပေါင်းများစွာ ပျောက်ကွယ်နေခဲ့ပြီး ၁၉၀၀ ခုနှစ်မှ ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ အမှန်တော့ ၁၈၉၂ခုနှစ်ကတည်းက ရှာဖွေခဲ့ကြသော်လည်း မတွေ့ခဲ့ပဲ မြည်းတစ်ကောင်လှိုဏ်ခေါင်းထဲကို ပြုတ်ကျခဲ့ရာမှ မတော်တဆ ရှာဖွေတွေ့ရှိခဲ့ကြခြင်းဖြစ်သည်။ ၁၉၉၅ခုနှစ်တွင် မှ လူများကြည့်ရှု့နိုင်စေရန် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။

၄။ တရုတ်ပြည်မှ မဟာရံတံတိုင်းကြီး

အဓိပ္ပါယ်အားဖြင့် ၁၀၀၀၀ လီ ( ၁ လီ = ၁/၃ မိုင်) ရှည်လျားသော တံတိုင်းကြီးဟု အဓိပ္ပါယ်ရသည်။ တရုတ်နိုင်ငံမှ အတွဲလိုက် တည်ဆောက်ထားသော မြေကတုပ် နှင့် ကျောက်ကတုပ်များဖြစ်ပြီး ဘီစီ ၆ရာစု မှ အေဒီ ၁၆ရာစုအတွင်း တရုတ်မင်းဆက် အဆက်ဆက်တို့လက်ထက်တွင် တရုတ်အင်ပါယာ၏ မြောက်ဖက်နယ်စပ်ကို ရှုန်းနူ (Xiong-nu) တို့၏တိုက်ခိုက်မှုမှ ကာကွယ်ရန် တည်ဆောက်ခြင်း၊ ပြန်လည်တည်ဆောက်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းတို့ကို ပြုခဲ့ကြသည်။

မဟာရံတံတိုင်းဟု ရည်ညွှန်းသော အချို့တံတိုင်းများမှာ ဘီစီ ၅ရာစုကပင် စတင်တည်ဆောက်ခဲ့ကြသည်။ အထင်ရှားဆုံးတံတိုင်းမှာ တရုတ်၏ ပထမဆုံးအင်ပါယာ ချင်ရှိဟွမ် (Qin Shi Huang) ၏လက်ထက် ဘီစီ ၂၂၀- ၂၀၀ကြားတွင် တည်ဆောက်ခဲ့ပြီး ယခုအခါ အနည်းငယ်သာ ကြွင်းကျန်ရစ်တော့သည်။ ထိုတံတိုင်းမှာ ယခုလက်ရှိတည်ရှိနေသော မင်မင်းဆက် ( Ming Dynasty) လက်ထက်တွင် တည်ဆောက်ခဲ့သော တံတိုင်း၏ မြောက်ဖက် အလွန်ဝေးလံသော နေရာတွင် တည်ရှိသည်။

မဟာရံတံတိုင်းကြီးသည် အရှေ့ဖက် ဆန်းဟိုင်ကွမ်း ( Shan-hai-guan) မှ အနောက်ဖက် လော့ပ်နော်(Lop Nur) အထိ မိုင်ပေါင်း ၄၀၀၀ (ကီလိုမီတာ ၆၄၀၀) ခန့် ရှည်လျားသည်။ မွန်ဂိုးလီးယားအတွင်းပိုင်း၏ တောက်ဖက်နယ်စပ်တလျှောက်ကို လခြမ်းပုံသဏ္ဌာန်ရစ်ပတ်ထားပြီး စုစုပေါင်း မိုင်ပေါင်း ၄၁၆၀ (၆၇၀၀ကီလိုမီတာ) အထိရှည်လျားသည်။ (၂၀၁၂ ခုနှစ် သုတေသနပညာရှင်များ ပြန်လည်တိုင်းတာမှုအရ ခွဲဖြာထွက်သွားသော အစိတ်အပိုင်းများကိုပါ ထည့်ပေါင်းလျှင် စုစုပေါင်း တံတိုင်းကြီး၏ အရှည်မှာ ၁၃၁၇၁ မိုင် ဟု သိရ) အထွဋ်အထိပ်သို့ရောက်ရှိနေသော အချိန်ကာလအတွင်းတွင် မင်တံတိုင်းကို လူပေါင်း တစ်သန်းကျော်က စောင့်ကြပ်ခဲ့သည်။ တရုတ်လူမျိုးပေါင်း ၂သန်းမှ ၃သန်းအထိ ရာစုနှစ်နှင့်ချီသော တံတိုင်းတည်ဆောက်မှု စီမံကိန်းလုပ်ငန်းအတွင်း သေဆုံးခဲ့သည်ဟု ခန့်မှန်းရသည်။

၅။ နန်ဂျင်းမှကြွေမျှော်စင်

နန်ဂျင်းမှ ကြွေမျှော်စင်(သို့မဟုတ် ကြွေဘုရား) သည် ဘောင်အန်စီ (Bao’ensi)(ကျေးဇူးဘုရားကျောင်း) ဟုလည်း လူသိများပြီး တရုတ်နိုင်ငံ နန်ဂျင်း ရှိ ယန်စီမြစ်၏တောင်ဖက် ကမ်းပါးတွင် တည်ရှိသော သမိုင်းဝင် ရှေးဟောင်းသုတေသနနေရာတစ်ခုဖြစ်သည်။ ထိုအဆောက်အဦးသည် ၁၅ရာစုတွင် ဗုဒ္ဓဘာသာ ဘုရားကျောင်းအဖြစ်တည်ရှိခဲ့ပြီး အဆောက်အဦး၏ အစိတ်အပိုင်းအများစုမှာ ၁၉ရာစု တိုင်ပင်းပုန်ကန်မှု အတွင်း၌ ပျက်စီးခဲ့သည်။

ကြွေမျှော်စင်ကို မင်းဆက်တစ်ဦးဖြစ်တဲ့ ယုံလီဧကရာဇ် (၁၄၀၂-၁၄၂၄) လက်ထက်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ အခြေအကျယ်အဝန်း၏ အချင်းမှာ ၉၇ပေ ရှိပြီး အမြင့်မှာ ၂၆၀ပေ ရှိသည်။ အထပ်ကိုးထပ် ၊ လှေကားထစ် ၁၈၄ထစ်ပါသော ကြောင်လိမ်လှေကားတစ်ခု နှင့် အလယ်ဗဟိုတွင် စေတီတစ်ဆူပါရှိသည်။ အမိုးထိပ်ဆုံးတွင် ရွှေရောင်နာနတ်သီးပုံစံဖြင့် အမှတ်အသားပြုလုပ်ထားသည်။

၁၈၀၁ခုနှစ်တွင် မိုးကြိုးအပစ်ခံခဲ့ရပြီး အပေါ်ဆုံး ၄ထပ်ပျက်စီးခဲ့သော်လည်း အချိန်တိုအတွင်းပြန်လည်ပြင်ဆင်နိုင်ခဲ့သည်။ ၁၈၅၀ခန့်တွင် Taiping ပုန်ကန်မှုဖြစ်ပွားပြီး နန်ကျင်းမြို့သည်ပုန်ကန်သူများလက်အောက်သို့ ရောက်ရှိခဲ့သည်။ မျှော်စင်အတွင်းဘက်ရှိ ရုပ်တုများ ၊ ပန်းချီများ ဖျက်စီးခံခဲ့ရသည်။ ၁၈၅၆ခုနှစ်တွင်မှု မျှော်စင်ကြီးတစ်ခုလုံးကို Taiping သူပုန်များ က အပြီးတိုင်ဖြိုချပစ်ခဲ့သည်။ ဖြိုချခံခဲ့ရသည့် မျှော်စင်မှ အပိုင်းအစများကို အခြားအဆောက်အဦးများတွင် အသုံးပြုကြသဖြင့် မျှော်စင်နေရာမှာ မြေကွက်လပ်ဖြစ်သွားခဲ့သည်။

၂၀၁၀ခုနှစ်တွင် တရုတ်နိုင်ငံ၏ အချမ်းသာဆုံးသူဌေးကြီးတစ်ဦးဖြစ်သူ အိမ်ခြံမြေသူဌေးကြီး Wang Jianlin က ကြွေမျှော်စင်ကို မူလပုံစံအတိုင်းပြန်လည်ဆောက်လုပ်ရန် ၁ဘီလျံယွန်(ဒေါ်လာ ၁၆၅သန်း) ကို တစ်ဦးတည်းလှူဒါန်းခဲ့သည်။ ၅နှစ်အကြာ ၂၀၁၅ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့ပြီး တချိန်က ကြွေမျှော်စင်ကို ပြန်လည်မြင်နိုင်ပြီဖြစ်သည်။

၆။ ဟာဂီယာ ဆိုဖီယာ

ဟာဂီယာ ဆိုဖီယာ အဆောက်အအုံသည် တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့တွင် တည်ရှိသည်။ အေဒီ ၅၃၇ ဘိုင်ဇင်တိုင်းအင်ပါယာ ဂျပ်စတင်းနီးယန်း ဘုရင်ကြီး လက်ထက်တွင် ခရစ်ယာန်ဘာသာ ထွန်းကားမှုအထိမ်းအမှတ်အဖြစ် ရည်ရွယ်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ တည်ဆောက်ခဲ့သည့် ဗိသုကာ ပညာရှင်များမှာ Anthemius of Tralles နှင့် Isidorus of Miletus တို့ဖြစ်ကြသည်။ ဘိုင်ဇင်တိုင်းအင်ပါယာ၏ အရေးအပါဆုံး အဆောက်အဦး နှင့် အကြီးကျယ်ဆုံးအဆောက်အဦးဖြစ်ခဲ့သည်။

ဆောက်လုပ်ပြီးသည့်အချိန်မှစ၍ ၁၄၅၃ ခုနှစ်အထိ ခရစ်ယာန်ဘုရားကျောင်းအဖြစ် တည်ရှိခဲ့သည်။ ၁၄၅၃ ခုနှစ်တွင် ဘိုင်ဇင်တိုင်း ကွန်စတန်တီနိုပယ်လ်ကို အော်တိုမန် တာ့ခ်များက အောင်နိုင်ခဲ့သည်။ အော်တိုမန်တူရကီဘုရင်မဟ်မက် အောင်နိုင်ပြီးနောက် ဗလီအဖြစ် ပြောင်းလဲခဲ့သည်။ ခေတ်သစ်တူရကီထူထောင်သူ အတာတပ်ခ် လက်ထက် ၁၉၃၅ ဖေဖော်ဝါရီ ၁ ရက်တွင် ဟာဂီယာဆိုဖီယာကို ပြတိုက်တစ်ခု အဖြစ်သို့ ပြောင်းလဲခဲ့သည်။

ဗိသုကာလက်ရာ အလွန်မြောက်သည့် အဆောက်အဦးဖြစ်ပြီး ကမ္ဘာ့အလှဆုံးအဆောက်အအုံများထဲမှ တစ်ခုအဖြစ် သတ်မှတ်ထားခြင်းခံရသည်။ ရှေးဟောင်းရောမ ဗိသုကာလက်ရာများနှင့် အစ္စလာမ် အော်တိုမန်လက်ရာများကို ရောယှက်လျက် တွေ့ရှိနိုင်သည့် ရှေးဟောင်းအဆောက်အဦး ဖြစ်ပါသည်။ တူရကီနိုင်ငံ၏ ကမ္ဘာ့အလှည့်ခရီးသွားအများဆုံးလာရာ နေရာတစ်ခုဖြစ်ပြီး နှစ်စဉ် ကမ္ဘာလှည့်ခရီးသည် ၃သန်းခန့်လာရောက်လေ့ရှိသည်။

၇။ ပီဆာရှိ ယိုင်နေသောမျှော်စင်

ဒီမျှော်စင်ကြီးကတော့ အီတလီနိုင်ငံ ပီဆာမြို့ ပီဆာဘုရားကျောင်းရဲ့နောက်မှာ တည်ရှိတဲ့ ပီဆာမျှော်စင်ကြီးပဲဖြစ်ပါတယ်။ အဲဒီမြို့ရဲ့ တတိယ သက်တမ်းအကြာဆုံးအဆောက်အအုံဆိုရင်လည်း မမှားပါဘူး။ (ပထမ နဲ့ ဒုတိယကတော့ ပီဆာဘုရားကျောင်း နဲ့ ပီဆာနှစ်ခြင်းမင်္ဂလာကျင်းပရာနေရာ တို့ဖြစ်ပါတယ်။)

ပီဆာမျှော်စင်ကို ၁၁၇၃ခုနှစ်မှ စတင်တည်ဆောက်ခဲ့ပြီး ခေါင်းလောင်းထိုးတဲ့မျှော်စင်တစ်ခုအဖြစ် သီးသန့်တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။ ၃.၉၉ဒီဂရီ စောင်းနေတာကြောင့် ပီဆာမျှော်စင်ရဲ့ တစ်ဖက်စီဟာ အမြင့်မတူညီပါဘူး။ တစ်ဖက်က ၁၈၇.၂၇ပေ မြင့်ပြီး တစ်ဖက်ကတော့ ၁၈၆ပေသာ မြင့်ပါတယ်။ မြောက်ဘက်ခြမ်းက လှေကားထစ် ၂၉၄ထစ်ရှိပြီး တောင်ဘက်ခြမ်းကတော့ ၂၉၆ထစ် ရှိပါတယ်။ မျှော်စင်ရဲ့အလေးချိန်ကတော့ ၁၄၅၀၀ တန် ရှိပါတယ်။

၁၁၇၈ခုနှစ်မှာ ဆောက်လုပ်ရင်း တတိယထပ်အရောက်မှာ အောက်ခံမြေပျော့သွားတာကြောင့် တစ်ဖက်ကိုစောင်းသွားရခြင်းဖြစ်ပါတယ်။ အဲဒီနောက်တော့ တည်ဆောက်မှုကို နှစ်ပေါင်း ၁၀၀ ခန့် ရပ်နားခဲ့ပြီး ၁၂၇၅ခုနှစ်မှ ပြန်လည်ဆောက်လုပ်ခဲ့ကာ ၁၂၈၄ခုနှစ်မှာ စစ်ပွဲတွေကြောင့် ထပ်မံရပ်နားရပြန်ပါတယ်။ ၁၃၅၀ခုနှစ်မှာမှ ပြီးစီးအောင်တည်ဆောက်နိုင်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း အချိန် ၃၃၄နှစ်ကြာမှ ပြီးစီးခဲ့တာဖြစ်ပါတယ်။

ဒီဇိုင်းလက်ရာကို မည်သူတည်ဆောက်ခဲ့မှန်း နှစ်ပေါင်းမျာစွာကြာအောင် မသိရှိခဲ့ကြပါဘူး။ နောက်ပိုင်းမှာမှ အီတလီဗိသုကာပညာရှင် Bonanno Pisano ရဲ့ ဒီဇိုင်းဖြစ်ကြောင်း သိလာကြပါတယ်။ စောင်းနေတဲ့ပီဆာမျှော်စင်ကြီးဟာ စက်ဝိုင်းပုံစံရှိပြီး အထပ် ၈ထပ် ရှိကာ ၊ ခေါင်းလောင်း ၇လုံးကို ၈ထပ်မြောက်မှာ ထားရှိပါတယ်။ ခေါင်းလောင်း၇လုံးဟာ ဂီတရဲ့ ဓိက သင်္ကေတနုတ် ၇ခုကို ရည်ညွှန်းပါတယ်။ဒုတိယကမ္ဘာစစ်အတွင်းကတော့ ဂျာမန်တွေဟာ ဒီမျှော်စင်ကို စောင့်ကြည့်ရေးမျှော်စင် အသုံးပြုခဲ့ကြပါတယ်။

၁၉၈၇ခုနှစ်မှာတော့ UNESCO က ကမ္ဘာ့အမွေအနှစ်အဖြစ် စာရင်းသွင်းပြီး ထိမ်းသိမ်းခဲ့ပါတယ်။ ၁၉၀၀ခုနှစ် ကနေ ၂၀၀၁ ခုနှစ်အထိ ဝင်ရောက် ကြည့်ရှု့ခွင့်များကို ပိတ်ထားခဲ့ပြီး ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။ ပြင်ဆင်မှုများကြောင့် မျှော်စင်ကြီးဟာ နှစ်ပေါင်း ၃၀၀ ကြာအောင် ဒီအတိုင်းခံနိုင်ဦးမယ်လို့ သိရပါတယ်။ နှစ်စဉ် ကမ္ဘာလှည့်ခရီးသွား သန်းနဲ့ချီပြီးလာရောက်လေ့ရှိတဲ့ နေရာတစ်နေရာလည်းဖြစ်ပါတယ်။

Crd