Uncategorized

မြန်မာ့ရုပ်ရှင်ကို ငွေတစ်ရာနဲ့စတင်ခဲ့သူ (သို့) မြန်မာ့ရုပ်ရှင်ရဲ့ဖခင်

ယနေ့ ရုပ်ရှင် လောကကို တချိန်က ငွေတစ်ရာနဲ့ စခဲ့ရတယ် ဆိုရင် ယုံချင်မှ ယုံကြမှာပါ။ တကယ်ပဲ ငွေတစ်ရာနဲ့ စခဲ့ရတာပါ ။

စတင် သူကတော့ မြန်မာပီပီ သျှောင်ထုံး အမြဲ ထုံးထား တတ်သူ လန်ဒန်အတ် ဦးအုန်းမောင် ဖြစ်သည်။ဦးအုန်းမောင်သည် သျှောင်ထုံးကြီးနှင့် ဖြစ်သော်လည်း အင်္ဂလိပ်စာတတ်သူ၊ ပန်းချီနှင့် ဓာတ်ပုံ အနုပ ညာကို ဝါသနာပါသူ ဖြစ်သည် ။ဒီ ၊ အေ ၊ အဟူဂျာ ဓာတ်ပုံတိုက်တွင် လခစား ဓာတ်ပုံဆရာ လုပ်ခဲ့သူ ဖြစ်သည်။ ယင်းသို့လုပ်ကိုင်ရာမှ တစ်နေ့တွင် ဦးအုန်းမောင် သည် လခစား ဓာတ်ပုံ ဆရာဘဝကို စွန့်လွှတ်လိုက် သည်။

ယောက်ဖဖြစ်သူ ဓာတ်ပုံဆရာ ဦးမောင်မောင် နှင့် တွဲကာ “လန်ဒန်အတ် ဓာတ်ပုံကူးတိုက်” ကိုတည် ထောင်လိုက်သည်။ ဓာတ်ပုံလုပ် ငန်း အ၀၀ကို စိတ်တိုင်းကျ ဆောင်ရွက်သည်။ ဦးအုန်းမောင်သည် ဓာတ်ပုံပညာကျွမ်းကျင်သည့်အပြင် လုံ့လဝီရိယရှိသူ ၊ ပေါင်းသင်းဆက်ဆံရေး ကောင်းသူလည်း ဖြစ်တာ ကြောင့် သူ့ လုန်ငန်း သည် အောင်မြင်လေသည်။

ယင်းသို့ အောင် မြင် နေသော်လည်း ဦးအုန်းမောင် ကား ရုပ် သေဓာတ်ပုံမျှနှင့် မတင်းတိမ်နိုင် ၊ ရုပ်ရှင် ရိုက်ကူးရန် စိတ်ဆန္ဒပြင်းပြနေသည် ။ ထိုအချိန်တွင် မြန်မာပြည်၌ အင်္ဂလိပ် ၊ အမေရိကန် ရုပ် ရှင်ကားများ ပြသ နေခြင်းကြောင့် မြန်မာ့ရုပ်ရှင်ကားများ ရိုက်ကူးရန် ဆန္ဒ ပြင်းပြနေခြင်းဖြစ်သည်။ ဦးအုန်းမောင်သည် ယင်းရုပ်ရှင်ဇာတ်ကားများကို မလွတ်တမ်း ကြည့်ရှု လေ့ လာ သည် ။ စာအုပ်စာတမ်းများလည်း ရှာဖွေဖတ်ရှုသည်။ ထို့နောက် မြန်မာ့ရုပ်ရှင်ကို စတင်ရိုက်ကူးရန် ခြေလှမ်းပြင်လိုက်လေသည်။

ထိုစဉ်ဦးအုန်းမောင်သည် သုံးမရ၍ ပစ်ထားသော (မှန်ဘီလူးပင်မပါရှိသော) ရုပ်ရှင် ကင်မရာ တစ်လုံးကို E.m.desouza ဆေးတိုက်မှ ဝယ်ယူရရှိလိုက်သည်။ မှန်ဘီလူးမပါ၍ မည်သို့မျှ ရိုက်ကူး ၍ မရ ဖြစ် နေစဉ် Cinima De Paris ရုံ ပိုင်ရှင်ထံမှ ရုပ်ရှင်ရိုက်ကင်မရာ မှန်ဘီလူးတစ်ခုကို ရရှိသည်။

ဝယ်ယူထားသောကင်မရာတွင် စွပ်ကြည့်ရာ အံကိုက်ဖြစ်နေသည်။ ဤနည်းဖြင့် တတ်မြောက် ထားသော ဓာတ်ပုံပညာနှင့် စုပေါင်းစပ် ပေါင်း ကင်မရာဟောင်းကလေးတစ်လုံးဖြင့် မြန်မာ့ရုပ်ရှင်လုပ်ငန်း တံခါးကို စတင်ဖွင့်လှစ်ခဲ့သည်။

ထိုအကြောင်းကို ဦးအုန်းမောင်က “ဟိုတုန်းက လုပ်ခဲ့တာတွေ ပြန်စဉ်းစားမိတဲ့ အခါ ရယ်မိ ပါတယ်၊ ဘာပြုလို့လဲ ဆိုတော့ ကင်မရာ ဆိုတာကလည်း ခုလိုဘယ်ဟုတ်မလဲ၊ ထင်းရှူးသေတ္တာငယ်ကလေးမှာ မှန်ဘီလူး တပ်ထားပြီး လှည့်လို့ရတာ တစ်ခုပဲ ရှိတယ်။

မှန်ဘီလူး ဆိုပြန်တော့လည်း ပုလင်းကွဲ သာ သာ ရှိ တော့ လက် နဲ့ လှည့်လိုက်တိုင်းလည်း အရုပ်ထင်ချင်မှ ထင်တာဗျ၊ ဒီအထဲ ရိုက်ရတဲ့ ဖလင် ကလည်း ခုခေတ်လို မကောင်းပြန် ဆို တော့ အင်မတန် အခက်အခဲတွေ့ပြီး အရုပ်ထင်အောင် မနည်းကြိုးစားခဲ့ရပါတယ်” ဟု ပြန်ပြောင်း ပြောဆို ခဲ့သည် ။ ပထမဆုံး အနေနှင့် ရိုက်ကူးမည့်ကား မှာ “မေတ္တာ နှင့် သူရာ” ဖြစ်သည်။

ကားရိုက်ကူးရေး စစဉ်မှာပင် ဘိလပ်သွား ကိုယ်စားလှယ်ကြီးတစ်ဦးဖြစ်သူ ဝံသာနုခေါင်းဆောင် ဦးထွန်းရှိန် ကွယ်လွန် သွားသည် ။ အနယ်နယ် အရပ် ရပ်သို့ ဝံသာနုတရားများ လှည့်လည်ဟောပြောစဉ် ကွယ်လွန်သွားခြင်း ဖြစ်သည် ။ ကွယ်လွန်ချိန် အသက်မှာ ၃၀ သာရှိသေးသဖြင့် တစ်တိုင်းပြည်လုံး ဝမ်းနည်း ကြသည်။ ဤတွင် ဦးအုန်းမောင် သည် ဦးထွန်းရှိန်ဈာပနကို သတင်းကားအဖြစ် ကြားဖြတ်ရိုက်ကူးသည်။

ထိုသတင်းကားကို ယခု ဗိုလ်ချုပ်ဈေးနေရာ၌ ရှိခဲ့ဖူးသော စီနီမာဒီပဲရစ်ရုံ၌ ပြသရာ သတင်းကားပင် ဖြစ်လင့်ကစား ပထမဆုံးမြန်မာကားဖြစ်သဖြင့် မြန်မာပရိသတ်တို့ ကြိတ်ကြိတ်တိုး အားပေးကြည့် ရှုကြသည်။ထို့နောက် မြန်မာ့ရုပ်ရှင်သမိုင်း၏ ပထမဆုံးဇာတ်ကားဖြစ်လာမည့် မေတ္တာနှင့်သူရာ ဇာတ်ကားကို ရိုက်ကူးသည်။ ဝထ္ထုမှာ ဆရာကြီးပီမိုးနင်းဝထ္ထုဖြစ်ပြီး မင်းသားမှာ ဦးဘညွန့်၏သား ရုပ်ရှင် ဝါသနာအိုး ကိုညီပု နှင့် မင်းသမီးမှာ ကြည့်မြင်တိုင်သူ မရီ ဖြစ်သည်။ထိုကားနှင့် ပတ်သတ်၍ ဦးအုန်းမောင်က“ဇာတ်ကားကို အင်းလျားကန်စောင်းမှာ သွား ရိုက်တာ ရိုက်တဲ့ အခန်း က လူဆိုးတုတ်ကြီးက မင်းသမီးကို ကားနဲ့ ခိုးပြေးလို့ လိုက်ကြတာ မိရောဆိုပါတော့။ အဲလိုမိတော့ လမ်းဘေး ကန်စောင်းထဲ ထွေးလုံးပြီး လိမ့် ကျကြပါရော။ တယ်ကြည့်လို့ကောင်းနေသပေါ့ဗျာ။

ကျွမ်းထိုးမှောက်ခုံ ကျလို့ ရေထဲလည်း ရောက်ခါ နီးရော “ဟိုးဟိုး နေကြဦး ၊ နေကြဦး ” ၊ ကြည့်လိုက်တော့ ကိုညီပုက သူရိုက်နေတဲ့ ကင်မရာက မှန်ဘီလူးရှေ့အစိုက်မှာ အပြင်ကို ထွက်ကျသွားသတဲ့ ၊ ပြန်ရိုက်ပါ ဆိုတော့ အကျိုးကို နည်းရော ၊ ကွဲသူ လည်း ကွဲ ၊ ပြဲသူလည်း ပြဲနေကြပြီ ၊ ဒီလို အခက်အခဲမျိုးစုံကို ၂ နှစ်ကျော်ကျော် ရိုက်တော့ မှပဲ အဲဒီ မေတ္တာသူရာ ဇာတ်ကား လေး ပြီးခဲ့ တယ်”ဟု ရင်ဖွင့်ပြောဆိုခဲ့လေသည်။

ဒီဇာတ်ကားကို တစ်တိုင်းပြည်လုံး အုန်းအုန်းကြက်ကြက် အားပေးကြသည်။ ထိုသို့ အားပေးသော်ငြား ဦးအုန်းမောင် အဖို့မှု ငွေကြေးအနေဖြင့် အမြတ် အစွန်း မရ ရှာပေ ။ အရှုံးပင် ပေါ်ခဲ့ လေသည်။ မည်သို့ပင် ဖြစ်စေ ဦးအုန်းမောင်၏ ကြိုးစားမှု များစွာထိရောက်ခဲ့သည်။ ထိုမှစ၍ မြန်မာဇာတ်ကားများ တစ်ကားပြီး တစ်ကား ပိုမိုကောင်း မွန် စွာ ထွက် လာ ခဲ့ သည် ။ မေတ္တာနှင့် သူရာ အပြီးတွင် ကျေးတောသူ မနု ၊ ရွှေပေးလို့မရ၊ တိမ်တစ်လုံး ၊ ခင်ခင့်မှားတော်ပုံ စသည့် ဇာတ်ကားများကို ရိုက်ကူး ခဲ့သည်။ ‘ခင်ခင့်မှားတော်ပုံ’ သည် ဦးအုန်းမောင် ရုပ်ရှင်ပညာစွမ်း ပြသောဇာတ်ကားဖြစ်သည်။ ကိရိယာ မစုံလင်ပဲ နှင့် နှစ်ကိုယ်ခွဲခန်းများ ပါဝင်ခဲ့သောဇာတ်ကားဖြစ်သည်။

အစပိုင်း အရှုံးချည်းသာ ရင်ဆိုင်ခဲ့ရ သော်လည်း အခက် အခဲများကို မာန်တင်း ကျော် ဖြတ် ရင်း နောက်ပိုင်း တွင် တစ်နေ့ တစ်ခြားအောင်မြင် လာခဲ့ သည်။ မကြာမီပင် ရုပ်ရှင် သူဌေး “လန်ဒန်အတ် ဦးအုန်းမောင်” ဘ၀ သို့ရောက်ခဲ့ ပေသည် ။ ထိုသို့ စီးပွားဖြစ်ထွန်းသော်လည်း ဦးအုန်းမောင်သည် ငွေကြေးဥစ္စာ စု ဆောင်းရန် ဝါသ နာမပါ။

ရုပ်ရှင် လုပ်ငန်းနှင့် ပတ်သတ် ၍ ထူးသမျှ ဆန်း သမျှ ပစ္စည်းများ ကိရိယာများကို နိုင်ငံခြားမှ မှာယူ အသုံးပြုလေသည်။ နိုင်ငံခြားမှ ထုတ် ဝေ သ မျှ ရုပ်ရှင်စာစောင် ၊ စာတမ်း ၊ စာအုပ်များကို မှာယူကြည့်ရှု့သည်။ မိမိ အတွက်လည်း အကေားင်းစား စီးကရက် ၊ ရှုးဖိနပ်များကို အသုံး ပြုပြီး မော်တော်ကား အသစ် ပေါ်တိုင်း လည်း လဲလှယ် စီးခဲ့သည်။ထိုအတွင်း ကမ္ဘာစီးပွားပျက်ကယက် ဆိုက်ပြီး မြန်မာနိုင်ငံသို့ ဝင် လာ ရာ ဦးအုန်းမောင် ၏ လန်ဒန်အတ် ကုမ္ပဏီသည် အထူးထိခိုက်သည်။

ကြွေးမြီ များလည်း တင် လာ ရာ နောက် ဆုံး စိတ်ရှုပ်မခံနိုင်တော့သည့်အခါ ကုမ္ပဏီကို အဆမတန် ဈေးလျှော့ကာ ရောင်းချလိုက်ရလေတော့သည် ။ ထိုမှ တစ်ဖန် ဇာတ်ကားများကို ပြန်လည်ရိုက်ရာ ၁၅ ကားခန့် ရိုက်ခဲ့ သော်လည်း အသက်အရွယ်ကလည်း ကြီးလာ၊ ဖိဖိစီးစီးလည်း မလုပ်နိုင်တော့သဖြင့် ယခင်ကဲ့သို့အောင်မြင်ခြင်းမရှိတော့ချေ။ကွယ်လွန်ခါနီးတွင် ရုပ်ရှင်လုပ်ငန်းကို ကိုယ်တိုင်မလုပ်တော့ နောက် လာ နောက် သား ရုပ် ရှင် ပညာ ရှင်များ အကူအညီတောင်းလာသည့်အခါ အမြဲကူညီခဲ့သည်။

မြန်မာ့ ရုပ်ရှင် လောက၏ ဖခင်ကြီး ဦးအုန်းမောင်သည် ၁၉၆၄ ခု သြဂုတ်လ ၁၅ ရက်နေ့ ၊ အသက် ၇၃ နှစ်တွင် ကွယ်လွန် ခဲ့သည် ။ဦးအုန်းမောင်သည် ရုပ်ရှင်သူဌေး ဖြစ်ခဲ့ သော်လည်း စီးပွားရေးသ မားမဟုတ်။ အနုပညာရှင် ဖြစ်သည်။

ထို့ ကြောင့် လည်း ဦးအုန်းမောင် က “အမှန် ပြောရရင် ဒီရုပ်ရှင်နဲ့ ကျွန်တော်တို့ စီးပွားရှာ ချမ်းသာ ချင်လို့ ကြံစည် ကြိုးစားလာတာမဟုတ်ပါဘူး ။ မြန်မာ့ အစွမ်းကို ပြချင်လို့ စိတ်တင်းပြီး မဖြစ်ဖြစ်အောင် ဇွဲ ကောင်းကောင်းနဲ့ ကြိုးစားခဲ့တာပါပဲ” ဟူ၍ မကွယ်လွန်မီ ဖွင့်ဟပြောဆိုခဲ့လေသည်။

လူသည် ဆင်းရဲဒဏ်ကို ခံနိုင်သော်လည်း ချမ်းသာသည့်ဒဏ်ကို မခံနိုင် သည့် အကြောင်း ကို ဦးအုန်းမောင် အမြဲ ပြောလေ့ ရှိသည်။ ထို စကား မှာကား နိမ့်တုန်း မကြောက်ရဘူး၊ မြင့်တော့ ကြောက်ရတယ်”ဟူ၍ပင်ဖြစ်သည်။credit : original uploader