Knowledge

ဓမ္မရံကြီး (သို့) နာကြည်းချက်တို့ရဲ့အဆုံးသတ်

ဓမ္မရံကြီး
=======
ပုဂံဘုရားတွေထဲမှာ ကိုယ်စိတ်အဝင်စားဆုံးဘုရား
လူတော်တော်များများလဲ ဒီဘုရားကိုစိတ်ဝင်စားကြတယ်။ ရောက်အောင်မဖြစ်မနေသွားကြတယ်။ အနောက်နိုင်ငံသားတွေကတော့ ဓမ္မရံကြီးကို ပုဂံရဲ့ပိရမစ်လို့တင်စားကြသလို မြန်မာနိုင်ငံသားတွေကလဲ ထူးဆန်းမှုတွေနဲ့ ပြည့်နှက်နေတယ်လို့ယုံကြည်ကြတယ်။

ဓမ္မရံကြီး ဆိုတာ ဘုရားတည်တဲ့ နရသူဘုရင်ကိုယ်တိုင်ပေးတာမဟုတ်ဘဲ ဘုရားနားမှာ နေတဲ့ ရဟန်းတော်အရှင်ဓမ္မရံသီမထေရ်ကို အစွဲပြုပြီး ဓမ္မရံဆိုတဲ့နာမည်ကို ထုထည်ကြီးမားမှုကိုပေါ်လွင်စေတဲ့ ကြီးပေါင်းပြီး ဓမ္မရံကြီးဆိုပြီး ဘွဲ့တော်သမုတ်လိုက်ကြတယ်။

ဘုရားသမိုင်းက စိတ်ဝင်စားဖို့ကောင်းသလို နရသူဘုရင်အကြောင်းကလဲ စိတ်ဝင်စားဖို့ကောင်းတယ်။ ထီးနန်းစည်းစိမ်ကို တပ်မက်တဲ့ နရသူဟာ သက်တော်ကြီးရင့်ပြီး နာမကျန်းနေတဲ့ ခမည်းတော်အလောင်းစည်သူကို နန်းတော်ကနေ ခုရွှေဂူကြီးဘုရားကိုရွှေ့ထားလိုက်တယ်။ ဒီလိုရွှေ့ထားပြီးတစ်ညမှာ နရသူဟာ စောင်နဲ့ အဖေကို ဖိသတ်ခဲ့တယ်။ အလောင်းစည်သူမင်းနတ်ရွာစံတာကိုကြားတော့ သားတော်ကြီး (နရသူအကို)မင်းရှင်စောကထီးနန်းသိမ်းဖို့လာတယ်။ ဒါကို နရသူက မနက်ပိုင်းမှာ ထီးနန်းလွှဲပြီး ညပိုင်းမှာ အဆိပ်ခတ်သတ်ပြန်တယ်။

ဒါ့အပြင် နရသူဟာ အိမ်သာတက်ပြီး လက်မဆေး ကိုယ်ရေသန့်ရှင်းရေးလုပ်လေ့မရှိဘူး။ဒါကိုရွံရှာတဲ့ ကုလားမင်းသမီးက ရွံရှာစက်ဆုပ်သဖွယ်လုပ်ပြတယ်။ သူနဲ့အတူမပေါင်းဖက်လိုတဲ့ ဟန်ပြတယ်။ ဒါကို ဒေါသထွက်လို့ နရသူက ကုလားမင်းသမီးကိုသတ်ပစ်တယ်။ သူနန်းတက်ပြီးမကြာခင်အတွင်းမှာပဲ လူသုံးယောက်ကိုသတ်ပစ်ခဲ့တယ်။

အဖေ နဲ့ အကိုကို ထီးနန်းအတွက်သတ်တယ်။ မိဖုရားကို အကြောင်းပြချက်မရှိသတ်တယ်။ ဒီလို လူသတ်တာဝါသနာထုံနေတဲ့ နရသူဟာ ဂုဏ်ပကာသဏကိုလဲ မက်မောလိုချင်တယ်။ သူ့အရင် ဘုရင်အဆက်ဆက် သာသနာ့ဒါယိကာခံပြီး သာသနာပြုမင်းအဖြစ်ခံယူကာ ကုသိုလ်တော်ဘုရားတွေတည်ထားတာကို အားကျတယ်။ သူကလဲ ဒီကုသိုလ်တော်ဘုရားတွေထက်ပိုကြီးကျယ် ပိုခမ်းနားတဲ့ မဟာကုသိုလ်တော်ကိုပြုလုပ်ချင်တယ်။ မဟာဘုရားကြီးကိုကိုးကွယ်ချင်တယ်။ ဒီအတွက် သူကြိုးပမ်းတယ်။ အဲ့ဒီအချိန်ကာလမှာ ပုဂံမှာအဝင့်ကြွားဆုံးက ကျန်စစ်မင်းရဲ့ ကုသိုလ်တော် အာနန္ဒာဂူဘုရားကြီးပဲ။

အာနန္ဒာဟာ ဘယ်ကကြည့်ကြည့်အချိုးအစားကျနပြေပြစ်တယ်။အနုလက်ရာတွေအကောင်းမွန်ဆုံး အစုံလင်ဆုံးရှိတယ်။ ဘုန်းကြီးတဲ့ ကျန်စစ်သားမင်းကြီးတည်ထားတယ်။ ဒါ့ကြောင့်လဲ နရသူက သူ့ကိုယ်သူ ဘုန်းအကြီးဆုံးမင်း၊ အကြီးမားဆုံးသောသာသနာ့ဒါယိကာ၊ မဟာကုသိုလ်တော် ဘုရားကိုတည်တဲ့ ဘုရင်ဖြစ်စေဖို့ အာနန္ဒာပုံတော်တူ မဟာဘုရားကြီးတစ်ဆူ တည်ဖို့လုပ်တယ်။ အံ့ချီးဖွယ်ကောင်းအောင်ရယ် တည်သမျှဘုရားတွေထဲ အကြီးမားဆုံးဖြစ်ချင်တာရယ်၊ သူ့မဟာကုသိုလ်တော်ကြီးကိုခိုင်ခန့်စေချင်တာရယ်ကြောင့် နရသူဟာ သူတည်တဲ့ဘုရားကို သူကိုယ်တိုင်ကြပ်မတ်တယ်။

သူ့ဘုရားတည်ဖို့ ပုဂံသူပုဂံသားတွေဟာ လာပြီးအမှုထမ်းရတယ်။ အုတ်ဖုတ်ရတယ်၊အုတ်သယ်ရတယ်၊အုတ်စီရတယ်၊အင်္ဂတေစပ်ရတယ်၊ဗိသုကာတွေကလဲ ကြပ်မတ်ရတယ်၊ နရသူဟာသူ့ဘုရားကြီးကို အကောင်းမွန်ဆုံးလက်ရာဖြစ်စေဖို့ အုတ်စီအုတ်နင်းကို အသေအချာလုပ်စေခဲ့တယ်။ အာနန္ဒာပုံစံကို အတုယူဆောက်တဲ့နရသူဟာ သူ့ဘုရားပုံမျိုးနောက်ထပ်မဆောက်ရအောင် ဗိသုကာဆရာတွေကို သတ်ပစ်တယ်လို့ အရပ်ပြောရှိတယ်။နောက်ပြီး အုတ်စီထားတာဟာ ကြားကအပ်နဲ့ထိုးမရဘူးပြောတယ်၊အပ်နဲ့ထိုးလို့ရရင်လဲ အဲ့ဒီပန်းရန်ဆရာကို လက်ဖြတ်တယ်ဆိုတဲ့အရပ်ပြောရှိတယ်။

နောက်ဆုံးတစ်ခုက လူအများစိတ်ဝင်စားတာပါ။ ဘုရားမှာ အတွင်းပတ်လမ်းတစ်ခုကိုတည်ဆောက်ထားပြီး နောက်ပိုင်းတော့အဲ့ဒီအတွင်းပတ်လမ်းကို အုတ်တွေစီပြီး ပြန်ပိတ်ပစ်တာပါပဲ၊ ဘာလို့ပိတ်ပစ်တယ်၊ဘာလို့ဒီလိုလုပ်ရတယ်ဆိုတာကိုဘယ်သူမှမဖြေမပေးနိုင်ကြပါဘူး။

ဘုရားရဲ့ထူးခြားချက်တွေ

ဓမ္မရံကြီးဘုရားဟာ ပုဂံမှာ ထုထည်အကြီးမားဆုံးဘုရားဖြစ်တယ်။ ဘယ်ကနေကြည့်ကြည့် ဓမ္မရံကြီး ကို ညို့ညို့မှိုင်းမှိုင်းမြင်ရတယ်။

ဘုရားရဲ့ အနောက်မျက်နှာမှာ ပလ္လင်တစ်ခုတည်းမှာ ရုပ်ပွားတော်၂ဆူ ရှိတယ်။ ဒါဟာ ပွင့်တော်မူပြီးသော ဂေါတမမြတ်စွာဘုရား နဲ့ ပွင့်လာမယ့် အရိမေတ္တေယျ ဘုရားကိုရည်ညွှန်းတယ်လို့ပြောကြသလို အဖေနဲ့ အကိုကို သတ်မိတဲ့ အပြစ်ကိုပြေပျောက်စေဖို့ ပလ္လင်တစ်ခုတည်းမှာ ဘုရား၂ဆူတည်ထားတယ်လဲပြောတယ်။

အတွင်းပတ်လမ်း ဟာ မူလက အသေချာဆောက်လုပ်ပြီးစီးခဲ့ပေမယ့် နောက်ပိုင်းမှ ပြန်ပိတ်ခဲ့တယ်လို့ ယူဆကြတယ်။ဒီအရာဟာ ဓမ္မရံကြီး မှာ စိတ်ဝင်စားစရာအကောင်းဆုံးနဲ့ အတွေးအမျိုးမျိုးကို ဖြစ်စေတာလဲဖစ်တယ်။

နောက်တစ်ခုက ကြက်ခြေခတ်ပုံကျောက်ဖျာတွေ ဒါတွေကို ဘုရားသမိုင်းကြောင်းရှင်းတဲ့ ကလေးတွေက နရသူမင်းလက်ဖြတ်တဲ့အခါမှာသုံးတယ်လို့ ပြောကြတယ်။ ပညာရှင်တချို့ကတော့ ဒီကျောက်ဖျာကြီးတွေက တံခါးတွေထူရာမှာ ကြိုးထိန်းအဖြစ်သုံးတဲ့ကျောက်ဖျာတွေလို့သတ်မှတ်ကြတယ်။

အုတ်စီအုတ်နင်းကောင်းမွန်မှု မှာ ဓမ္မရံကြီး က လက်ရာဟာစံထားရတယ်။သာမာန်အမြင်နဲ့ကြည့်ရုံတင် အုတ်စီကောင်းမွန်မှုကိုသိမြင်နိုင်တာကြောင့် နရသူဟာ သူ့ဘုရားကိုဘယ်လောက်အလေးထားကြောင်းသိမြင်နိုင်တယ်။

ဓမ္မရံကြီးဟာ အာနန္ဒာပုံကိုအတုယူထားသော်လဲ ဘုရားရဲ့ထုထည်ကြီးမားလွန်းတာကြောင့် ပိရမစ်ပုံများသဖွယ်ဖြစ်နေပါတယ်။ မူလက ကွမ်းတောင်အထိပြီးပေမယ့် ငလျက်ဒဏ်ကြောင့် ကွမ်းတောင်တစ်ဝက်ပဲရှိတော့သလို ထောင့်စေတီတွေကလဲ ပြိုပျက်ကုန်တယ်။ ကြီးမားတဲ့ အမိုးလျှော၂ခု၊ အောက်ကအထက်ကို အချိုးကျကျ သေးသွားခြင်းမဟုတ်ဘဲ အဆင်ပြေသလို သေးသွယ်သွားခြင်းတွေကြောင့် ဓမ္မရံကြီးဟာ ပိရမစ်တွေသဖွယ်ဖြစ်နေစေတယ်။ဒါ့အပြင် ထုထည်ကြီးမားလွန်းတဲ့ ဘုရားအချိုးအဆစ်တွေကြောင့်ပဲ ဓမ္မရံကြီး ဟာ ဘယ်ကကြည့်ကြည့် ခန့်ထည်နေတယ်။

ဘုရားတည်နေစဉ် လက်ဖြတ်တာတို့၊ ပန်းရန်ဆရာကိုသတ်တာတို့ဆိုတဲ့ စကားရပ်တွေကြောင့်လဲ အဲ့ဒီပုဂ္ဂိုလ်တွေမကျွတ်မလွတ်ဘူးလို့လဲ ယူဆကြပြန်သလို အခန့်မသင့်ရင်မြင်ရ ကြုံရတယ်လို့လဲ ပြောကြပြန်ပါတယ်။

အမြင်များ
—————–

ဓမ္မရံကြီး ရဲ့ အတွင်းလိုဏ်ကိုပိတ်ထားတာဟာ များစွာသော အတွေးအမြင်တွေကိုဖြစ်ပေါ်စေတယ်။

အလောင်းစည်သူမင်းရဲ့ ဖောင်စင်္ကြာကို အထဲမှာ ပိတ်လှောင်ထားတယ်လို့ ယူဆကြတယ်

အရိန္ဒမာလှံကို အထဲမှာထည့်သွင်းထားတယ်လို့တချို့က ဆိုတယ်။

အင်ဂျီနီယာတွေကတော့ ဓမ္မရံကြီးဟာ ထုထည်ကြီးမားလွန်းတာကြောင့် မူလစီစဉ်ထားသလို လိုဏ်၂ခုမလုပ်နိုင်ဘဲ ဘုရားထုထည်ကိုခံနိုင်စေဖို့ အတွင်းလိုဏ်ကိုပါ အုတ်အပြည့်စီလိုက်တယ်လို့ သုံးသပ်ကြတယ်

တချို့ကတော့ ဘုရားရဲ့အလေးချိန်ကို ခံနိုင်စေဖို့ အတွင်းပတ်လမ်းမထားဘဲ အပေါက်တွေ မုခ်တွေကို အုတ်ဖြည့်ကာ ဝန်မျှစေခဲ့တယ်သုံးသပ်ကြတယ်။

ဒီလိုအုတ်ပိတ်တာဟာ ဘုရားတည်နေစဉ်မှာပဲ ပိတ်တာလား
တည်ပြီးတဲ့အချိန်မှာ ဘုရားရဲ့အလေးချိန်မခံနိုင်လို့ နောက်မှပြန်လိုက်ပိတ်ရတာလားဆိုတာကလဲ တွေးစရာတစ်ခုပါ။

ကျနော့် အမြင်ကတော့ အတွင်းလိုဏ်ကို တည်နေတုန်းမှာပဲ(တချို့နေရာတွေမှာ)အုတ်အပြည့်စီပိတ်လိုက်တယ်လိုက်တယ်လို့ မြင်ပါတယ်။ဘာကြောင့်လဲဆိုတော့ အတွင်းလိုဏ်ထဲမှာ မူလက ဘုရားတွေထားဖို့စီစဉ်သော်လည်း အတွင်းဘက်ပိတ်လိုက်ရတာကြောင့် ပိတ်လိုက်တဲ့နေရာမှာပဲ အာရုံခံဘုရားတွေရှိနေတာကြောင့်ပါ။

နောက်ပြီး နောက်တစ်နည်းဖြစ်နိုင်တာက နရသူဟာဘုရားတည်နေတုန်းမှာ ကုလားတွေသတ်လို့သေရတယ်လို့ အဆိုရှိပါတယ်။ ဒါကြောင့်ကုလားသတ်လို့သေရလို့ နရသူကို ကုလားကျမင်းလို့ ရာဇဝင်မှာခေါ်ကြောင်းရေးသားကြပါတယ်။ ဒါ့ကြောင့်ဖြစ်နိုင်ခြေနောက်တစ်နည်းကတော့ ဘုရားတည်နေရတဲ့ပည်သူတွေဟာ အသတ်ခံရတဲ့ နရသူအလောင်းကို ဘုရား အတွင်းလိုဏ်ထဲထည့် ပြီးမှအုတ်အပြည့်စီပိတ်လိုက်တယ်လို့ယူဆချင်လဲရပါတယ်။

မင်းကလဲ မင်ဆိုး၊ တည်ရတဲ့ဘုရားကလဲ အကြီးဆုံးဘုရားဖြစ်တာမို့ ပြည်သူတွေဟာ ဘုရင်ကိုစက်ဆုပ် ဘုရားကို သဒ္ဓါမကြည်ဖြူနိုင်သလို ဘုရားတည်နေစဉ်ကာလမှာလဲ အမျိုးမျိုး သောဆင်းရဲဒုက္ခတွေ နှိပ်စက်ညဉ်းဆဲမှုတွေကြောင့်လဲ ပြည်သူတွေဟာ နရသူဘုရားကို ပစ်ထားလိုက်ကြမှာအသေချာပါပဲ။ဒါ့အပြင် ဆိုးသွမ်းတဲ့ဘုရင် နောက်တစ်ခါထွက်လာပြီး အများဒုက္ခမရောက်နိုင်အောင် နရသူအလောင်းကို ဂူပိတ်လိုက်ပြီး သူ့ဝိညာဉ်ကိုပါပိတ်လှောင်ထားပြီး နာကြည်းချက်ကို လက်တုန့်ပြန်ခဲ့တယ်လို့လဲယူဆလို့ရပါတယ်။

ဘယ်လိုပဲ ဆိုဆို ဓမ္မရံကြီးဟာ လက်ရှိမှာတော့ ပုဂံမှာ ပဟေဠိအဆန်ဆုံးဘုရားအဖြစ်တည်ရှိနေပြီး မမြင်ရတဲ့လောကသားတွေအရိပ်အယောင်ပြတဲ့ ဘုရားလို့လဲမှတ်ယူနေကြပါတယ်။ဘုရားဒါယိကာရဲ့ အတ္တကြီးမှု အလိုရမ္မက်ကြီးမှု ဒေါသကြီးမှုတွေကြောင့်လဲ အပြစ်မဲ့ပြည်သူတွေ အသက်စတေးခဲ့ရသလို နောက်ဆုံးတော့ပြည်သူတွေရဲ့အမုန်း ပြည်သူတွေရဲ့ကျိန်စာကိုလဲ ဘုရင်နရသူခံစားသွားရကြောင်းကို ဓမ္မရံကြီးက ပဟေဠိ ဆန်ဆန်ဖော်ပြနေပါတယ်

#Credit “Aung Nyeinchan”