Uncategorized

ရွှေစည်းခုံစေတီတော်(ပုဂံ) သမိုင်း

ရွှေစည်းခုံစေတီတော်

တည်နေရာ ညောင်ဦးမြို့၊ ဧရာဝတီမြစ် ကမ်းနဖူး

ဉာဏ်တော် ပေ (၁၆၀)

ကျော်ကြားမှု ပုဂံမင်းနှစ်ပါး တည်ခဲ့ပြီး၊ သိမှတ်ဖွယ်ရာ၊ အံ့ဘွယ်များကြောင့်

ရွှေစည်းခုံစေတီတော်သည် ညောင်ဦးမြို့မှ အနောက်တောင် ယွန်းယွန်း၊ မိုင်ဝက်ခန့် ဧရာဝတီမြစ်ကမ်းနဖူးရှိ ပေ(၇၅၀)ကျော်ခန့် ရှည်လျားကျယ်ဝန်းသော မဟာရံတံတိုင်းကြီးနှင့် ဉာဏ်တော်ပေ (၁၆၀)၊ ဖိနပ်တော်အကျယ်ပေ (၁၆၀)ပမာဏရှိကာ ရွှေရောင်ဝင်းလျက် တင့်တယ်ကြည်ညိုဖွယ် တည်ရှိလေသည်။

သမိုင်း

ပုဂံပြည့်ရှင် သီရိအနုရုဒ္ဓ ဒေ၀ ခေါ် အနော်ရထာမင်းလက်ထက်တွင် သီဟိုဠ်ကျွန်း၏ဘုရင် ပထမဝိဇယဗာဟု မင်းကြီး၏ အကူအညီတောင်းခြင်းကြောင့် ရဟန်းသံဃာတော်များ၊ ပိဋကတ်သုံးပုံ ကျမ်းစာများနှင့် ဆင်ဖြူတော်တစ်စီးတို့ကို အကူအညီပေးခဲ့သည်။ ပထမ ဝိဇယဗာဟုမင်းကလည်း အနော်ရထာမင်း၏ ကျေးဇူးကိုတုံ့ပြန်သော်အားဖြင့် မြတ်စွာဘုရား၏ စွယ်တော်ပွားကို အနော်ရထာမင်းထံ ဓမ္မလက်ဆောင်ပြန်လည် ပေးပို့ခဲ့သည်။ အနော်ရထာမင်းကြီး သည် စွယ်တော်မြတ်ကို နန်းတော်ရှေ့ ရတနာပြဿာဒ်တွင် ကိန်းဝပ်စေပြီး ပူဇော် ဝတ်ပြုခဲ့သည်။ ထိုအခါ မင်းဆရာဖြစ်သော် ရှင်အရဟံမထေရ်က သတ္တဝါအားလုံး ကိုးကွယ်နိုင်စေရန် စေတီတည်ပါဟု မင်းကြီးအား အကြံဉာဏ်ပေးခဲ့သည်။ အနော်ရထာမင်းလည်း ရှင်အရဟံမထေရ်၏ အကြံဉာဏ်မှာ အလွန် လှော်ကန် သင့်မြတ်သည့်အတွက် စေတီတည်၍ တည်ထားကိုးကွယ်ရန် ဆောင်ရွက်ခဲ့ သည်။ မင်းကြီးသည် စွယ်တော် ကိန်းဝပ်လိုသောအရပ်တွင် ဆင်ဖြူတော် ရပ်စေသတည်း ဟု အဓိဌာန်၍ ဆင်ဖြူတော်၏ကိုပေါ်တွင် စွယ်တော်ကြုတ်တင်၍ လွှတ်လိုက်လေသည်။ ဆင်ဖြူတော်သည် ပုဂံ၏ အရှေ့မြောက်အရပ် (ဇေယျဘုံဟု ခေါ်တွင်သော အောင်မြေအရပ်၌) သဲစည်းခုံတွင် ဝပ်လေသည်။ ဆင်ဖြူတော် ဝပ်ရာ သဲစည်းခုံတွင် စွယ်တော် မြတ်ကို ဌာပနာထားပြီ စေတီတည်တော်မူသည်။ ကောဇာသက္ကရာဇ် ၄၂၁-ခု၊ တပို့တွဲလဆန်း(၁၀)ရက်၊ ကြာသပတေးနေ့တွင် စတင်တည်ဆောက်ခဲ့ပြီး တရုပ်ပြည်မှ ရသော မြဆင်းတုတစ်ဆူ နှင့် သရေခေတ္တရာပြည်ရှိ ဒွတ္တပေါင်မင်းကြီး တည်ထားကိုးကွယ်ခဲ့သော နဖူးသင်းကျစ်တော် တစ်ဆူကိုလည်း ဌာပနာထားသည်။ ဘုရားတည်နေတုန်း ပစ္စယာ ၃ ဆင့်အရောက် တွင်ပင် အနော်ရထားမင်း နတ်ရွာစံ(သေဆုံး) ခဲ့သည်။ အနော်ရထာမင်း နတ်ရွာစံပြီးနောက် ကျန်စစ်သားမင်းက ကောဇာသက္ကရာဇ် ၄၅၁-ခု၊ တန်ဆောင်မုန်းလဆန်း(၁၃)ရက်၊ ဗုဒ္ဓဟူးနေ့တွင် ဆက်လက်တည်ဆောက်ခဲ့ရာ ကောဇာသက္ကရာဇ် ၄၅၂-ခု၊ ကဆုန်လပြည့်နေ့တွင် ပြီးမြောက်အောင်မြင်ခဲ့သည်။ စေတီတော်ကြီး တည်ဆောက်ခဲ့သည့်နှစ်မှ ပြီးစီးသည့်နှစ်အထိ နှစ်ပေါင်း ၃၁-နှစ်ကြာ၏။

စေတီတည်ထားပုံ

ရွှေစည်းခုံစေတီတော်ကြီးသည် မူလက ကျောက်ချပ်များဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။ သို့သော် ယနေ့အခါ ရွှေအထပ်ထပ်ချသောကြောင့် မူလကျောက်ပြားများ ပျောက်နေပြီး ရွှေတောင်ကြီးသဖွယ်ဖြစ်နေသည်။ ပစ္စယာအဆင့် ၃ ဆင့်ရှိသည် သုံးဆင့်အပေါ်မှ ရှစ်ထောင့်ကြာဝန်း၊ ကြေးဝိုင်း၊ ကြာမှောက်ကြာလှန်နှင့် ခါးပတ်ရှိသည်။ ယင်းအထက်တွင် ခေါင်းလောင်းပုံ၊ ခေါင်းလောင်းပုံ၏ အထက် တွင် သပိတ်မှောက်နှင့် ဖောင်းရစ်ရှိသည်။ ဖောင်းရစ်အထက် ကြာစိတ်၊ ကြာမှောက်၊ ကြာပျံနှင့် ထီးတော် ရှိသည်။ ပစ္စယာ အဆင့်မှ ထီးတော်အထိ ပေ ၁၅၀ မြင့်သည်။ ပစ္စယာအဆင့်ဆင့် တွင် ငါးရာ့ ငါးဆယ်ဇာတ်တော် ရုပ်ကြွ အုပ်ချုပ်များရှိသည်။ ညာဖက်တွင် ဖေါ်ပြထားသောပုံတော်သည် ရွှံကိုမီးဖုတ်ပြီး ပြုလုပ် ထားသည့် ပုံတော်ဖြစ်သည်။

ရင်ပြင်တော်

စေတီ၏လေးဘက်လေးတန်၌ အုတ်ဂန္ဓကုဋီလေးဆောင်ရှိသည်။ ယင်းဂန္ဓကုဋီတိုက်များ အတွင်း၌ အလွန်လက်ရာမြောက်သော မတ်ရပ်ကြေးဆင်းတု တစ်ဆူစီ ရှိသည်။ ဉာဏ်တော် ၁၂ ပေမြင့်သည့် ပုဂံခေတ်လက်ရာဖြစ်သည်။ မူလက ဂန္ဓကုဋီတိုက်တံခါး များရှိသော်လည်း ယခုအခါ ၁ ခုသာ ကျန်တော့သည်။ ရင်ပြင်တော် အနောက်ဘက် ပိုင်းတွင် နတ်ရုပ်တု၊ ဘိုးတော်ရုပ်တု၊ သိကြားရုပ်တုစသည်များလည်း သူ့အဆောင်နှင့် သူရှိသည်။ ရင်ပြင်တော်အရှေ့မြောက်ထောင့်တွင် ကျောက်စာရုံရှိသည်။ ကျောက်စာရုံ ထဲတွင် ခေတ်အဆက်ဆက်မှ ရေးထိုးထားခဲ့သည့် ကျောက်စာများထဲမှ ကျောက်စာ ၆ ချပ်ကို သိမ်းဆည်းထားသည်။ ကျန်းစစ်သားမင်းကြီး၏ ကျောက်စာတိုင်ကြီး ၂ တိုင်သည် အရှေ့ဘက်မုခ် တွင်ရှိသည်။ ရှေးမွန်ဘာသာဖြင့် ရေးထိုးထားသည်။

သိမှတ်ဖွယ်ရာ

ရွှေစည်းခုံစေတေီအောက်ခြေတွင် ပစ္စယံသုံးဆင့်ရှိပြီး ပစ္စယံသုံးဆင့်အထက်တွင် ရှစ်ထောင့်ကြာဝန်း ကျည်းဝန်း၊ ခေါင်းလောင်းပုံ၊ ရင်စည်း၊ သပိတ်မှောက်၊ ဖောင်းရစ် အဆင့်ဆင့်၊ ကြာမှောက်၊ ရွဲ၊ ကြာလန်၊ ပဉ္စလောဟာချရားသီး၊ ထီးအဆင့်ဆင့်ဖြင့် တည်ဆောက် ထားသည်။

ရွှေစည်းခုံစေတီတော်၏ ပစ္စယံအဆင့်ဆင့်တွင် စဉ့်စိမ်းသိတ် အုတ်ချပ်များဖြင့် ပြုလုပ်ထားသော (၅၅၀)ဇာတ်များကို ဇာတ်အမည်၊ နံပါတ်များနှင့် တကွ တွေ့ရသည်။ ရွှေစည်းခုံစေတီ၏ မျက်နှာလေးဖက်တွင် ကြေးဂူတိုက် လေးတိုက်ရှိပြီး ထိုတိုက်များထဲတွင် (၃.၉၀)မီတာ (၁.၂၈)ပေခန့် အမြင့်ရှိ ရပ်တော်မူဗုဒ္ဓရုပ်ပွားတော် ကြေးဆင်းတု (အဘယမုဒြာနှင့် ဝရဒမုဒြာ) များရှိသည်။ ပုဂံခေတ် ကြေးသွန်း ကြေးခတ်နည်း (ပန်းတည်းပညာ)ကို လေ့လာနိုင်သည်။

ရွှေစည်းခုံစေတီတော်၏ အရှေ့ဘက်မုခ်တွင် ရှေးမွန်ဘာသာဖြင့် ရေးထိုးထားသည့် ကျန်စစ်သားမင်း အေဒီ (၁၀၈၄-၁၁၁၃) ၏ နန်းတက်အမိန့်တော် ပြန်တမ်းကျောက်စာတိုင် နှစ်တိုင်ရှိသည်။ ထိုကျောက်စာတွင် ကျန်စစ်သားမင်းသည် ဘုရားလက်ထက်၌ ဗိဿနိုးဖြစ်ခဲ့ပြီး နောင်အခါ အရိမဒ္ဒပူရပြည်တွင် တရားစောင့်သော မင်းဖြစ်လာမည်ဟု ဘုရားက ဗျာဒိတ်ပေးခဲ့ကြောင်း၊ တိုင်းသူပြည်သားတို့ကို ကြင်နာစွာ အုပ်ချုပ်မည့် အကြောင်း ရေးထိုးထားသည်။

ဟံသာဝတီ ဘုရင့်နောင်ကျော်ထင်နော်ရထာ အေဒီ(၁၅၅၀-၁၅၈၁) သည် ရွှေစည်းခုံစေတီကို ရွှေသင်္ကန်းကပ်လှူခဲ့ပြီး ထိုအကြောင်းကို (၂၃)မေ၊ (၁၅၅၇) ကလှူခဲ့သည့် (၂၁၀၀)ပိဿာ၊ (၃.၁၈)တန်ရှိ ကုသိုလ်တော် ခေါင်းလောင်းစာတွင် ဖောြ်ပခဲ့သည်။

ကုန်းဘောင်ခေတ် ဆင်ဖြူရှင်မင်း အေဒီ (၁၇၆၃-၁၇၇၆) သည် (၃၀)မေ၊ (၁၇၆၈) တွင် ရွှေစည်းခုံစေတီကို ထီးတော်တင်ပြီး ၎င်း၏အလှူဒါနကို ရေးထိုးထားသည့် မော်ကွန်း ကျောက်စာရှိသည်။

ရွှေစည်းခုံ စေတီရင်ပြင်ရှိ အုတ်ဇရပ်အတွင်းရှိ ပုဂံခေတ်က ထုလုပ်ခဲ့သည့် ဗုဒ္ဓခြေတော်ရာ၊ သစ်သားပန်းပု သိကြားရုပ်နှင့် သစ်သားပန်းပု တံခါးရွက်တို့ကို လေ့လာနိုင်သည်။

ရွှေစည်းခုံစေတီ ပန္နက်ရိုက်ရာ၌ အခြေပြုသည့် ပန္နက်သဲဂူ၊ အုတ်ဇလားဂူ တို့လည်းရှိသည်။

အံ့ဘြယ္ကိုးပါး

ရွှေစည်းခုံစေတီသည် အတွင်းအံ့ကိုးပါး၊ အပြင်အံ့ကိုးပါး နှင့်ပြည့်စုံသည်ဟု ယုံကြည်ကြသည်။

[ပြင်ဆင်ရန်] အတွင်းအံ့ကိုးပါး

1. ထီးတော်အလွန်ကြီးသော်လည်း သံကြိုးမဆိုင်းရခြင်း၊

2. စေတီ၏အရိပ်သည် တံတိုင်းအပြင်သို့ မရောက်ခြင်း။

3. စေတီ၏ထိပ်မှ ရွှေစက္ကူပစ်ချလျှင် အပြင်သို့မရောက်ခြင်း။

4. စေတီ၏ မဟာရံတံတိုင်းအတွင်း လူမည်မျှများများ ပြည့်ကျပ်မနေခြင်း။

5. တန်ဆောင်မုန်းလပြည့်ပွဲတော်တွင် ပထမသပိတ်တော်၌ မည်သူမျှ ဆွမ်းဦးမတင်နိုင်ခြင်း။

6. အဝေးကကြည့်လျှင်ကုန်း၊ အတွင်းမှကြည့်လျှင် ကျင်းသဖွယ်ထင်ရခြင်း။

7. စေတီ၏တစ်ဖက်မှ တီးသောစည်သံကို အခြားတစ်ဖက်မှ မကြားရခြင်း။

8. မိုးသည်းထန်စွာရွာသော်လည်း စေတီရင်ပြင်၌ ရေမတင်ခြင်း။

9. စေတီတော် အရှေ့တောင်ထောင့်ရှိ ခရေပင်သည် ၁၂ ရာသီ ပွင့်ခြင်းတို့ဖြစ်သည်။

* ထို့အတွက်ကြောင့် ရှေးမှယနေ့တိုင် အစဉ်အဆက် မှတ်ခဲ့ကြသည်မှာ – တန်ခိုးမှာ ရွှေစည်းခုံ၊ အနုမှာ အာနန္ဒာ၊ ထုမှာ ဓမ္မရံ၊ အမြင့်မှာ သဗ္ဗေညု ဟူ၍ ဖြစ်သည်။

အျပင္အံ့ဘြယ္ကုိးပါး

1. ဧရာဝတီမြစ်ကမ်းစပ်ရေစီးအတွင်း စွယ်တော်တင်လာသည့် ဆင်ဖြူတော်ဝပ်သည့်နေရာ သောင်ဖြစ်လာခြင်း။

2. ထိုသဲသောင်တို့သည် ကျောက်ဖြစ်လာခြင်း။

3. ဧရာဝတီမြစ်ရေသည် စေတီတော်ကို ဦးခိုက်ရစ်ဝဲစီးဆင်းခြင်း။

4. မဟာရံတံတိုင်းသည် ရှစ်ပယ် (၁၄.၁၆)ဧက ကျယ်ဝန်းခြင်း။

5. စေတီတည်ရာတွင် တုရင်းတောင်မှ ကျောက်များကို ပုဂံပြည်သူတို့ လက်ဆင့်ကမ်းသယ်ခြင်း။

6. ကျောက်သယ်ယူသူများ အရိပ်ရရန် မန်ကျည်းပင်များ ချက်ခြင်းပေါက်ခြင်း။

7. ကျောက်သယ်အပြီး မန်ကျည်းပင်များ ပျောက်ခြင်း။

8. ရွှေစည်းခုံစေတီ အရှေ့မျက်နှာစာ လှေကားအနီးရှိ ရေမှန်အတွင်း၌ စေတီအရိပ်ထင်ခြင်း။

9. စေတီကို အဝေးမှကြည့်ပါက ကုန်းမြင့်ပေါ်တွင် တည်ထားသည်ဟု ထင်ရခြင်းတို့ ဖြစ်သည်