Knowledge

သရဲမ သန်းရွှေ စိတ်ကုန်တဲ့ လူ့ပြည်

လူ့လောကကြီးများ မယုံလို့ မရတဲ့ ကိစ္စ္စတွေ များလိုက်တာ။ ပရလောက ဆိုတာကို ကြားသာကြားဖူးတာ လက်တွေ့ တော့ ရခိုင်ပြည်နယ် သံတွဲမြို့မှာ ကြုံခဲ့ဖူးတယ်။ မနေ့က အသိမိတ်ဆွေ အိမ်အလည်လာရင်း စကားစပ်မိရာက သူတို့ မိသားစု အခုသုံးလေးနှစ်အတွင်း စီးပွားရေးက မဖြစ်၊ အိမ်တွင်းက မကောင်း၊ ပြသနာပေါင်း သောင်း ခြောက် ထောင်နဲ့ လုံးခြာလည် လိုက်နေတာ၊ ပုဂံပြည်က သရဲမ သူတို့အိမ်ထဲ လာနေနေလို့တဲ့။ စာရေးသူတောင် ခေါင်း ခြာခြာလည် သွားတယ်။ ပုဂံနဲ့ မန်းလေး တခြားစီဘဲလို့ ။

တစ်ခုတော့ ရှိပါတယ် သူတို့ အိမ်ပြသာနာ စုံတာတော့ သိပါတယ်။ သူ့အိမ်မှာ နေတဲ့ သူ့တို့ မောင်လင်မယား လည်း ကွဲ၊ သူ့ယောင်္ကျားလည်း အခုပဲ သေတော့မလိုလို ရောဂါတွေဖြစ် လေတွေဖြတ်ပြီး လမ်းတောင် ကောင်းကောင်း မလျှောက်နိုင်၊ ပြီးတော့ သူ့သားအငယ်လေးလည်း ညဘက်ဆို အိပ်နေရင်း တန်းလန်းကနေ လန့်လန့်ပြီးအော် သရဲခြောက် သလိုလိုတွေဖြစ်၊ သိန်းရာချီရှိတဲ့ အကြွေးကလည်း နှစ်နှစ်ကျော်တဲ့တိုင် တစ်ပြားမှမရတော့၊ ဟိုဘုန်းကြီး ပြေးမေး ဟိုဗေဒင်ပြေးမေးနေတာတော့ သိပါ့ရဲ့။ အခုလို သရဲမ ရှိလို့ သူတို့အိမ် အဆင်မပြေတာ လို့ပြောတော့ စာရေးသူ လည်း စပ်စပ်စုစု မေးမိပါရော။

ဖြစ်ပုံက ဒီလိုတဲ့ ။ လွန်ခဲ့တဲ့ နှစ်နှစ်က သူတို့ကိုယ်ပိုင် တံခွန်တိုင်က အိမ်လေးရောင်းပြီး သူတို့လင်မယားနှစ်ယောက် စီးပွားရေး လုပ်ဖို့ မြေတူးစက် တပတ်ရစ်ကြီးကို သိန်းခုနှစ်ရာပေးပြီး ၀ယ်လိုက်ပါတယ်။ အစပိုင်းတော့ ဟုတ်နေတာ ပါဘဲ။ ပြဿနာက ဘယ်ကစလဲ ဆိုတော့ သူတို့မြေတူးစက်ကြီးကို ပုဂံက ရွာတစ်ရွာမှာ ဆည်ပြင်ဖို့ဆိုပြီး ငှားသွားကြတာ။ အဲဒီကန်မှာ မန်းကြီးပင်အိုကြီး ရှိတယ်လေ။ မလွတ်တော့ ကန်တော့ပွဲပေးပြီး မင်းမိန့်နဲ့ ခုတ်လှဲပစ် လိုက်တဲ့နေ့ဘဲ စက်ပိုင်ရှင် သူ့ယောင်္ကျား ရောက်သွားတဲ့နေ့ ဖြစ်နေပါရော။ အဲဒီအပင်မှာနေတဲ့ သရဲမက စက် ကြောင့်မို့ သူ့ခြေထောက် တစ်ဖက်လည်း ခိုက်မိပြီး နေစရာနေရာလည်း ပျောက်၊ လမ်းလည်း မလျှောက်နိုင် ဖြစ်တော့ ဒေါသဖြစ်ဖြစ်နဲ့ စက်ပိုင်ရှင် ယောင်္ကျားရဲ့ မန်းလေးမှာရှိတဲ့ အိမ်ကို လိုက်လာတာတဲ့၊ ဘာလို့ လိုက်လာ တာလည်း ဆိုတော့ သူ့ကို အဲလိုဖြစ်အောင် လုပ်လို့ စက်ပိုင်ရှင် တစ်အိမ်လုံးကို အသေသတ် မလို့ လိုက်လာတာတဲ့။ နောက်တော့ အဲဒီအိမ်က ဝရန်းတာမှာ နေတယ်။ ပျော်လည်း ပျော်လို့မို့ အသေမသတ်ဘဲ စီးပွား မဖြစ်အောင် လုပ်ထားတာတဲ့။

စာရေးသူက မေးပါတယ် ခင်ဗျာတို့ သရဲမ ရှိတာ ဘယ်လိုလုပ် သိတာလဲ မေးတော့၊ စက်ပိုင်ရှင် အမျိုးသမီးက သူလည်း စိတ်ညစ်တာနဲ့ ရွှေသိမ်တော်မှာ သွားဆုတောင်း လာခဲ့တယ်၊ သူတို့အိမ် အခုလို ဒုက္ခ ရောက်နေတာကို ကယ်မဲ့သူ ပေါ်လာပါစေပေါ့။ ဘုရားက ဆုတောင်းပြည့်တယ်၊ နောက်နှစ်ရက်နေတော့ သူတို့အသိက သိုက်ကနေ လာပြီး လူပြည့်ကိုရောက်နေတဲ့ ညီမ တစ်ယောက်ကို ခေါ်လာပြီး မေးကြည့်မလား လို့ ဆိုရာက မေးလိုက်တာ ပုဂံပြည်က သရဲမ သူတို့အိမ်ကို ရောက်နေတာ နှစ်နှစ်ရှိပြီ ကို သိရတာတဲ့။

ဒါနဲ့ သူ့နာမည်ကို မေးကြည့်တော့ မသန်းရွှေ၊ ကလေး မမွေးနိုင်လို့ သေခဲ့တာ၊ သူဒီဘဝကို ရောက်နေတာ နှစ်ပေါင်း ၁၅၀ ရှိပြီ၊ သူသေတော့ ရွာထဲကော ရွာပြင်မှာရော နေစရာမရှိလို့ ရွာထိပ်က ဆည်ကန် မန်းကျည်းပင်အောက်မှာ နေနေတာတဲ့။ သူ့မှာ ဆည်ကန်ထဲ နေရတာမို့ နေ့နေ့ညည ရေထဲမို့ ဟတ်ချိုး အမြဲဖြစ်နေတာ ဒီအိမ်ရောက်မှ ပျောက်တာ။ အိမ်ရှင် သားကလေး ကိုလည်း စတာ သူပါတဲ့။ ပြီးတော့ နေ့ခင်းဆို လုပ်စရာမရှိတော့ ပျင်းလို့မို့ အိမ်ရှင် ယောင်းမ စက်ချုပ်တဲ့ အပ်တွေကိုလည်း ကျိုးအောင် လုပ်တာလည်း သူပဲ။ ဒါနဲ့ သရဲမ မသန်းရွှေကို အိမ်ရှင်က မေးပါတယ်။ ရေစက်ချပြီး အမျှဝေ အလှူလုပ်ပေးမယ် လူ့ဘဝ လာမှာလားလို့ မေးလိုက်တယ်။ သရဲမ မသန်းရွှေက သူဘယ်ကိုမှ မသွားချင်ပါဘူး။ သူအခုနေနေတဲ့ နှစ်နှစ်အတွင်းမှာ ပတ်ဝန်းကျင် တစ်ခုလုံး များလိုက်တဲ့ပြဿနာ၊ အခု သူနေနေတဲ့အိမ်က အပူတွေကော အရှုပ်တွေကော ကြည့်ပြီး လူ့လောကကြီး လာဖို့ စိတ်ကုန်နေပါပြီတဲ့ ၊ သူ့ကို ဘုရားတစ်ခုကို ခေါ်သွားပြီး ဘုရားစောင့် နေရာလေး တစ်ခု ရရင်ကိုပဲ ကျေနပ်ပါပြီ ပြောလို့ ပြီးခဲ့တဲ့ အပတ်က အကုန် လိုက်လုပ်ပေးလိုက်တယ်။

စာရေးသူ တောင် စိတ်ထဲ တွေးမိတယ် ပုဂံပြည်က နှစ် ၁၅၀ သက်တမ်းရှိ သရဲမ မသန်းရွှေ တောင် လူ့ပြည်ကို ဒီလောက်စိတ်ကုန်တာ၊ စာရေးသူတို့ကော ဘယ်အချိန် ဘယ်ကာလမှ စိတ်ကုန်မလဲ မသိ။ သတိလေး တစ်ခုပဲ ပေးချင်ပါတယ်၊ စာဖတ်သူတို့ ဘယ်နေရာ ဘယ်ဌာနကို ရောက်ရောက် မမြင်ရတဲ့ ပရလောက ဆိုတာ တကယ်ရှိနေတဲ့အတွက် ဆင်ဆင်ခြင်ခြင်လေးနဲ့ နေရင်တော့ ဒုက္ခ မရောက်ဘူး ဆိုတာပါဘဲ။

Zawgyi