လေယာဉ်တွင် အမှိုက်ကောက်သန့်ရှင်းရေးသမားဘဝကနေ ၂၄ နှစ်အကြာမှာ လေယာဉ်မှူးဖြစ်လာခဲ့သူ
လေယာဉ်တွင်းမှာ အမှိုက်ကောက် သန့်ရှင်းရေး လုပ်ရသူတစ်ဦးက ပိုင်းလော့ဖြစ်လာနိုင်ပါသလား။
မိုဟာမတ်အဘူဘာကာအတွက်ကတော့ မလွယ်တဲ့ ဒီ ဘဝလမ်းကြောင်းကို စိတ်ဓာတ်ပြတ်သားကြံ့ခိုင်စွာနဲ့ ဖြတ်သန်းခဲ့ပါတယ်။
မိုဟာမတ်ဟာ နိုင်ဂျီးရီးယား မြို့ငယ်တစ်မြို့ကနေ လာတာပါ။ အထက်တန်းပြီးတော့ Kaduna Polytechnic ကျောင်းမှာ စာရင်းပေးခဲ့ပါတယ်။ ဒါပေမယ့် လိုအပ်စာရွက်စာတမ်းတွေ အချိန်မီ မတင်နိုင်တာကြောင့် သူ့ကို ကျောင်းက မရွေးလိုက်ပါဘူး။
အိမ်မှာ ထိုင်မနေတတ်တဲ့ မိုဟာမတ်ဟာ အလုပ်အကိုင်ရှာတော့ ကာဘိုလေကြောင်းလိုင်းမှာ လေဆိပ်သန့်ရှင်းရေးအဖြစ် အလုပ်ရပါတယ်။ တစ်နေ့မှ နိုင်ရာ ၂၀၀ (အမေရိကန်ဒေါ်လာ ၀ ဒသမ ၅၀)သာ ရရှိပါတယ်။
“တော်တော်များများကတော့ ဒီ အလုပ်မှာ မမြဲဘူး ထင်ကြတယ်၊ မစို့မပို့ လစာလေးကြောင့်ပါ။ နောက်ပိုင်းမှာ ကျွန်တော်ဟာ လေကြောင်းလိုင်းရဲ့ အမာခံဝန်ထမ်း ဖြစ်လာတယ်။ ကုမ္ပဏီမှာ ကျွန်တော့် တာဝန်ထမ်းတာအပြင် ဌာနတိုင်းအတွက် လုပ်ကိုင်ပေးခဲ့တယ်။ လုံခြုံရေးကလွဲပြီးပေါ့။ အဲဒီလို အောက်ခြေသိမ်းကအစ အကုန်လုပ်ပေးတာကြောင့် လေယာဉ်ပျံသန်းမှုတွေအကြောင်း တော်တော်လေး နားလည်လာတယ်။”လို့ မိုဟာမတ်က ပြောပါတယ်။
မိုဟာမတ်ဟာ သူ့တာဝန်မှာ အလုပ်ကို ကြိုးစားပမ်းစား လုံ့လစိုက်ထုတ်လုပ်ကိုင်တာကြောင့် သူ့စူပါဗိုက်ဆာတွေက သူ့ကို သဘောကျလာကြပါတယ်။ လေယာဉ်မှာ လိုက်ပါနိုင်တဲ့ လေယာဉ်အမှုထမ်းအဖြစ် လုပ်ကိုင်ခိုင်းတော့ မိုဟာမတ်က ဝမ်းပန်းတသာပဲ လက်ခံခဲ့ပါတယ်။
နောက်ပိုင်းမှာ မိုဟာမတ်ကို Aero Contractors လေကြောင်းလိုင်းက ပျံသန်းရေးအကူအဖြစ် ငှားရမ်းပါတယ်။ လစာလည်း များလာပေမယ့် မိုဟာမတ်အတွက်က စိတ်မကျေနပ်နိုင်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ သူဟာ လေယာဉ်မှူးပိုင်းလော့သာ ဖြစ်ချင်နေတာပါ။
လေယာဉ်သန့်ရှင်းရေးသမားကနေ ပိုင်းလော့အဖြစ် တက်လှမ်းဖို့က ခက်ခဲလွန်းပါတယ်။ ပိုက်ဆံကို အဓိကမထားဘဲ ရည်မှန်းချက်တာ အဓိကထားတဲ့ မိုဟာမတ်ဟာ လုပ်ဖော်ကိုင်ဖက်တွေဆီက ပညာတွေ ရခဲ့ပါတယ်။
သူ့ရဲ့ မန်နေဂျင်းဒါရိုက်တာဖြစ်သူရဲ့ ပံ့ပိုးမှုနဲ့အတူ ကနေဒါက လေယာဉ်ပျံသန်းမှု လေ့ကျင့်ရေးကျောင်းမှာ တက်ရောက်ပြီး ကိုယ်ပိုင်လေယာဉ်ငယ်တွေ မောင်းခွင့်လိုင်စင် ရခဲ့ပါတယ်။ ဒီလို မောင်းနှင်ရင်းကနေ နောက်ဆုံးမှာ စီးပွားဖြစ်လေယာဉ်မောင်းလိုင်စင်ရခဲ့ပြီး နိုင်ဂျီးရီးယားကုမ္ပဏီဖြစ်တဲ့ Azman Air မှာ အလုပ်ဝင်တော့ပါတယ်။
ဒါဟာဆိုရင် လေယာဉ်သန့်ရှင်းရေးသမားဘဝကနေ ၂၄ နှစ်အကြာမှာ လေယာဉ်မှူးဖြစ်လာခဲ့တဲ့ မိုဟာမတ်ရဲ့ အောင်မြင်မှု အသီးအပွင့်တွေပဲ ဖြစ်ပါတော့တယ်။