စေတနာသဒ္ဓါအားကောင်းပြီးမြတ်စွာဘုရားကို ဇေတဝန်ကျောင်း ဆောက်လုပ်လှူဒါန်းခဲ့ပါတယ်။
အလှူဒါနပြုရာတွင်…
နေ့တိုင်း ရဟန်းငါးရာကို အိမ်မှာ ဆွမ်းကပ်သည့်အပြင် တစ်နေ့ကို ကျောင်းသုံးခေါက်သွားတယ်။
သွားတိုင်းလည်း…လှူဖွယ်ပစ္စည်းအမြဲပါတယ်။မနက်ပိုင်းဆို ယာဂု နေ့ခင်းပိုင်းဆို ပန်း၊ ဖယောင်းတိုင် ညနေပိုင်းဆို
ရဟန်းများသုံးဆောင်ကောင်းတဲ့…စတုမဓု သကာ ပျားရည်တို့အမြဲပါတယ်။ ဒီလို အမြဲတမ်း လှူလာလိုက်တာ
၃၈နှစ်လောက် ပြုလုပ်ခဲ့တယ်။
မြတ်စွာဘုရားနှင့် တကွ ရှင်သာရိပုတ္တရာ ရှင်မဟာမောဂ္ဂလာန်တို့ကလည်း ဒါနကြောင့် အကျိုးများပုံ ပါရမီထိုက်တဲ့
ကုသိုလ်ဖြစ်ကြောင်းပဲ ဟောကြားခဲ့ရင်း… သူဋ္ဌေးကြီး ကျန်းမာရေး ချို့ယွင်းလာတယ်။ သူ့စိတ်မှာလည်း
ဒီဝေဒနာကနေ ကျော်နိုင်ပုံမရဘူးဆိုပြီး…သူ့အခိုင်းစေ တစ်ယောက်ကိုစေလွှတ် ဘုရားကိုလျှောက်ပြီး
ရှင်သာရိပုတ္တရာကို အိမ်လည်း ကြွပေးရန် ပင့်ခိုင်းတယ်။
ရှင်သာရိပုတ္တနှင့် ရှင်အာနန္ဒာတို့ကြွလာပြီး အကဲခတ်ကြည့်တဲ့အခါ ဒီဝေဒနာကဖြင့်…သေမည့်ဝေဒနာပဲဆိုတာသိလို့
အရင်တုန်းက ဟောခဲ့တဲ့ဒါနတရားတွေ ဟောနေဖို့ မသင့်တော်ပြီ …။ နောက်ဆုံးတရားကိုပဲ ဟောတာအသင့်တော်ဆုံးပဲ။
ဒါကြောင့် အရှင်သာရိပုတ္တက -“ဒကာကြီး ကျုပ်တရားဟောမယ် ခန္ဓာပေါ် ဉာဏ်စိုက်ထားပါ …
ဒကာကြီး မြင်စိတ်ကိုမစွဲလို့ရှိရင် မြင်စိတ်ကြောင့် နောက်ခန္ဓာမလာဘူး နောက်ပြီး ဒီမြင်စိတ်နဲ့တွဲမည့်
ခန္ဓာလည်းမလာဘူး …။ ကြားစိတ်ကို မစွဲလို့ရှိရင် ကြားစိတ်ကြောင့် နောက်ခန္ဓာမလာဘူးဒီကြားစိတ်နဲ့တွဲမည့်
ခန္ဓာလည်းမလာဘူး။ နံစိတ်ကို မစွဲလန်းလို့ရှိရင် နံစိတ်နဲ့ ပတ်သက်တဲ့ ဝိဉာဏ္မလာပါဘူး ….။
စားတဲ့အခါ လျှာပေါ်မှာ ကောင်း မကောင်းခံစားတဲ့စိတ်ကလေးကို မစွဲလို့ရှိရင် ဒီစားစိတ်နဲ့ ပတ်သက်တဲ့နောက်ခန္ဓာ
ဝိဉာဏ်မလာဘူး။ ဒီလိုပဲ ယားစိတ်ယံစိတ် ကောင်းစိတ်တွေနဲ့ ပတ်သက်တဲ့ခန်ဓာမလာဘူး …။
ကြံစည်တွေးတောစိတ် မနောစိတ် ဘယ်စိတ်မဆိုမစွဲလန်းလို့ရှိရင်လည်း… လောဘ ဒေါသ မောဟ ၊အလောဘ
အဒေါသ ၊အမောဟ မဖြစ်တော့တဲ့အတွက် မနောဝိဉာဏ်နဲ့ ပတ်သက်တဲ့ခန္ဓာမလာတော့ဘူး …။
မြင်စိတ်ကို မစွဲနဲ့ဆိုတာ…မြင်တာနဲ့ကောင်းတယ် ဆိုးတယ်ဖြစ်ပြီး လိုချင်တဲ့ တဏှာစွဲလန်းတဲ့ ဥပါဒါန်တွေဖြစ်ပြီး
ကြိုးပမ်းအားထုတ်တဲ့ကမ္မဘဝ ထပ်လိုက်လာတယ်။ ဒါဖြင့် … ကမ္မဘဝ ပစ္စယာ ဇာတိဆိုတဲ့နောက်မြင်တဲ့စိတ်နဲ့
တွဲလာတဲ့ ဇာတိခန္ဓာကြီး ပြန်ရပြန်တယ်။ ဇာတိဖြစ်တာနဲ့ …ဇရာ မရဏ သောက ပရိဒေဝ ဆိုတာတွေ…
တဖန်လည်လာပြန်တယ်။
မစွဲနဲ့ဆိုတာ…ဒီတိုင်းကြည့်နေဖို့မဟုတ်ဖူး။ ဒီစိတ်ကလေးတွေကို အနိစ္စရှုဖို့ပဲ။ ဒီမြင်စိတ်ကို အနိစ္စရှုတော့ တဏှာ
ဥပါဒါန် မဆက်လို့ မြင်တယ် လိုချင်တယ် စွဲလန်းတယ်ဆိုတာ မလာတော့ဘူး။
မြင်တဲ့အပေါ်မှာ …မြင်စိတ်လို့ သိလိုက်ပြီး ဖြစ် ပျက်ရှုတဲ့အခါ လိုချင်စွဲလန်းတာ မလာပဲ ဉာဏ်လိုက်လာတယ် …။
ဒါ ဝိပဿနာဉာဏ်ပဲ ….ဉာဏ်လိုက်တော့…တဏှာ ဥပါဒါန် လိုက်ခွင့်မရလို့ ကံဖြတ်ချလိုက်တာပဲ …။ကံပြတ်တော့
ဝိပါက်အကျိုးပေးတွေ လာခွင့်မရတော့ဘူး …။
ဒီ ကံဖြတ်တဲ့အလုပ်ကသိပ်အရေးကြီးတာ …ကံမပြတ်သ၍ ဒါနကြောင့် နတ်ပြည်အကျိုးပေးလည်း ဇာတိ ဇ မရဏ
မလွတ်တဲ့အတွက် ဒုက္ခသစ္စာချည်းလာနေတာပဲ …။ မြင်စိတ်ကို ငါမြင်တယ်ဆိုတာနဲ့ ဝိဉာဏ်ကို ငါထင်ပြီး
ဒိဋ္ဌိကပ်လာပြန်တယ် …။
ဒါနဲ့ သူဋ္ဌေးကြီးက ဝိညာဉ်ချုပ်ကာနီးမှာ- “အရှင်ဘုရားတို့…တပည့်တော်ကတော့ ဒီဝေဒနာနဲ့ပဲ သေမှာပါ ဒါပေမဲ့
ဒီတရားမျိုးကို ကျန်တဲ့သူတွေကို ဟောရစ်ပါလို့ မှာကြားပြီး မျက်ရည်တွေ ကျနေတဲ့အခါ အရှင်အာနန္ဒာက – “ဒကာကြီး
ဒကာကြီးမှာချမ်းသာတဲ့ ပစ္စည်းတွေရော သားသမီးတွေရော စွန့်ရမှာကြောက်လို့မျက်ရည်ကျတယ်ထင်ပါရဲ့”
လို့ပြောတဲ့အခါ ….
“အရှင်ဘုရား ဒီလိုတော့မပြောနဲ့ ဒါတွေ မစွဲလန်းပါဘူး အကဲခတ်မလွဲပါနဲ့ …တပည့်တော် မျက်ရည်ကျတာဟာ
ဘုရားနဲ့တကွ အရှင်ဘုရားတို့နဲ့ နှစ်ပေါင်းများစွာ နေခဲ့ရပေမဲ့ဒီလို နိဗ္ဗာန်ပေါက်တရားမျိုးမနာခဲ့ရဖူး …။ ရဟန္တာဖြစ်မဲ့
တရားဆိုတာတပည့်တော်ရိပ်မိတော့မှ နှစ်ပေါင်းများစွာ…ဆရာသမားတွေ ကိုးကွယ်ပါလျက် ဒီလောက်မွန်မြတ်တဲ့
တရားကို ခုမှ နာရတာ ၀မ်းနည်းလို့ပါ” ရှင်သာရိပုတ္တရာက -“ဒီတရားကို မဟောချင်လို့မဟုတ်ဘူး လူတွေမှာက…
သားစွဲလန်း သမီးစွဲလန်း ပစ္စည်းစွဲလန်းနဲ့ အမိုက်ထူနေတော့ ရင့်ကျက်လာတဲ့
အချိန်မရောက်သေးရင်တော့ ဘယ်ပုဂ္ဂိုလ်မှ အသိဉာဏ် ပွင့်လင်းလာမှာ မဟုတ်လို့ပါ …တရားကို ထောင်နိုင်တဲ့
နားရှိမှဖြစ်မှာပါ” မိုးကုတ်ဆရာတော်ဘုရားကြီး တရားတော်မှ အကျဉ်းမျှပူဇော်ပါသည်…။
ခရစ်ဒစ်