ကလေးတွေကို ထက်မြက်ပြီးလူကောင်းတွေအဖြစ် ကြီးပြင်းလာစေဖို့ စည်းကမ်းတွေကို ငယ်ငယ်ကတည်းက ချမှတ်ထားပေးလို့ လိုအပ်ပါတယ်။ စည်းကမ်းတွေကို ချမှတ်တဲ့အခါမှာလည်း ကလေးရဲ့အသက်အရွယ်နဲ့ ကိုက်ညီတဲ့ စည်းကမ်းတွေကို ချမှတ်ထားပေးဖို့လည်း အရေးကြီးပါသေးတယ်။
ကျွမ်းကျင်သူတွေရဲ့အဆိုအရ ကလေးတွေကို နားဝင်လွယ်အောင် ဆုံးမဖို့၊ စည်းကမ်းချမှတ်ဖို့ အကောင်းဆုံးအချိန်ကတော့ ရေချိုးတဲ့အချိန်ပါပဲ။
၁။ ကလေးတွေကို စည်းကမ်းသတ်မှတ်ပေးတဲ့အခါ အချိန်ရွေးချယ်တာ မှန်ကန်ဖို့ လိုအပ်ပါတယ်။
စိတ်ကောက်နေတဲ့ကလေး၊ စိတ်ဆိုးနေတဲ့ကလေးကို စည်းကမ်းတွေ သတ်မှတ်ပေးရင် လိုက်နာဖို့ ငြင်းဆန်နေမှာပါ။ သူတို့အတွက် အဲဒီအချိန်က စိတ်ဖိစီးမှု အများဆုံးအချိန်ပါပဲ။ မိဘတွေ ဆုံးမသမျှကိုလည်း နားမထောင်ချင်တဲ့အပြင် လိုက်နာချင်မှလည်း လိုက်နာမှာပါ။
ရေချိုးတဲ့အချိန်မှာ စိတ်ကတည်ငြိမ်နေတတ်တာကြောင့် ရေချိုးပေးနေရင်းနဲ့ ဖြစ်စေချင်တဲ့ စည်းကမ်းတွေကို သတ်မှတ်ပေးတာက အထိရောက်ဆုံးပါ။
၂။ ရေချိုးတဲ့အချိန်မှာ မိဘပြောတဲ့စကားကို ပိုပြီးအာရုံစိုက်နိုင်ပါတယ်။
ရေချိုးတဲ့အချိန်ဟာ အခြားအာရုံစိုက်စရာနည်းပါးပြီး ရေချိုးတာတစ်ခုတည်းကိုပဲ အာရုံစိုက်ဖို့ရှိပါတယ်။ အဲဒါကြောင့် ရေချိုးချိန်မှာ ကလေးတွေကို နားဝင်လွယ်အောင် ဆုံးမတာက ပိုပြီး ထိရောက်ပါတယ်။
ကလေးတွေက ရေနဲ့ကစားရတာပျော်တာကြောင့် ရေချိုးချိန်ဟာ သူတို့အကြိုက်ဆုံးအချိန်တွေထဲက တစ်ချိန်ပါပဲ။
၃။ ရေချိုးတာက ကလေးတွေအတွက် စိတ်ဖိစီးမှု လျော့နည်းစေပါတယ်။
ရေချိုးနေချိန်မှာ ဆပ်ပြာပူဖောင်းလေးတွေကို ဆော့ရတာကြောင့် ကလေးတွေက အအရမ်းပျော်ရွှင်ပါတယ်။ ရေချိုးနေချိန်မှာ နှလုံးခုန်နှုန်းနဲ့ သွေးဖိအားကလည်း တည်ငြိမ်သွားပါတယ်။
အိမ်စာမလုပ်ချင်တဲ့ကလေး၊ အစားပုံမှန်မစားတဲ့ကလေးတွေကို ရေချိုးချိန်မှာ စိတ်ရှည်လက်ရှည်ရှင်းပြရင် ပိုပြီးနားဝင်လွယ်ပါတယ်။
၄။ ရေချိုးပေးတဲ့အချိန်မှာ ကလေးတွေက သူတို့ရဲ့ခံစားချက်တွေကို ပြောပြလေ့ရှိပါတယ်။
ကလေးတွေမှာလည်း မျိုသိပ်ထားတဲ့ ခံစားချက်တွေ၊ စိတ်ဖိစီးစရာတွေရှိပါတယ်။ မိဘတွေ ရေချိုးပေးချိန်ဟာ သူတို့အတွက် အခွင့်အရေးဖြစ်တာကြောင့် သူတို့ရဲ့ခံစားချက်တွေကိုလည်း ပြောပြလေ့ရှိပါတယ်။
ကလေးတွေရဲ့ခံစားချက်ကိုသိရပြီးနောက် နောက်ထပ်အမှားမျိုး ထပ်မလုပ်အောင် ဆုံးမလို့ရနိုင်သလို အရင်ကထက်လည်း နားလည်မှုတွေ ပိုပေးနိုင်မှာပါ။
၅။ ဒီနည်းကိုတော့ ခဏခဏအသုံးမပြုသင့်ပါဘူး။
ရေချိုးတဲ့အချိန်မှာပဲ နားဝင်လွယ်အောင် ဆုံးမတဲ့နည်းကို ခဏခဏအသုံးမပြုဖို့ ကျွမ်းကျင်သူတွေက အကြံပေးထားပါတယ်။
မိဘတွေက ပြောချင်တဲ့စကားတွေကို ရေချိုးတဲ့အချိန်မှာပဲ အမြဲပြောတာကြောင့် ရေချိုးရမှာကို ကြောက်စိတ်ဝင်သွားနိုင်တာကြောင့်ပါ။ အဓိကကတော့ ကလေးတွေ စိတ်တည်ငြိမ်နေချိန်မှာ ဆိုဆုံးမပြီး စည်းကမ်းသတ်မှတ်ပေးဖို့ပါပဲ။
ကလေးတွေကို ရေချိုးတဲ့အခါမှာ နားဝင်လွယ်အောင် ဆုံးမပေးဖို့နည်းလမ်းများ
– တစ်နေ့တာမှာ ကလေးစိတ်တည်ငြိမ်မယ့်အချိန်၊ ဗိုက်မဆာမယ့်အချိန်၊ မအိပ်ချင်တဲ့အချိန်ကို ရွေးချယ်ပါ။
– ရေကအရမ်းအေးနေရင်လည်း အာရုံစိုက်နိုင်ဖို့ နည်းပါးသွားပါတယ်။
– ကလေးတွေ ရေချိုးပေးတဲ့အချိန်မှာ သူတို့အကြိုက်သီချင်းလေးတွေ ဖွင့်ထားပေးတာ၊ ဆပ်ပြာပူဖောင်းလေးတွေ၊ အရုပ်လေးတွေနဲ့ ကစားခွင့်ပြုတာက ပိုပြီးပျော်ရွှင်စေပါတယ်။
မှုရင်းရေးသားသူဆရာ ကိုလေးစားစွာဖြင့် Credit
Zombie (lovemedia)