Knowledge

အနေကဇာတင်ခွင့်မရှိတဲ့ သရက္ခန်အစစ် လက်လေးသစ်

လွန်ခဲ့တဲ့ ၂၇ နှစ်တုန်းက မကွေးတိုင်းဒေသကြီး ရေစကြို မြို့မှာ တာဝန်ထမ်းဆောင်ရင်း သုံးနှစ်နီးပါးနေခဲ့ဖူးပါတယ်။ အခုအချိန်နဲ့ ပြန်တွက်ကြည့်ရင် နှစ်ပေါင်း ၃၀ လောက် ကြာခဲ့ပြီမို့ ပြောင်းလဲတိုးတက်မှုတွေလည်းရှိနေခဲ့ပြီလို့ဆိုရမှာပါ။ ရေစကြိုမြို့နဲ့ ကင်းကွာခဲ့တာ အဲဒီလောက် ကြာခဲ့ပြီလားဆိုတော့ မဟုတ်ပါဘူး။ ရေစကြိုမှာ နေထိုင်ခဲ့စဉ်က သံယောဇဉ်ရှိခဲ့ဖူးတဲ့ ဆရာသမားတွေနဲ့ မိတ်ဆွေ ရင်းချာတွေဆီ သွားရောက်ဂါရဝပြု လည်ပတ်ရင်းနဲ့ မကြာမကြာ ပြန်ရောက်ဖြစ်ခဲ့ပါတယ်။ အဲဒီလို ပြန်ရောက် ဖြစ်တိုင်းလည်း ပခုက္ကူ-ရေစကြိုတစ်ကြောက သရက္ခန် ဘုရားတွေကို ဝင်ရောက်ဖူးမြော်ဖြစ်ပါတယ်။ ရှင်မတောင်နဲ့ ရှင်မတောင်ပေါ်မှာရှိတဲ့ သရက္ခန်ဘုရားကို တက်ရောက် ဖူးမြော်ခြင်းမှအပပေါ့လေ။

ဒါကလည်း မသွားချင်လို့တော့ မဟုတ်ပါဘူး။ အခြားသွားရလာရမယ့်အချိန်တွေကို တွက်ဆပြီးတော့ သာ မရောက်ဖြစ်ခဲ့တာပါ။ ဒီတစ်ခါတော့ ရှင်မတောင် အပေါ် ရောက်အောင်သွားပြီး ဘုရားဖူးကြမယ်လို့ အစီ အစဉ်ဆွဲပြီးသွားခဲ့တာ မကြာသေးခင်ကမှ တတိယ အခေါက် ရောက်ဖြစ်ခဲ့ပါတယ်။ တောင်ခြေကနေ ပင်လယ် ရေမျက်နှာပြင်အထက် ၁၇၂၃ ပေမြင့်တဲ့ တောင်ထိပ် အထိ ကတ္တရာလမ်းခင်းထားတာမို့ ကားနဲ့ အလွယ်တကူပဲ တက်ရောက်နိုင်ခဲ့ပါတယ်။ ၁၉၉၂ ခုနှစ်လောက်တုန်းက ကားလမ်းဖောက်ဖို့ စီစဉ်နေဆဲကာလဖြစ်လို့ ဖုန် အလိမ်းလိမ်းနဲ့ သည်းထိတ်ရင်ဖို တက်ခဲ့ရတဲ့လမ်းပါ။ အခုတော့ ကားစီးရင်းနဲ့ ပတ်ဝန်းကျင်က သဘာဝရှုခင်း တွေကို ကြည့်ရှုခံစားနိုင်ပါပြီ။

သရက္ခန်အစစ် လက်လေးသစ်

ပခုက္ကူ – ရေစကြိုကားလမ်းပေါ်မှာရှိတဲ့ ပခန်းကြီး မြို့ဟောင်းကနေ ရှင်မတောင်ဘက်ကို ချိုးဝင်သွားတော့ လမ်းမှာဘုရားဖူးလာတဲ့ ကားတစ်စီးစ၊ နှစ်စီးစတွေ့ရပါ တယ်။ ဆိုလိုချင်တာက ရှင်မတောင်ဘုရားဖူးတဲ့ အရေ အတွက် နည်းနေသေးတယ်လို့ထင်တာပါ။ ဖူးချင်ကြ ပေမယ့် လမ်းမသိတာ၊ ကားရောက်၊ မရောက်မသေချာတာ၊ ဘုရားရှိမှန်းမသိတာ၊ ဘုရားအကြောင်း မသိတာ၊ အချိန် မရတာတွေထဲက အကြောင်းမတိုက်ဆိုင်တာ တစ်ခုခု ကြောင့်ဖြစ်မယ် ထင်ပါတယ်။ ဒါကြောင့် ရှင်မတောင်နဲ့ ဆက်စပ်နေတဲ့ သရက္ခန်ဘုရားများအကြောင်းကို မျှဝေ ပေးချင်တဲ့ စေတနာက ဒီစာကိုရေးဖြစ်စေခဲ့ပါတယ်။ ဒီတော့ အနေကဇာတင်ခွင့်မပြုခဲ့တဲ့ သရက္ခန်ဘုရား ငါးဆူ သမိုင်းအကျဉ်းကနေ အစပြုတင်ပြလိုပါတယ်။

သရက္ခန်အစစ် လက်လေးသစ်လို့ ဆိုကြပါတယ်။ သိကြားမင်းက နတ်ပြည်က ယူဇနာအဝန်း ၁၀၀ ထိအောင် မွှေးတဲ့ သရက္ခန်သားလက်သစ် ၂၀ ကိုယူပြီး ဆင်းတုတော် ငါးဆူ ကိုယ်တိုင်ထုလုပ်ခဲ့ပါသတဲ့။ တစ်ဆူချင်းမှာ ဘုရားရှင်ရဲ့ မွေတော်ဓာတ်တော်နှစ်ဆူစီထည့်သွင်းဌာပနာ ပါသတဲ့။ လက်သစ် ၂၀ ကို ငါးဆူထုတော့ တစ်ဆူစီရဲ့ ဉာဏ်တော်ဟာ လက်လေးသစ်ဖြစ်တာ သဘာဝကျတယ် လို့ ထင်ပါတယ်။ အဲဒီ ငါးဆူကို ပုဂံဘုရင် အလောင်းစည်သူ မင်းကိုဆက်သပါသတဲ့။ အလောင်းစည်သူမင်းက ဆင်းတု တော်အရွယ်က ငယ်လွန်းတယ်ဆိုတော့ သိကြားမင်းက ဇမ္ဗုသပြေသားနဲ့ အရွယ်တော်ဆင်းတု ငါးဆူထုလုပ်ပြီး သရက္ခန်ငါးဆူကို ပထမမှ ပဉ္စမအထိ အစဉ်အတိုင်း ထည့်သွင်းဌာပနာပေးပါသတဲ့။

အနေကဇာတင်ခွင့်မရှိ

အဲဒီလို ဇမ္ဗုသပြေသားနဲ့ အရွယ်တော် ဆင်းတုတော် ငါးဆူထုလုပ်ရာမှာ နောက်ဆုံးဖြစ်တဲ့ ပဉ္စမဆင်းတုတော် အလှည့်တွင် အသားမလောက်လို့ လက်ယာလက်မောင်း တော်ကို ဗောဓိညောင်သားနဲ့စပ်ပြီး ထုလုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။ သိကြားမင်းက အဲဒီလို သရက္ခန်ဆင်းတုငါးဆူ၊ ဇမ္ဗုသပြေဆင်းတု ငါးဆူထုလုပ်ရာက ထွက်ပေါ်လာတဲ့ စူးစာဆောက်စာ၊ ဓားငယ်စာတွေကို သစ်စေးသရိုးနယ်ပြီး ဓာတ်တော်နှစ်ဆူဌာပနာကာ ဆင်းတုတော်ထုလုပ်ပြီး မင်းကြီးကို ဆက်သခဲ့ပြန်ပါသတဲ့။ အဲဒီဆင်းတုတော်ကို တော့ အသားမြတ်သုံးပါး ပေါင်းစပ်ပြုလုပ်ထားတာ ကြောင့် “မြတ်ပေါင်းမဉ္ဇူ”လို့ ဘွဲ့အမည်တွင်ခဲ့ပါတယ်။

ဆင်းတုတော်တွေ ထုလုပ်ပြီးသွားတော့ မင်းကြီးက အနေကဇာတင်ဖို့လိုတဲ့အကြောင်းပြောရာမှာ သိကြားမင်း က ဆင်းတုတော်တွေရဲ့ပုံသဏ္ဌာန်ဟာ မြတ်စွာဘုရားရဲ့ ပုံသဏ္ဌာန်အတိုင်းဖြစ်တဲ့အပြင် ဓာတ်တော်မွေတော်များ ကလည်း မြတ်စွာဘုရားရဲ့ကိုယ်တော်ကဖြစ်တဲ့အတွက် အနေကဇာတင်ခွင့်မရှိလို့ တားမြစ်ပါသတဲ့။

အလောင်းစည်သူမင်းကြီးက ဆင်းတုတော်တွေကို ဖူးမြော်ကြည်ညိုရင်း ပုလ္လင်တော်တွေ နိမ့်နေတယ်ထင်လို့ မြှင့်ချင်တဲ့ ဆန္ဒဖြစ်ပေါ်ရာမှာ ကျွန်းစောင့်နတ်တွေက ဆင် သားရေသဏ္ဌာန် ရှိတဲ့ သစ်တုံးခြောက်ပိုင်းကို ဆင်းတုတော် ခြောက်ဆူရှေ့မှာ အစဉ်အတိုင်းလာရောက်ချထားပေးခဲ့ပါ သတဲ့။ ပန်းပုဆရာတွေက အဲဒီသစ် ခြောက်ပိုင်းကို ဆင် ၁၅ စီး၊ ဆင် ၁၄ စီး ၊ ဆင် ၁၃ စီး၊ ဆင် ၁၂ စီး၊ ဆင် ၁၁ စီးနဲ့ ဆင် ၁၀ စီး ပလ္လင်ခြောက်ခုထုလုပ်ပြီး သရက္ခန်ဆင်းတုတော် ငါးဆူနဲ့ မြတ်ပေါင်းမဉ္ဇူဆင်းတုတော်တို့ကို အစဉ်အတိုင်း တင်ပြီး မင်းကြီးကိုဆက်သခဲ့တယ်လို့ ဆိုပါတယ်။

ရှင်မတောင်ဒေသမှာ တည်ထားမှ

အဲဒီနောက်မှာတော့ မင်းကြီးက ဆင်းတုတော်တွေကို ရွှေပြားသင်္ကန်း ကပ်လှူတော်မူပါသတဲ့။ ပြီးတော့ ဆင်းတုတော်တွေမှာ ကမ္ပည်းအမှတ်အသားထားတော်မူ စေရာ သက္ကရာဇ် ၄၅၇ ခုနှစ်တွင် သိကြားမင်းက အပ်နှင်း ကြောင်း ကမ္ပည်းရေးထိုးထားခဲ့တယ်လို့ ဆိုပါတယ်။ မင်းကြီးရဲ့ စိတ်ထဲမှာ အဲဒီဆင်းတုတော်တွေကို ပုဂံ နေပြည်တော်မှာ ဂူသွင်းတည်ထားကိုးကွယ်ဖို့ စိတ်ကူးရှိခဲ့ ပါတယ်။ ဒါပေမယ့် သိကြားမင်းက ပုဂံမှာဆိုရင် သာသနာ ငါးထောင်တိုင်အောင် မတည်မြဲနိုင်ဘူး။ ရှင်မတောင်ဒေသ မှာ တည်ထားမှ သာသနာငါးထောင်တည်မယ်။ အဲဒီနား ရောက်ရင် သမ္မာဒေဝ နတ်ကောင်းနတ်မြတ်တွေက ညွှန်ပြ ကြလိမ့်မယ်။ အဲဒီနေရာတွေမှာသာ အရိုအသေပြုပြီး လိုဏ်သွင်းထားရစ်ပါလို့ မှာခဲ့ပါသတဲ့။ ဒါနဲ့ပဲ သရက္ခန် ဆင်းတုတော်တွေဟာ ရှင်မတောင်နဲ့ အနီးတစ်ဝိုက်မှာ အများစုတည်ရှိနေခဲ့တာဖြစ်မယ်လို့ ထင်ပါတယ်။

သိကြားမင်းပြောခဲ့တဲ့အတိုင်းပဲ အလောင်းစည်သူ မင်းကြီးဟာ ဆင်းတုတော်တွေကို ဖောင်စကြာပေါ်မှာ တင်ပြီး တိုင်းခန်းလှည့်လည်တဲ့အချိန် ရှင်မတောင်ရဲ့ မြောက်ဘက် ဧရာဝတီမြစ်ရဲ့ ကျွန်းပေါ်မှာနားကြတဲ့အခါ ဆင်းတုတော်တွေ၊ ဓာတ်တော်မွေတော်တွေက သရက္ခန် အမွှေးနံ့တွေ လွှတ်ကြပါသတဲ့။ ရှင်မတောင်ရဲ့ အရှေ့ဘက် တစ်ခွင်လုံးမှာလည်း ကျေးငှက်သာရကာများစွာက လူးလာခေါက်ပြန် တွန်ကျူးပျံသန်းကြပါသတဲ့။ အဲဒီ ထူးခြားချက်တွေကို မင်းကြီးမြင်တော့ ပညာရှိတွေနဲ့တိုင်ပင် ပြီး ယခုပခန်းကြီးမြို့ဟောင်းတည်ရှိရာအရပ်မှာ တဲနန်း ဆောက်လုပ်ပါသတဲ့။ ပြီးတော့ သရက္ခန်ဆင်းတုတော် ငါးဆူနဲ့ မြတ်ပေါင်းမဉ္ဇူတို့ကို ဆင်တစ်စီးစီပေါ်မှာ တင်ပြီး ဆင်တော်ဦးခိုက်ရာအရပ်တွေမှာ လိုဏ်ဂူထပ်တည်ထား မယ်လို့ အဓိဋ္ဌာန်ပြုစေလွှတ်တော်မူပါသတဲ့။

ဆင်တွေရပ်လို့ တည်ထားခဲ့တဲ့ နေရာတွေနဲ့ သရက္ခန် ဆင်းတုတော်တွေရဲ့ ဘွဲ့တော်အမည်တွေကတော့ ရေစကြို မြို့နယ် ပခန်းကြီးမြို့ဟောင်းမှာ စည်သူရှင်ဘုရား၊ ရှင်မတောင် တောင်မကြီးထိပ်မှာ တောင်မကြီးကိုယ်တော်၊ ဆင်ကျိုးရွာမှာ ဆင်ကြို့ရွှေဂူဘုရားနဲ့ ပခုက္ကူမြို့နယ် ရွှေတန့်တစ်ရွာမှာ ရွှေတန့်တစ်ဘုရားတို့ပဲဖြစ်ပါတယ်။ မြတ်ပေါင်းမဉ္ဇူဘုရားကတော့ ရေစကြိုမြို့နယ် ရွှေဥမင်ရွာ မှာရပ်ခဲ့လို့ ရွှေဥမင်ကျောင်းတိုက်ဆရာတော်ထံ အပ်နှံခဲ့ပြီး လိုဏ်ဂူသွင်းပူဇော်ထားခဲ့တယ်လို့ ဆိုပါတယ်။ အခုအခါမှာ တော့ ပခန်းကြီးမြို့ဟောင်းမှာ စည်သူရှင်ဘုရားနဲ့အတူ ပူဇော်ခံထားရှိပါတယ်။

အညာသီဟတောဘုရား

ဒီတော့ ပခုက္ကူနဲ့ ရေစကြိုအကြားမှာပဲ သရက္ခန် ဆင်းတုတော် လေးဆူနဲ့ မြတ်ပေါင်းမဉ္ဇူတစ်ဆူကို ဖူးမြော်နိုင်ပါတယ်။ ဖော်ပြခဲ့တဲ့အထဲမှာ သရက္ခန်တစ်ဆူ ကျန်နေပါသေးတယ်။ အဲဒီတစ်ဆူကိုတင်တဲ့ ဆင်တော်ဟာ အခြားဆင်တွေလို မသွားဘဲနေရာမှာပဲ အော်မြည်နေခဲ့တယ် လို့ ဆိုပါတယ်။ မင်းကြီးက ပညာရှိတွေကို အဲဒီအကြောင်း မေးတော့”အညာဒေသ အလယ်ကျွန်းအရပ်သို့ ရောက်စဉ် က တောကြက်မသည် ဖောင်တော်ပေါ်ပျံကျ၍ နိမိတ်ပြပါ သည်။ အရှင်မင်းကြီး၏ ဆန္ဒတော်ကိုမသိရ၍ မလျှောက် တင်ခဲ့ရပါ။ ထိုအရပ်၌ တည်ထားရန်အကြောင်းကို အမတ်တို့လျှောက်တင်ကြလို့ ဖောင်စကြာနဲ့ပင့်ဆောင် ပြီး လိုဏ်ဂူသွင်းတော်မူတယ်”လို့ ဆိုပါတယ်။

အဲဒီရေလယ်ကျွန်းနေရာဟာ ဂေါတမဘုရားရှင် နုစဉ် ခြင်္သေ့မင်းဘဝက ဧရာဝတီမြစ်ကို အရှေ့အနောက်ခုန်ကူးရာ မှာ တစ်ထောက်နားတဲ့အရပ်လို့ ဆိုပါတယ်။ သပိတ်ကျင်း မြို့ကနေ စက်လှေနဲ့ နာရီဝက်လောက်စုန်ဆင်းရင် ရောက် ပါတယ်။ အညာအရပ်မှာရှိပြီး သီဟရာဇာကျင်လည်ခဲ့တဲ့ တောကိုပေါင်းစပ်ကာ”အညာသီဟတောဘုရား”လို့ဘွဲ့တော်ရခဲ့ပါတယ်။ အဲဒီ သရက္ခန်ဆင်းတုတော်ကိုတော့ ပွဲတော်ချိန်မှအပ ကျန်အချိန်တွေမှာ မန္တလေးမြို့ရွှေကျီးမြင် ဘုရားမှာ ပူဇော်ထားရှိပါတယ်။ ဒီလောက်ဆိုရင် အလောင်း စည်သူမင်းကို သိကြားမင်းဆက်သခဲ့တဲ့ သရက္ခန်ဆင်းတု တော်တွေရဲ့ သမိုင်းအကျဉ်းနဲ့ တည်နေရာတွေကို သိလောက်ပြီလို့ထင်ပါတယ်။

ဘယ်လိုသွားရောက်ဖူးမြော်ရပါ့

ဒီလိုဆိုရင် ရှင်မတောင်တစ်ဝိုက် မှာရှိတဲ့ သရက္ခန် ဘုရားတွေကို ဘယ်လိုသွားရောက် ဖူးမြော်ရပါ့မလဲ။ ပခုက္ကူမြို့ကိုပဲ မူတည်ပြီးပြောကြပါစို့။ ပခုက္ကူကနေ ရေစကြိုမြို့ဘက်ကိုသွားရင် ပခုက္ကူစက်မှုဇုန်ကျော်တာနဲ့ လမ်းညာဘက်(ပခုက္ကူ-ရေစကြိုကားလမ်း၏ အရှေ့ ဘက်)ကပ်လျက်မှာ”ရွှေတန့်တစ်ဘုရား”မုခ်ဦးကြီးကို တွေ့ရပါမယ်။ အဲဒီကတ္တရာလမ်းအတိုင်း မိနစ် ၂၀ လောက် မောင်းသွားရင် ဘုရားကို ဦးတိုက်ရောက်တာပါပဲ။ ရွှေတန့်တစ်သရက္ခန်ဘုရားကို သိကြားမင်းဆက်သခဲ့တဲ့ အတိုင်း ဖူးမြင်ရမှာပါ။ အခုခေတ်အလှူရှင်တွေလှူထားတဲ့ ရတနာကျောက်စီ ရွှေမကိုဋ်၊ ရွှေစလွယ်၊ ရွှေထီးတွေ ဆောင်းလျက်ပေါ့။ သိကြားမင်းဆက်သခဲ့တဲ့အတိုင်း ဖူးမြော်ရမယ့် လက်လေးသစ်အရွယ် သရက္ခန်ဆင်းတု တော်က နှစ်ဆူ ရှိပါတယ်။ အခုပြောနေတဲ့ ရွှေတန့်တစ်နဲ့ ပခန်းကြီးမြို့ဟောင်းက စည်သူရှင်တို့ပဲဖြစ်ပါတယ်။

အဲဒီကနေ ပြန်ထွက်ပြီး ရေစကြိုဘက်ကိုသွားရင် လမ်းရဲ့ညာဘက်မှာပဲ “ဆင်ကြို့ရွှေကူဘုရား” မုခ်ဦးကြီးကို တွေ့ရပါမယ်။ မိနစ် ၂၀ လောက်မောင်းရင် ဆင်ကြို့ရွှေကူဘုရားကို ရောက်ပါပြီ။ အဲဒီဘုရားမှာ ဘုရားဖူးရင်း ရှေးဟောင်းမြန်မာမှု အနုလက်ရာတွေကို လေ့လာနိုင်ပါသေးတယ်။ ပခုက္ကူရွှေကူကြီးဘုရားက ကမ္ဘာကျော်တံကဲလို အနုလက်ရာတွေရှိနေပါတယ်။

အဲဒီကနေပြန်ထွက်လာပြီး ရေစကြိုဘက်ဆက်သွား ရင် ပခန်းကြီးမြို့ဟောင်းကိုရောက်ပါတယ်။ ပြောခဲ့တဲ့ အတိုင်း ပခန်းကြီးမှာ စည်သူရှင်နဲ့မြတ်ပေါင်းမဉ္ဇူတို့ကိုဖူးတွေ့ကြရမှာပါ။

ဒါ့အပြင် ဒက္ခိဏသာခါဘုရားလည်း တစ်ပါတည်းဖူးရ မှာပါ။ ပခန်းကြီးမြို့ဟောင်းမှာ ဘုရားဖူးရတဲ့အပြင် “ပုဂံမှာ ဘုရား၊ စလေမှာ မံ၊ ပခန်းမှာ ကျောင်း”ဆိုသလို ပခန်းမှာ ထင်ရှားတဲ့ ရှေးဟောင်းကျောင်းတော်ကြီးကိုလည်း လေ့လာနိုင်ပါတယ်။ မြို့ဟောင်းရဲ့ယဉ်ကျေးမှုအမွေ ဖြစ်တဲ့ မြို့ရိုးကြီးတွေရောပေါ့။

အဲဒီကနေ ရှင်မတောင် တောင်ပေါ်တက်မယ်ဆိုရင် တော့ ပခန်းကြီးကျောင်းတော်ကြီးရှေ့မှာရှိတဲ့ လမ်းအတိုင်း မြေခဲတောင်ရွာ၊ ကျောက်တံခါးရွာ၊ ချင်ယားကုန်းရွာ၊ ယာကြီးကုန်းရွာတွေကို ဖြတ်သွားရတဲ့ ကျေးရွာချင်း ဆက်လမ်းနဲ့ ပခန်းကြီးကနေ ရေစကြိုဘက်ကို ဆက်သွား ပြီး တောင်အိုရွာလမ်းခွဲကနေ ရှင်မတောင်ကိုသွားတဲ့ လမ်း ဆိုပြီး နှစ်လမ်းရှိပါတယ်။ ဘယ်လမ်းသွားသွား ချင်ယားကုန်းရွာမှာ ပြန်ဆုံတာပါပဲ။ မြေပြန့်လမ်း ၄၅ မိနစ်လောက်မောင်းရင် တောင်ခြေမှာရှိတဲ့ ယာကြီးကုန်း ရွာကို ရောက်ပါတယ်။

ကျောက်ရေကန်ကြီးတွေ

တောင်စတက်ပြီဆိုတာနဲ့ လမ်းရဲ့ညာဘက် ကျောက် တောင်နံရံတွေမှာ ထွင်းထုတူးဖော်ထားကြတဲ့ ကျောက် ရေကန်ကြီးတွေကိုတွေ့ရပါမယ်။ တောင်တက်လမ်းမှာ ကွေ့ကောက်ပြီး မတ်စောက်တဲ့နေရာတွေရှိတာမို့ ကား ကောင်းဖို့၊ အလေးချိန်မများဖို့တော့ လိုပါလိမ့်မယ်။ အိမ်စီး ကားတွေကတော့ ဂီယာကြီးနဲ့တက်သွားရင် အေးအေး ဆေးဆေးပါပဲ။

တောင်ပေါ်ရောက်သွားပြီဆိုရင်တော့ သီရိဓမ္မာ သောကမင်းကြီးတည်ထားခဲ့တဲ့ စေတီတော်ကြီးနဲ့ ရှင်မတောင်သရက္ခန်ဆင်းတုတော်တို့ကို ဖူးတွေ့ကြရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တောင်မကြီးကို ဝန်းရံထားကြတဲ့ တောင်စဉ်တောင်တန်းတွေ၊ တောင်အောက်မှာရှိနေတဲ့ အညာရွာစုစုလေးတွေ၊ ယာတောကွင်းပြင်နဲ့ မှိုင်းညို့ညို့ ထန်းတောတွေကို လှမ်းမြင်ရတာကလည်း အရသာ တစ်မျိုးပါပဲ။ ထူးခြားတာကတော့ အညာမြေမှာ ထိတွေ့ ခံစားရခဲလှတဲ့ တောင်ပေါ်လေနုအေးရဲ့ ချွေးသိပ် အသုံးတော်ခံမှုပါပဲ။

လာမယ့် ခရီးသွားရာသီမှာ ကိုယ်ကိုယ်တိုင် ဘယ် အရပ်၊ ဘယ်ခရီးကို သွားရမလဲ စဉ်းစားရင်းနဲ့ ကိုယ်သွား ရောက်ခဲ့ဖူးတဲ့ နေရာတွေအကြောင်း စဉ်းစားနေမိပါတယ်။ အဲဒီအထဲကမှ သရက္ခန်ဘုရားတွေကို တစ်ရက်တည်းနဲ့ တစုတဝေးဖူးမြော်နိုင်ကြဖို့ မျှဝေပေးလိုတဲ့ ကုသိုလ်အတွေး ပေါ်ပေါက်လာပါတယ်။ အဲဒီကုသိုလ် အတွေးကို အကြောင်းပြုပြီး ခုနစ်ရက်သားသမီး တွေလည်း ကုသိုလ်အကျိုးတရားတွေ တိုးပွားနိုင်ကြ ပါစေလို့…..။

အန်ကယ်ပညာ