လေးညှင်းဆီသည် သွေးလည်ပတ်မှုကောင်းစေရာမှစပြီး ဝက်ခြံနှင့် သွားဖုံးကျန်းမာရေးအဆုံး အသုံးပြု၍ ရပါသည်။ လေးညှင်းဆီသည် သွားနှင့်ပတ်သတ်သော ပြဿနာများ ဖြေရှင်းရာ၌ နာမည်ကြီးပါသည်။ ယခုခေတ် သွားတိုက်ဆေး ထုတ်လုပ်သူများကပင် လေးညှင်းဆီသည် သွားကိုက်သွားနာခြင်းကို သက်သာစေသည်ဟု ထောက်ခံထားကြသည်။ ရောင်ရမ်းမှုနှင့် နာကျင်မှုသက်သာအောင် အသုံးပြုသည့်အပြင် ခုခံအားစနစ်ကိုလည်း ကောင်းစေသောကြောင့် ပဋိဇီဝဆေးအဖြစ်လည်း အသုံးပြုနိုင်ပါသည်။
လေးညှင်းဆီ၏ အကျိုးကျေးဇူးများ
လေးညှင်းဆီသည် အသည်း၊ အရေပြားနှင့် ခံတွင်းအတွက်သာမက အခြားသော ခန္ဓာကိုယ်အစိတ်အပိုင်းများ အတွက်လည်း အထောက်အကူ ပြုပါသည်။ အောက်တွင် ကျန်းမာရေးအတွက် လေးညှင်းဆီ၏ အသုံးဝင်ပုံများကို ဖော်ပြထားသည်။
(၁) ဝက်ခြံနှင့် အရေပြားပြဿနာများ
လေးညှင်းဆီသည် Staphylococcus aureus ဟုခေါ်သော ဘတ်တီးရီးယားကို သေစေနိုင်ကြောင်း သိပ္ပံနည်းကျ သက်သေပြပြီး ဖြစ်သည်။ ၄င်းဘတ်တီးရီးယားသည် ဝက်ခြံကို ဖြစ်စေပါသည်။ ဝက်ခြံကို သဘာဝအတိုင်းဖယ်ရှားလိုပါက လေးညှင်းဆီ ၃ စက်နှင့် ပျားရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းကို ရောကာ မျက်နှာတွင် လိမ်းပြီး ရေဆေးချရမည်။
(၂) မှိုရောဂါ (Candida)
လေးညှင်းဆီသည် မှိုရောဂါ(Candida) ကို ကုသရာ၌ အစွမ်းထက်သည့် ဆေးတစ်မျိုး ဖြစ်ပါသည်။ ၄င်းသည် အချိုနှင့် အက်စစ်ဓာတ်များသော အစာအစားကို အစားများသည့် အမေရိကန်လူမျိုးများ၌ အဖြစ်များသည်။ Oral Microbiology and Immunology ဂျာနယ်တွင် လေးညှင်းဆီနှင့် အခြားသော မှိုသတ်ဆေးများအား နှိုင်းယှဉ်ထားရာ လေးညှင်းဆီသည် မှိုသတ်ဆေးတစ်မျိုးဖြစ်သည့် Nystatin ကဲ့သို့ပင် အစွမ်းထက်ပြီး ဘေးထွက်ဆိုးကျိုး နည်းသည်ကို တွေ့ရကြောင်း ဖော်ပြထားသည်။ လေးညှင်းဆီကို အူအတွင်းရှိ ကပ်ပါးကောင်များ ဖယ်ရှားရာ၌လည်း အသုံးပြုနိုင်ပါသေးသည်။ မှိုရောဂါနှင့် ကပ်ပါးကောင်များ ဖယ်ရှားရန်အတွက် လေးညှင်းဆီအား နှစ်ပတ်ခန့်သောက်ရန် လိုပြီး ထိုအချိန်တွင် သမားတော် သို့မဟုတ် အာဟာရဆိုင်ရာ ဆရာဝန်၏ အကြံဥာဏ်ကို ရယူသင့်ပေသည်။
(၃) သွားကိုက်ခြင်း
လေးညှင်းဆီကို အဓိကနာမည်ကြီးစေသည့်အချက်မှာ သွားကိုက်ရာတွင် အသုံးပြုနိုင်ခြင်းဖြစ်သည်ဟု ၁၆၇၀ ခု ထုတ် ပြင်သစ် Practice of Physis တွင် စတင်ဖော်ပြခဲ့သည်။ တရုတ်ပြည်တွင်မူ အိမ်တွင်းကုထုံးအဖြစ် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀၀ခန့်ကပင် အသုံးပြုနေပြီဖြစ်သည်။ မကြာသေးမီကပင် စမ်းသပ်ချက်တစ်အရ လေးညှင်းဆီသည် ကြွေလွှာများပျက်စီးခြင်းကို လျော့နည်းစေရုံသာမက ပြန်လည်တည်ဆောက်ပေးကြောင်း သိရပါသည်။
(၄) ဓာတ်တိုးဆန့်ကျင်သတ္တိ
ဓာတ်တိုးဆန့်ကျင်ပစ္စည်းဆိုသည်မှာ ဆဲလ်များသေဆုံးခြင်းနှင့် ကင်ဆာဖြစ်စေသော ဓာတ်တိုးသတ္တိကို ဖျက်ဆီးပစ်သည့် မော်လီကျူး ဖြစ်သည်။ သုတေသနတခုက ဖော်ပြထားသည်မှာ ဓာတ်တိုးဆန့်ကျင် ပစ္စည်းများသည် အိုမင်းခြင်းကို နှေးစေခြင်း၊ ခန္ဓာကိုယ်အား မကောင်းသော ဘတ်တီးရီးယားများနှင့် ဗိုင်းရပ်စ်များမှ ကာကွယ်ပေးသည်။ လေးညှင်းဆီတွင် ဓာတ်တိုးဆန့်ကျင်သတ္တိနှင့် ယူဂျီနော် များစွာသောကြောင့် ရောဂါကာကွယ်ပေးသော ပရဆေးပင်အဖြစ် အသုံးပြုနိုင်ပါသည်။
(၅) အစာကြေစေခြင်းနှင့် အစာအိမ်အနာများ
လေးညှင်းဆီကို အစာခြေစနစ်၏ ပြဿနာများဖြစ်သော အစာမကြေခြင်း၊ ကားမူးခြင်း၊ လေပွခြင်းတို့အတွက် အသုံးပြုနိုင်သည်။ သုတေသနများတွင် လေးညှင်းဆီသည် အစာခြေစနစ်၌ အနာမဖြစ်ရန် ကာကွယ်ပေးနိုင်ကြောင်း တွေ့ရသည်။ အစာအိမ်၌ အချွဲပိုထွက်စေပြီး အစာအိမ်နံရံအား မတိုက်စားစေရန် ကာကွယ်ပေးသောကြောင့် အစာအိမ်ရောင်ရမ်းခြင်းနှင့် အစာအိမ်အနာဖြစ်ခြင်းကို လျော့ကျစေသည်။
(၆) ပဋိဇီဝဆေးအဖြစ် သုံးနိုင်ခြင်း
University of Buneos Airesမှ ပညာရှင်များသည် လေးညှင်းဆီ၏ ပဋိဇီဝသတ္တိသည် မည်သည့် ဘတ်တီးရီးယားအပေါ်၌ အကောင်းဆုံးဖြစ်သည်ကို သိရှိရန် သုတေသနပြုခဲ့ကြသည်။ ရလဒ်မှာ E.coli၊ ဝက်ခြံဖြစ်စေသည့် Staph aureus နှင့် အဆုတ်ပွရောဂါဖြစ်စေသည့် Pseudomonas aeruginosa တို့အတွက် အစွမ်းထက်ကြောင်း တွေ့ရှိခဲ့သည်။
(၇) ခန္ဓာကိုယ် ခုခံအား
လေးညှင်းဆီတွင် ပဋိဇီဝသတ္တိပါဝင်သောကြောင့် အအေးမိခြင်းနှင့် ရာသီတုပ်ကွေးကို ကုသပေးနိုင်သည့်အပြင် မဖြစ်အောင် တားဆီးနိုင်ပါသည်။ ဖျားနာစေသည့် ဘတ်တီးရီးယားနှင့် ဗိုင်းရပ်စ်များကို တိုက်ခိုက်ပေးသောကြောင့် လေးညှင်းဆီသည် တုပ်ကွေးရာသီတွင် နာမည်ကြီး အိမ်တွင်းသုံးဆေးတစ်လက် ဖြစ်ပေသည်။
(၈) သွေးတိုးကျစေပြီး နှလုံးကျန်းမာရေး
သိပ္ပံနည်းကျလေ့လာထားမှုအရ လေးညှင်းဆီတွင် ပါဝင်သော Acetyl Eeugenol သည် သွေးဥမွှားများ စုစည်းခြင်းကို တားဆီးပေးသောကြောင့် သွေးကြောအတွင်း သွေးခဲပိတ်ခြင်းကို ကာကွယ်ပေးသည်။ သွေးခဲပိတ်ခြင်းကို ကာကွယ်သည့် ဆေးဝါးများအား နှလုံးသွေးကြောကျဉ်းရောဂါတွင် ရုတ်တရက် နှလုံးတိုက်ခိုက်ခံရခြင်း မဖြစ်စေရန် အသုံးပြုပါသည်။ သတိထားရန် တစ်ခုမှာ လေးညှင်းပွင့်တွင်လည်း သဘာဝအတိုင်း သွေးခဲပိတ်ခြင်းကို ကာကွယ်နိုင်သည့် သတ္တိရှိနေရာ အလားတူဆေးဝါးများနှင့်အတူ မသုံးမပြုမိစေရန် အရေးကြီးသည်။
(၉) ရောင်ရမ်းခြင်းအား ကုသပေးခြင်းနှင့် အသည်းအားကာကွယ်ပေးခြင်း
လေးညှင်းတွင် ပါဝင်သည့် ယူဂျီနော ပမာဏ အနည်းငယ်သည်ပင် အသည်းရောဂါများအား ကာကွယ်ပေးနိုင်ကြောင်း တွေ့ရှိခဲ့သည်။ ယူဂျီနောသည် ရောင်ရမ်းခြင်းနှင့် ဆဲလ်ဓာတ်တိုးခြင်းကို တားဆီးစေပါသည်။ သုတေသနက ဆက်လက်သတိပေးထားသည်မှာ ပမာဏများစွာ သောက်မိပါက အစာအိမ်နံရံကို ထိခိုက်စေပြီး များစွာလိမ်းမိပါက အရေပြားကို ထိခိုက်စေသည်။ ထိုကဲ့သို့သော သဘာဝအဆီများသည် အားပြင်းလေရာ အနည်းငယ်အသုံးပြုရုံဖြင့် အစွမ်းရှိသည်ကို သတိပြုသင့်သည်။
ခရက်ဒစ်
Unicode
လေးညှင်းဆီ၏ ကျန်းမာရေးအတွက် အကျိုးပုံ (၉) ချက်