Local News

မိုင်းထဲပိတ်မိနေတဲ့ တရုတ်မိုင်းလုပ်သားတွေ ပိုက်လုံးခေါက်အချက်ပေးလို့ ကယ်နိုင်ခဲ့

မိုင်းထဲပိတ်မိနေတဲ့ တရုတ်မိုင်းလုပ်သားတွေ ပိုက်လုံးခေါက်အချက်ပေးလို့ ကယ်နိုင်ခဲ့

မိုင်းတွင်းထဲ ပိတ်မိနေခဲ့တဲ့ ဝန်ကန် ပြန်နာလန်ထူလာပြီဖြစ်

မြေအောက်ထဲမှာ သီတင်းပတ် ၂ ပတ်ကြာပိတ်မိနေခဲ့တဲ့ တရုတ်မိုင်းလုပ်သား ၂ ယောက်က သူတို့တွေ ပိုက်လုံးကိုခေါက်ခဲ့တာကြောင့် ကယ်ဆယ်မယ့်သူတွေနဲ့ ဆက်သွယ်နိုင်ခဲ့ပုံကို ပြန်ပြောပြပါတယ်။

မိုင်းထဲကနေ လွတ်မြောက်လာတဲ့အချိန်မှာ ဘယ်လောက် ပျော်ရွှင်ခဲ့ရတယ် ဆိုတာကိုလည်း သူတို့က ပြောပြသလို သူတို့ထဲက တစ်ယောက်က သူ အသက်ပြန်ရှင်လာသလို ခံစားရတယ်လို့ ဆိုပါတယ်။

ရှန်ဒေါင်ပြည်နယ်က ရွှေတူးမိုင်းတွင်းတစ်ခုမှာ ဇန်နဝါရီလ ၁၀ ရက်နေ့က ပေါက်ကွဲမှု တစ်ခုဖြစ်ခဲ့ပြီးတဲ့နောက် ကယ်ဆယ်ရေးအဖွဲ့ဟာ သူတို့ ၂ ယောက် အပါအဝင် မိုင်းလုပ်သား ၁၁ ယောက်ကို ကယ်တင်နိုင်ခဲ့ကြပါတယ်။

ပျောက်ဆုံးနေတဲ့ မိုင်းလုပ်သား တစ်ယောက်ကို ကယ်ဆယ်ရေးအဖွဲ့က ဆက်လက် ရှာဖွေနေဆဲပါ။

ဒီမိုင်းတွင်းပေါက်ကွဲမှုကို ရှာဖွေကယ်ဆယ်ရာက တခြား မိုင်းလုပ်သား ၉ ယောက်ရဲ့ အလောင်းတွေကို တွေ့ခဲ့ကြရပြီး နောက်ထပ် တစ်ယောက်ဟာလည်း မိုင်းထဲမှာ ပိတ်မိနေတုန်း သတိမေ့မြောသွားကာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက သေဆုံးသွားခဲ့ပါတယ်။

ဆေးရုံပေါ်က မိုင်းလုပ်သား ဒုအန်က “သူတို့နားကို ကယ်ဆယ်ရေး ပြွန်ချပေးဖို့ တွင်းတူးတဲ့ အသံကြားရတဲ့ အခါ သိပ်ကို စိတ်လှုပ်ရှားခဲ့ရတယ်”၊ “ဘယ်လောက်ပျော်သလဲဆိုတာ ပြောပြဖို့ စကားလုံးတောင်ရှာမရပါဘူး၊ အသက်ပြန်ရှင်သလို ခံစားရတယ်” လို့ ပြောပါတယ်။

နောက်တစ်ယောက်ဖြစ်တဲ့ ဝန်ကန်လည်း ဆေးရုံမှာ ပြန်နာလန်ထူလာနေပြီး “မီတာ ၆၀၀ အောက်မှာ ပိတ်မိနေတာဆိုတော့ တကယ့်ကို ထိတ်လန့်စရာ ကိစ္စပါ”၊ လွတ်မြောက်လာတာ “ကျွန်တော်တို့ သိပ်ပျော်ပါတယ်” လို့ ဆိုပါတယ်။

ကယ်ဆယ်သူတွေကို သူတို့ဘယ်လို ဆက်သွယ်နိုင်ခဲ့ကြလဲ
ဘာကြောင့်မှန်း အခုထိ မသိရသေးတဲ့ ပေါက်ကွဲမှု ဖြစ်တဲ့အချိန်က မိုင်းလုပ်သား ၂၂ ယောက်ဟာ မြေအောက် မီတာ ၆၀၀ (ပေ ၂၀၀၀) အနက်က ရွှေတွင်းတူးမိုင်း နေရာအသီးသီးမှာ အလုပ်လုပ်နေကြတာပါ။ ပေါက်ကွဲမှုကြောင့် မိုင်းထဲကို ဝင်တဲ့ လမ်းကြောင်း ပျက်စီးသွားသလို၊ အဆက်အသွယ်တွေလည်း ပြတ်သွားပါတယ်။

မစ္စတာ ဝန်က ပေါက်ကွဲမှုဖြစ်တဲ့အချိန်မှာ သူဘာကိုမှ ထင်ထင်ရှားရှား မမြင်ရတော့ဘူးလို့ ပြန်ပြောပြပါတယ်၊ “ပေါက်ကွဲတော့ ကျွန်တော်တို့ အဝေးကြီး လွင့်သွားကြတယ်။ ကျွန်တော်တို့ အကာအကွယ်ဆောင်း ဟဲလ်မက် ဦးထုပ်တွေ အက်သွားတယ်၊ ပေါက်ကွဲတာလည်း ပြီးရော ကျွန်တော်တို့ တခြားသူတွေကို လိုက်ရှာကြပါတယ်။”

မိုင်းတွင်းပေါက်ကွဲပြီး ပိတ်မိနေတဲ့ လုပ်သားတွေကို ကယ်ဆယ်ရေး လုပ်ငန်းအဆင့်ဆင့်
ဓာတ်ပုံ ပုံစာ,
မိုင်းတွင်းပေါက်ကွဲပြီး ပိတ်မိနေတဲ့ လုပ်သားတွေကို ကယ်ဆယ်ရေး လုပ်ငန်းအဆင့်ဆင့်

မစ္စတာ ဝန်နဲ့ မစ္စတာ ဒုတို့ မိုင်းလုပ်သား ၁၁ ယောက်ဟာ ကယ်ဆယ်ရေးအဖွဲ့ကို အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ရပါတယ်။ နောက်မှ သူတို့ပြန်သိတာက အဲဒီ ပေါက်ကွဲမှု ဖြစ်ပြီး နောက်ထပ် နာရီ ၃၀ ကြာပြီးမှ ကုမ္ပဏီအရာရှိတွေက သက်ဆိုင်ရာကို သတင်းပို့တယ်ဆိုတဲ့ အချက်ပါ။

တွင်းထဲမှာ သူတို့ အစားအစာ ဘာမှမရှိပါဘူး၊ ရေပဲ ရှိပါတယ်။

“ရေတွေကတော့ အောက်မှာ အများကြီးရတယ်၊ ဒါပေမဲ့ သောက်ဖို့ကတော့ သိပ်သင့်တော်တာ မဟုတ်ပါဘူး၊ ကျွန်တော်တို့ အသက်ရှင်ဖို့အတွက်ပဲ နည်းနည်း နည်းနည်း သောက်ခဲ့တယ်” လို့ မစ္စတာ ဒုက ပြောပါတယ်။

ကျွန်တော်တို့ တစ်ယောက်နဲ့ တစ်ယောက်အားပေးရင်း စိတ်ဓာတ်မကျအောင် ကြိုးစားခဲ့ကြတယ်လို့လည်း သူက ပြောပါတယ်။

နေ့စဉ် အလှည့်ကျ သူတို့ထဲက တစ်ယောက်က မြေပြင်အထိရောက်တဲ့ မိုင်းတွင်းတူးပိုက်လုံးကို ခေါက်ကြတယ်လို့ သတင်းထောက်တွေကို အဲဒီ မိုင်းလုပ်သားတွေက ပြောပါတယ်။

ပိတ်မိပြီး တစ်ပတ်အကြာ ဇန်နဝါရီ ၁၇ ရက်နေ့မှာ မစ္စတာ ဝန် ပိုက်လုံးကို ၅ ချက် ခေါက်လိုက်ချိန်မှာ (ဒါဟာ သူတို့ မိုင်းတွင်းရဲ့ ၅ ဆင့်မြောက် အပိုင်းမှာ ရောက်နေတယ်ဆိုတာကို အချက်ပြပြောတာလည်း ဖြစ်ပါတယ်) ဒီအသံကို ကယ်ဆယ်သူတွေကြားသွားပါပြီ၊ ကယ်ဆယ်မယ့်အဖွဲ့က သူတို့ ကြားကြောင်း အဲဒီ ပိုက်ကိုပဲ ခေါက်ပြီး ပြန်အချက်ပေးပါတယ်။

“သူတို့က အချက် ၂၀ ကျော်ခေါက်တယ်၊ ဘာအဓိပ္ပါယ်လည်းဆိုတာ နားမလည်ဘူး” လို့ မစ္စတာဝန်ကပြောပါတယ်။

တွင်းအထဲထိ ရောက်ဖို့ တူးရတာက အင်မတန်ခက်ခဲပါတယ်

တွင်းအထဲထိ ရောက်ဖို့ တူးရတာက အင်မတန်ခက်ခဲပါတယ်

အဲဒါနဲ့ တခြားပိတ်မိနေတဲ့ မိုင်းလုပ်သားတွေနဲ့ တိုင်ပင်ပြီး၊ အဲဒါဘာကို ဆိုလိုတာလဲ ဆိုတာကို စဉ်းစားကြည့်ကြတယ်။ ဒါပိတ်မိနေတဲ့ မိုင်းလုပ်သား အရေအတွက်ကို မေးတာလို့ ကျွန်တော်တို့ ထင်ကြလို့ ပိုက်ရှိရာကို ကျွန်တော်ပြန်သွားပြီး ၂၂ ချက် ခေါက်လိုက်တယ်။

မိုင်းလုပ်သားတွေကို ဘယ်လို ရှင်သန်နိုင်ခဲ့လဲ
နောက်ပိုင်းမှာ ကယ်ဆယ်သူတွေက လုံးပတ်သေးတဲ့ ပြွန်ချောင်းရှည်ကို သူတို့ရှိတဲ့နေရာဆီကို ပေါက်အောင်လုပ်ပေးပြီး အဲဒီပြွန်ချောင်းကနေ အစားအစာ၊ ဆေးဝါး၊ စာရွက်နဲ့ ခဲတံတွေကို ချပေးခဲ့ကြပါတယ်။

တဖြည်းဖြည်းနဲ့ ဖုန်းလိုင်းတစ်ခုလည်း ချိတ်နိုင်ခဲ့ပါတယ်။

မိုင်းလုပ်သား ၁၁ ယောက်နဲ့ သူတို့ပိတ်မိတဲ့နေရာထက် အောက်မှာ ပိတ်မိနေတဲ့ ၁၂ ယောက်မြောက် မိုင်းလုပ်သားတို့ဟာ ကြိုးနဲ့ ချပြီး စာပို့ ဆက်သွယ်နိုင်ခဲ့ကြပါတယ်။

၁၂ ယောက်မြောက် မိုင်းလုပ်သားနဲ့ နောက်ပိုင်းမှာ အဆက်အသွယ်ပြတ်ခဲ့ကြတယ်၊ ၁၁ ယောက် ထဲက တစ်ယောက်ဟာလည်း ပေါက်ကွဲမှုဖြစ်တုန်းက ရထားတဲ့ ခေါင်းဒဏ်ရာနဲ့ မေ့မြောသွားခဲ့ပြီး နောက်တော့ သေဆုံးသွားပါတယ်။

မိုင်းလုပ်သားတွေဟာ ဆန်ပြုတ်နဲ့ အာဟာရဖျော်ရည်တွေ သောက်နိုင်ခဲ့သလို၊ မကယ်တင်နိုင်ခင် ရက်ပိုင်းတုန်းက သူတို့ ဝက်အူချောင်း စားချင်တဲ့အကြောင်းလည်း လှမ်းပြောခဲ့ကြပါတယ်။

မိုင်းလုပ်သားတွေကို ဘယ်လို ပြန်ကယ်တင်ခဲ့လဲ
ကယ်တင်ဖို့ ကြိုးစားတာက သီတင်းပတ်တွေချီပြီး ကြာမယ်လို့ မှန်းထားခဲ့ကြပေမယ့် တနင်္ဂနွေနေ့ (ဇန်နဝါရီ ၂၄ ရက်နေ့)မှာတော့ ပြွန်ခေါင်းနဲ့ ကျင်းတူးနေရာမှာ “ပိတ်မိနေတဲ့ အကြီးအမားတစ်ခုကအောက်ကို ပြုတ်ကျသွားပြီး”၊ “ရှေ့ကို အကြီးအကျယ် ဆက်တိုးနိုင်ခဲ့တယ်” လို့ ကယ်ဆယ်ရေး အဖွဲ့ကို ဦးဆောင်တဲ့ ဒု ဘင်ကျန်းက နိုင်ငံပိုင် သတင်းဌာန ဂလိုဘယ် တိုင်းမ်းကို ပြောပါတယ်။

ကယ်ဆယ်သူတွေဟာ မိုင်းလုပ်သား ၁၁ ယောက်အုပ်ထဲက အသက်ရှင်ကျန်ရှိတဲ့ ၁၀ ယောက်ကို ကယ်ထုတ်နိုင်ခဲ့သလို သူတို့ဆီကို မရောက်ခင် နောက်ထပ် တစ်နေရာက မိုင်းလုပ်သား တစ်ယောက်ကိုလည်း ကယ်တင်နိုင်ခဲ့ပါတယ်။

ခရက်ဒစ်