Health

အအေးမိ၊ နှာရည်ယိုသူများလက်စွဲ  “ ကြ က် သွ န် ဖြူ မီး ဖု တ်”

အေးမြတဲ့ရာသီဥတုတွေမှာ အအေးမိ၊ နှာစေး ၊ ခေါင်းကိုက်၊ နှာရည်ယို ခြင်းတွေ အခန့်မသင့်ရင် ဖြစ်တတ်ပါတယ်…

ဒီလိုအခါမျိုးတွေမှာ Anti-biotic ဆေးတွေ အန္တရယ်ဖြစ်မှာ စိုးရိမ်ပြီး မသောက်ချင်ဘူးလား?

မီးဖိုချောင်းမှာ အဆင်သင့်ရှိတဲ့ ကြက်သွန်ဖြူကို မီးဖုတ်စားလိုက်မယ်ဆိုရင် အအေးပတ်တာ ၊ နှာစေးဖြစ်တာလောက်ကို Anti-biotic ဆေးတွေ သောက်စရာမလိုပဲ ပျောက်ကင်းပါတယ်ရှင်..

ကြက်သွန်ဖြူ မီးဖုတ်နံလေး မွှေးမွှေးက စားလို့ကောင်းတဲ့အပြင် ရောဂါအမျိုးမျိုးပျောက်ကင်းတယ်လို့
လူတိုင်းလက်ခံတယ် မဟုတ်လား?

ကြက်သွန်ဖြူ တိုင်းရင်းဆေးနည်းကို ဗဟုသုတ အဖြင့် ဖော်ပြပေးလိုက်ပါတယ်…

ဆေးဖက်ဝင်ကြက်သွန်ဖြူကို နေ့စဉ်စားခြင်းအကျိုး

တစ်ခါက အင်္ဂလန်နိုင်ငံသို့ ဘွဲ့လွန်ပါရဂူဘွဲ့ယူရန်သွားသော ဆရာဝန်ငယ်တစ်ဦးသည် အင်္ဂလန်ရောက်သောအခါ ဆောင်း ဥတု မကြုံစဖူးအေးသော ရာသီဥတုနှင့် ကြုံတွေ့ပြီး အအေးမိ၊ နှာစေး၊ ခေါင်းကိုက်၊ နှာရည်ယိုသော ဝေဒနာများ ခံစားရလေ သည်။

မြန်မာပြည်မှထွက်လာခဲ့စဉ်က ဆေးလည်း ပါမလာခဲ့ သဖြင့် မိမိထက်အရင် ဆယ်နှစ်ကျော်က အင်္ဂလန်ရောက်နှင့်ပြီး ပါမောက္ခတာဝန် ထမ်းဆောင်နေသော ဆရာဝန်ကြီးမိသားစု နေအိမ်သို့သွားရောက်ပြီး…
”ဆရာကြီး ကျွန်တော့မှာ အအေးပတ်နှာစေးဖြစ်နေလို့ ပိုးသတ်ဆေး(Anti-biotic)တစ်မျိုးလောက်ပေးပါ”လို့ တောင်း သတဲ့။ ဆရာဝန်ကြီးက ”အအေးပတ်တာလောက်နဲ့တော့ Anti-biotic တွေ မသောက်ပါနဲ့”လို့ ပြန်ပြောပြီး သူ့ဇနီးကို ”မိန်းမရေ . . . ငါတို့စားနေကျဆေးလေး လုပ်ပါကွာ”လို့ ပြော တယ်။ ခဏကြာတော့ ဆရာကြီးကတော် မီးဖိုချောင်ထဲက ထွက်လာပြီး ပန်းကန်ငယ်တစ်ခုနဲ့ထည့်လာတဲ့ ကြက်သွန်ဖြူ မီးဖုတ် မွှေးမွှေးလေး ချပေးတယ်။ ဆရာကြီးက ”မင်း ကြက်သွန်ဖြူ မီးဖုတ်စားလိုက်၊ နှာစေး ပျောက်သွားလိမ့်မယ်”လို့ ပြောပါသတဲ့။

ဤသည်မှာ လွန်ခဲ့သော ၁ဝ နှစ်ခန့်က အင်္ဂလန်မှပြန်လာ သောဆရာဝန်တစ်ဦး ရေးသားသောဆောင်းပါးမှ ကောက်နုတ် ဖော်ပြခြင်းဖြစ်ပါသည်။ တစ်ခါတစ်ရံ အိမ်သုံးဆေးမြီးတိုနှင့် မီးဖိုချောင်မှဆေးမြီးတိုမျှဖြင့် ပျောက်နိုင်သောအရာများကို လျစ်လျူရှုပြီး ဘေးထွက်ဆိုးကျိုးရှိသော ဆေးပြင်းများကို မသောက်သင့်ကြောင်း ဆရာဝန်တစ်ဦးကိုယ်တိုင် ရေးသား ထားခြင်းဖြစ်ပါသည်။

ရှေးကမြန်မာလူကြီးများသည် ကြက်သွန်ဖြူကို ဆီသတ် ဟင်းချက်ရာတွင် မွှေးကြိုင်အောင် သုံးသည့်အပြင် ဆေး ဖက်ဝင်သီးနှံအဖြစ်ပါ သုံးစွဲလေ့ရှိကြောင်း တွေ့ရသည်။ ကြက်သွန်ဖြူ ဥမြွှာနှင့် ဥတစ်လုံးဟူ၍ရှိရာ နှစ်မျိုးစလုံးပင် ဆေးဖက်ဝင်သည်။ ကြက်သွန်ဖြူဥမြွှာများကို အစိမ်းအတိုင်း လက်ဖက်သုပ်၊ လက်ဖက်နှပ်များတွင် ထည့်စားလေ့ရှိသည်။ လက်ဖက်မှာ လေချုပ်သဖြင့် လေသက်သောကြက်သွန်ဖြူနှင့် တွဲစားခြင်းဖြစ်သည်။

သွေးတိုး၊ နှလုံးသွေးကြောကျဉ်းနှင့် လေဖြတ်ရောဂါကို ကာကွယ်ရန်အတွက် ကြက်သွန်ဖြူဥကြီး၊ ဥတစ်လုံးများကို ပျားရည်နှင့်စိမ်ထားပြီး စားသူများရှိသည်။ ကြက်သွန်ဖြူကို တွယ်ချိတ်ကလေးဖြင့် အပေါက်များဖောက်ပြီး ပျားရည်တွင် စိမ်ထားကာ နေပြပြီး တစ်လခန့်ကြာမှ စားသုံးရသည်။ နေ ရောင်ဝင်စေရန် ဖန်ပုလင်းအဖြူရောင်နှင့်စိမ်လျှင် ပိုကောင်း သည်။ နေရောင်ခြည်မှ အပူဓာတ်သည် ကြက်သွန်ဖြူနှင့် ပျားရည်ကို ပေါင်းစပ်သော အာနိသင်ရစေနိုင်သည်။

ဝမ်းကိုက်၊ သွေးပါရောဂါဖြစ်သူများသည် ထန်းလျက်ကို အမှုန့်ထောင်းပြီး ကြက်သွန်ဖြူနှင့်ကြော်စားလျှင် လေလည်၍ သက်သာပျောက်ကင်းစေနိုင်သည်။ အချို့က ကြက်သွန်ဖြူကို အခွံခွာ၊ နေလှန်းပြီး နွမ်းသွားသောအခါမှ ထန်းလျက်နှင့် ရော၍ ကြော်စားသည်။ ချိုသောအရသာရှိသဖြင့် ဝမ်းကိုက် သော ကလေးငယ်များပင် စားသုံးနိုင်သည်။

သက်ကြီးရွယ်အိုများ၊ သွားမကောင်းသဖြင့် အစာမကြေသူ များသည် ကြက်သွန်ဖြူ ဥမြွှာလေးများကို အခွံသင်ပြီး ပန်းကန်ငယ်ဖြင့်ထည့်ထားကာ ထမင်းစားတိုင်း အတို့အမြှုပ် လုပ်စားသင့်သည်။ ကြေညက်အောင်မဝါးနိုင်သော အစာများ ကို အစာအိမ်တွင်ကြေညက်စေရန် ကြက်သွန်ဖြူက အထောက် အကူပေးသည်။

ကြက်သွန်ဖြူကိုနေလှမ်းပြီး ကြက်သွန်ဖြူကြော် ပြုလုပ် ထားကာ မုန့်ဟင်းခါး၊ အသုပ်စုံများတွင် ထည့်စားသုံးခြင်းဖြင့် ဝမ်းတွင်းအစာရောက်ပြီးနောက် အပုပ်ဆန်ခြင်း၊ အထက်သို့ အစာပြန်အံခြင်း၊ လေလှန်ခြင်းများကို ကာကွယ်နိုင်သည်။ အထူးသဖြင့် မုန့်ဟင်းခါးမုန့်ဖတ်မှ အချဉ်ပေါက်ခြင်းကို ကြက်သွန်ဖြူကြော်က ကာကွယ်ပေးသည်။

လေသက်စေလိုလျှင် ကြက်သွန်ဖြူမီးဖုတ်စားခြင်းသည် အကောင်းဆုံးဖြစ်သည်။ လူကြီးများသာမက ကလေးငယ် များကိုပါ တစ်ပတ်လျှင်တစ်ကြိမ်ခန့် ကျွေးသင့်သည်။ ရာသီ ဥတုအေးသော ဆောင်းရာသီတွင် အအေးမိ၊ နှာစေး၊ ခေါင်း ကိုက်ခြင်း၊ နှာရည်ယိုခြင်းများကို ကြက်သွန်ဖြူမီးဖုတ် စား ခြင်းဖြင့် ကာကွယ်နိုင်ကြောင်း တင်ပြလိုက်ရပေသည်။
ကြက်သွန်ဖြူမီးဖုတ်စားခြင်းဖြင့် အအေးပတ်ခြင်း၊ အသံ ဝင်ခြင်း၊ လည်ချောင်းနာခြင်းများကိုလည်း သက်သာစေနိုင် သည်။

ဆောင်းဥတုတွင် အအေးပတ်သဖြင့် ကိုယ်တွင်းမှ အပူငွေ့ များသည် လည်ချောင်းမှအပေါ်သို့ တက်လာသည်။ ထိုအခါ ချောင်းဆိုးလာသည်။ ကြာသောအခါ အသံပါ ဝင်လာတတ် သည်။ လည်ချောင်းနာ ကြာလာလျှင် စစ်ဆေးကြည့်သင့်သည်။ အာသီးရောင်ရောဂါ ဖြစ်နိုင်သည့်အတွက် ပေါ့ပေါ့ဆဆ မနေသင့်ပေ။

အအေးပတ်၍ ချောင်းဆိုးရာမှ လည်ချောင်းနာ၊ အသံဝင် ဖြစ်လျှင် အာသီးရောင်သောအဆင့်မရောက်မီ ကာကွယ်နိုင် သော မီးဖိုချောင်သုံးဆေးတစ်လက်မှာ ကြက်သွန်ဖြူဖြစ်သည်။

ကျန်းမာရေးအတွက် ကြက်သွန်ဖြူကို ပုံမှန်စားသုံးရန် အညွှန်းမှာ-

အဆီကျချင်လျှင် အစိမ်းစားပါ။
လေသက်၊ ဗိုက်ချပ်ချင်လျှင် မီးဖုတ်စားပါ။
နှုတ်မြိန်ချင်လျှင် ကြော်စားပါ။
အသက်ရှည်ချင်လျှင် ပျားရည်နှင့်စိမ်စားပါ။
ကြက်သွန်ဖြူ ပျားရည်စိမ်နည်း
ပျားရည်နှင့်စိမ်နည်း နောက်တစ်နည်းမှာ ကြက်သွန်ဖြူ ဥတစ်လုံးကို အခွံခွာပြီး ရေငွေ့စင်အောင် တစ်နေ့ နေလှန်း လိုက်ပါ။ အနည်းငယ်ခြောက်သွေ့သွားသောအခါ အချို့က အပ်နှင့် အပေါက်ဖောက်သည်။ နေလှန်းထားလျှင် ရေငွေ့စင် သဖြင့် အပေါက်မဖောက်လျှင်လည်း ရပါသည်။ ကြက်သွန်ဖြူ ကို ဇွန်းဖြင့်ဆယ်လျှင် ဝင်နိုင်သည့် ပုလင်းအဝကျယ်ထဲမှာထည့်၊ ပျားရည် သင့်သလောက် မြုပ်အောင်ထည့်၊ လုံအောင်ပိတ်ပြီး သုံးရက်ခန့်နေပြပြီးလျှင် စားလို့ရပါပြီ။

ပျားရည်စိမ်ထားသော ကြက်သွန်ဖြူဥတစ်လုံးကို နေ့လယ် ထမင်းစားပြီး တစ်ဥ၊ ညထမင်းစားပြီးတစ်ဥ စားပါ။ ၄၅ ရက်စာ ဥ ၉ဝ စိမ်ပါ။ ပုလင်းသေးလျှင် နှစ်ပုလင်း၊ သုံးပုလင်း ခွဲစိမ်ပါ။ နှစ်နှင့်ချီပြီး စားလို့ရပါသည်။ ဘေးထွက်ဆိုးကျိုး အ္တရာယ် မရှိပါ။ ဤနည်းဖြင့် အဆုတ်တွင် ကင်ဆာကဲ့သို့ အလုံးရှိသူ တစ်ဦး ပျောက်ကင်းဖူးပါသည်။ အဆုတ်ရေဝင်ခြင်းကိုလည်း နိုင်ပါသည်။ လည်ချောင်းနာပြီး အသံအိုးရောင်ကာ အသံ အက်နေသူမှာ ခုနစ်ရက်ခန့်စားလျှင် သက်သာနိုင်ပါသည်။

ကြက်သွန်ဖြူမီးဖုတ် စားသူများသည် ရေခဲရေ၊ ရေခဲသေတ္တာ မှထွက်သောရေအေး၊ အချိုရည်ဘူးများ လုံးဝမသောက်ဘဲ ရှောင်ကြဉ်ရပါမည်။ ဖြစ်နိုင်လျှင် အပူများ အောက်သို့ သက်စေ ရန် ညအိပ်ယာဝင်ချိန်မှာ ဒူးအောက်ပိုင်း ခြေနှစ်ဖက်ကို ရေဆေးအိပ်ပါ။ ။

credit !ကြေးမုံသတင်းစာ

ပြန်လည်မျှဝေပါသည် ။ ။
အိမ်တွင်းဆေးမြီးတိုများစုစည်းမှု့