မန္တလေး မဟာမုနိဘုရားကြီးအား အများပြည်သူ ဖူးမြော်နိုင်ရန် ဖွင့်လှစ်ခဲ့ပြီး နာရီပိုင်းအတွင်း ပြန်ပိတ်ခဲ့
COVID-19 ရောဂါကူးစက်မှု ကာကွယ်ရန် အများပြည်သူ ဘုရားဖူးမြော်ခွင့်အား ယာယီပိတ်ထားသော မန္တလေး မဟာမုနိဘုရားကြီးကို ဖေဖော်ဝါရီ ၈ ရက်တွင် ထုတ်ပြန်ကြေညာထားသည့်အတိုင်း ဖွင့်လှစ်ခဲ့ပြီး နာရီပိုင်းအတွင်း ပြန်လည်ပိတ်ခဲ့ကြောင်း ဘုရားအနီးဝန်းကျင်တွင် နေထိုင်သူများထံမှ သိရသည်။
“မနက် ၆ နာရီကတော့ သတင်းစာတွေမှာ ကြေညာထားတဲ့အတိုင်း ပြန်ဖွင့်ခဲ့တယ်။ အဲဒီကနေ ၉ ခွဲ ၁၀ နာရီ ဝန်းကျင်လောက်မှာ အဝင်အထွက်တံခါးတွေကို ပြန်ပိတ်သွားတာပါ။ လုံခြုံရေးအခြေအနေအရ ပြန်ပိတ်တယ်လို့ပဲ သိရတယ်”ဟု ဘုရားကြီး မြောက်ဘက်မုခ်အနီးဆိုင်ခန်းများတွင် စျေးရောင်းချသည့် စျေးသည်တစ်ဦးက ပြောကြားသည်။
ဘုရားစောင်းတန်းများနှင့် ဘုရားအတွင်း ဝင်ထွက်ပေါက်များကို ဖေဖော်ဝါရီ ၈ ရက် မွန်းလွဲပိုင်းတွင် ပိတ်ထားသည်ကို မြင်တွေ့ခဲ့ရပြီး ဘုရားကြီးအရှေ့ ၄၅ တာ အရှေ့မြောက်ထောင့် ၈၁ လမ်းပေါ်တွင် လမ်းပိတ်ကာ ရဲတပ်ဖွဲ့ဝင်အချို့ လုံခြုံရေးယူထားမှု ရှိသော်လည်း အခြားပိတ်ထားခြင်း မရှိသော ဘုရားကြီး အရှေ့မုခ်လမ်းပေါ်နှင့် အနီးဝန်းကျင်ရှိ လမ်းများပေါ်တွင် တပ်မတော်က အာဏာရယူမှုကို ကန့်ကွက် ဆန္ဒထုတ်ဖော်သည့် ယာဉ်တန်းများ၊ လမ်းလျှောက်ဆန္ဒပြအဖွဲ့များ ဖြတ်သန်းသွားလာကာ ဆန္ဒထုတ်ဖော်လျက် ရှိသည်။
ရွှေတိဂုံစေတီတော် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုရားပုထိုးစေတီများကို ဖေဖော်ဝါရီ ၈ ရက်တွင် ပြန်လည်ဖွင့်လှစ်၍ စတင်ဖူးမြော်ခွင့်ပြုမည် ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။
Crd